Tuesday, July 2, 2013

KIO မူးယစ်ဆေးဝါး ပပျောက် တိုက်ဖျက်ရေးကော်မတီ ဒုတာဝန်ခံဗိုလမှူးချုပ်ဇောင်းဗုခ်ထန်း နှင့် Kachinwaves media တွေ့ဆုံမေးမြန်းချက်

(Kachin waves)

ကေအိုင်အို ဆွေးနွေး ပွဲကော်မတီနှင့် ကချင်လူငယ်များတွေ့ ဆုံဆွေးနွေးပွဲ မေ ၂၄၊ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီးနောက် ကေအိုင်အို မူးယစ်ဆေးဝါပပြောက် တိုက်ဖျက်ရေးကော်မတီ ဒုတာဝန်ခံဗိုလမှူးချုပ်ဇောင်းဗုခ်ထန်း နှင့် Kachinwaves media တွေ့ဆုံမေးမြန်ခဲ့သည်ကို ဖော်ပြအပ်ပါသည်။

Kachinwaves။။။ ပထမဦးဆုံး မူးယစ်ဆေးဝါးကျင်းပတယ်လို့ သိရတယ်။ဘာကြောင့် ဒီလိုရည်ရွယ်ပြီး ကျင်းပရတာလဲ။


ဗိုလ်မှုးချုပ် ။။။ ကျွန်တော်တို့ ကချင်လူမျိုးတွေ မူးယစ်ဆေးဝါးကို မသုံးစွဲဘဲ တိုက်ဖျက်ကြရအောင်လို့ အစည်းအဝေးမှာ လည်းပြောပြီးပြီ။ ၁၉၆၄ ခုနစ် နှစ်ကုန်ပိုင်းကနေ စတင်ပြီး ကျွန်တော်တို့ ကေအိုင်အို တွေအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေ လုပ်နေတာ ယနေ့ အချိန်အထိပါဘဲ။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။
အကြိမ် ကြိမ် ကျွန်တော်တို့ ပြုလုပ်လာခဲ့တယ်။၁၉၆၁ ခုနစ် ကျွန်တော်တို့ ကေအိုင်အေ ခေါင်းဆောင် ဘရန်ဆိုင်း လက်ထက် ကစပြီး ကျွန်တော်တို့ အစည်းအဝေးလုပ်တယ်။ ဘိန်းစိုက်ပျိုးတာတွေ၊သုံးစွဲတာတွေ၊ရောင်းဝယ်တာတွေ ရပ်တန့်ဖို့ ပြုလုပ်ခဲ့တယ်။ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။အေအိုင်အို အနေနဲ့ ဘိန်းဖျက်ဆေးရုံတွေ လုပ်တယ်။

ဘိန်းသမားတွေ လာပြီး ဘိန်းလာဖျက်တယ်။ဖျက်လိုက် ပြန်သုံးစွဲ လိုက်နဲ့ မအောင်မြင်ခဲ့ဘူး။
မူးယစ်ဆေးဝါး လုံးဝ ပပျောက်သွားအောင် မလုပ်ဆောင်နိုင်ရတဲ့ အကြောင်းရင်းက သူတို့တွေကို ဒီဟာ လုပ်စားပါ၊ဟိုဟာ လုပ်စားပြီး အသက်မွေးပါလို့ အစားထိုးလုပ်ငန်းတွေ မပြုလုပ်ပေးနိုင်ခဲ့လို့ လည်းဖြစ်တယ်။

မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် လုံးဝပပျောက်ရေး ဆိုပြီး ကျွန်တော်တို့ ကော်မတီတွေ ဖွဲ့စည်းခဲ့တာ တစ်သုတ် ပြီး တစ်သုတ် ဖွဲ့ခဲ့ကြတယ်။
၂၀၁၁ ခုနစ်အောက်တိုဘာလ (၁)ရက်နေ့ ကနေစပြီး သီးသန့် ကေအိုင်အို ဗဟိုကော်မတီကနေ အမိန့်ထုတ်ပြန်ပြီး ကျွန်တော်တို့ မူးယစ်ဆေးဝါး လုံးဝပပျောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့တယ်။
ကော်မတီကနေပြီးတော့ ကေအိုင်အိုမှာ အမှုထမ်းနေတဲ့သူတွေထဲမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့သူတွေ အားလုံးနဲ့ သုံးစွဲနေတဲ့ပြည်သူတွေ ဘိန်းချက်တဲ့သူတွေ ရောင်းဝယ်တဲ့သူတွေ အားလုံးကို ဖမ်းဆီး ထိန်းသိမ်း ပြီး လိုအပ်တာတွေ ကျွန်တော်တို့ လုပ်ဆောင်လာခဲ့တယ်။

ကျွန်တော်တို့ ကော်မတီအနေနဲ့ အခုလိုပြုလုပ်နေ တဲ့အချိန်မှာ မြို့မှာနေထိုင်ပြီး မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်း အသီးသီး တွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေကို လည်း အခုလိုဖိတ်ကြားပြီး ရှေ့ဆက် ပြီး မူးယစ်ဆေးဝါး ရဲ့ ကျေးကျွန်ဖြစ်နေတဲ့ ကျွန်တော်တို့ လူမျိုးတွေကို ဘယ်လိုကယ်တင်သွား မလဲ ဆိုတာတွေကို တိုင်ပင်ရအောင် ၀ိုင်းဝန်း တိုက်ဖျက်သွားရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကေအိုင်အိုအနေနဲ့ ပထမဦးဆုံးအကြိမ် အဖြစ်အခုလို စည်းဝေးပွဲ ကျင်းပရခြင်းဖြစ်ပါတယ်။
ပိုပြီး အဓိက ကျတာကတော့ ဒီစည်းဝေးပွဲကို လာတဲ့ ဘာသာရေးခေါင်းဆောင်တွေ အဖွဲ့အစည်းတွေ လူငယ်တွေရဲ့  ဦးနှောက်များများနဲ့စဉ်စားပြီး ဘယ်လိုနည်းလမ်း တွေနဲ့ မူးယစ်ဆေးဝါး လုံးဝပပျောက်သွားအောင် ဘယ်လိုလုပ်မလဲ ဆိုတာဘဲ ဖြစ်ပါတယ်။

kachinwaves။။။။ အစည်းအဝေးပွဲ ရလဒ်ကိုရော ကျေနပ်အားရမှုရှိလား၊ဘယ်လို ထင်မြင်ယူဆလဲ။

ဗိုလ်မှုးချုပ် ။။။ အစည်းအဝေးပွဲ မှာအားလုံးသဘောတူ ဆုံးဖြတ်ထားတဲ့ အချက်(၆)ချက်ရရှိထားတယ်။
အဲဒီအချက် တစ်ခုချင်းဆီကို အခုချက်ချင်း လုပ်ဆောင်သွားဖို့ အတွက် ကေအိုင်အိုအနေနဲ့ အခက်အခဲတွေ ရှိနေသေးတယ်။
အချက်တစ်ခုချင်ဆီကို ဗဟို ကော်မတီနဲ့ ကျွန်တော်တို့ အစည်းအဝေးထိုင်မယ်။
ဘယ်သူက ဘယ်အဖွဲ့က ဘယ်လိုနည်းလမ်းတွေနဲ့ ဘယ်နေရာတွေမှာ ဘယ်လိုလုပ်ဆောင်သွားမလဲ ဆိုတာတွေကို အသေးစိတ် အစီအစဉ်ချမှတ် ပြီးတော့ ၂၀၁၄ မှာတော့ အကောင်အထည်ဖော်လုပ်ဆောင်သွားမှာ ဖြစ်တယ်။
အခုလာတဲ့ အဖွဲ့အစည်းတွေကို ကျွန်တော်တို့ အစည်းအဝေးပြန်ခေါ်မယ် အားလုံးနဲ့ပြန်စည်းဝေး ပြီးလုပ်ဆောင် သွားမှာဖြစ်တယ်။

Kachinwaves။။။။:ကေအိုင်အိုမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သတ်ပြီး မူဝါဒရှိတယ်လို့ ကြားတယ်။ အဲဒီမူဝါဒကို ပြောပြလို့ ရမလား ဗိုလ်မှူးကြီး။

ဗိုလ်မှုးချုပ် ။။။ အင်း…မူဝါဒကတော့ အဆင့်ဆင့်ရှိတယ်။အဓိကတော့ မူးယစ်ဆေးဝါး သုံးစွဲ၊ရောင်းဝယ်၊စိုက်ပျိုးတာတွေကို ထိထိရောက်ရောက် လုပ်ဆောင်သွားမယ် ပြီးတော့ လုံးဝပပျောက်တဲ့အထိ တိုက်ဖျက်သွားမယ်ဆိုတာ ပါဘဲ။ အရင်တုန်းက သင်ခန်းစာအရ သုံးကြိမ်းသုံးခါ သူတို့ ကို သောက်တဲ့သူတွေကိုရော ဖျက်ပေးတယ်။
ရောင်းတဲ့ သူတွေ စိုက်တဲ့သူတွေ ကိုရော သုံးကြိမ်သုံးခါ ဖမ်ဆီးအရေးယူတယ်။ သုံးခါလွန်ပြီး ဆိုတာနဲ့တော့ သူရဲ့  ပြစ်ဒဏ်က ပိုပြီး ကျြီးမားသွားပြီး ထိထိရောက်ရောက်ကို အရေးယူသွားမှာပါ။

အခု ဗဟိုသီးသန့် မူးယစ်လုံးဝပပျောက်ရေး ကော်မတီရဲ့ မူဝါဒကတော့

၁။ ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့လည်း မူးယစ်ဆေးဝါး လုံးဝပပျောက်အောင် လုပ်ဆောင်သွားမယ်။ ဘာသာရေးအသီးသီးက ဒါကိုတာဝန်ယူ လုပ်ဆောင်သွားမယ်။

၂။အိမ်ထောင်ရဲ့ ဖခင်တွေ ကလည်း ဒါကို လုပ်ဆောင်သွားမယ်။

၃။အိမ်ထောင်ရဲ့ မိခင်တွေ လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ အမျိုးသမီးအလိုက် ပါဝင်လက်တွဲ လုပ်ဆောင်မယ်။

၎။လူငယ်တွေလည်း လူငယ်အလိုက် လက်တွဲ လုပ်ဆောင်သွားမယ်။

၅။မျိုးနွယ်စု အသီးသီးက ရိုးရာလူကြီးတွေလည်း ဒါကို အားတတ်သရော ၀ိုင်းဝန်း လုပ်ဆောင်သွားမယ်။

ဆိုတဲ့ မူဝါဒတွေဖြစ်ပါတယ်။လူတိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ဖို့ တာဝန်ရှိတယ် ဆိုတာပါဘဲ။

Kachinwaves။။။ မူးယစ်ဆေးဝါးတွေ တိုက်ဖျက်သွားတဲ့နေရာမှာ တရုတ်နဲ့ မြန်မာအစိုးရတွေနဲ့ ပူပေါင်းလုပ်ဆောင် သွားဖို့ ရှိလား ဗိုလ်မှူးချုပ်။

ဗိုလ်မှုးချုပ် ။။။ ကျွန်တော်တို့အခုချိန်က သူ အခုတော့ မြန်မာအစိုးရနှင့်ပူပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်မရှိဘူး။ ကျွန်တော်တို့အခုချိန်က သူတို့နဲ့စစ်ဖြစ်နေတယ်။ ကျွန်တော်တို့ အပစ်အခတ် ရပ်စဲထားတဲ့ (၁၇)နှစ် လုံးလုံး ပူးပေါင်းလုပ်ဆောင်ခဲ့တာဘဲ။ဒါပေမဲ့ အကျိုးမရှိဘူး။ ပန်ဝါ၊ကန်ပိုင်တီဘက်မှာ NDAK၊ KIA ၊ အစိုးရစစ်တပ်တွေနဲ့ သုံးဖွဲ့ ပူးပေါင်းပြီး လုပ်ခဲ့တယ် နင်တို့တွေက သွားစရာမလိုဘူး ဆိုပြီး အစိုးရ စစ်တပ်တွေက ပြန်ပြောလာတယ်။ ဆိုတော့ ကျွန်တော်တို့က လည်းသွားလို့ မဖြစ်တော့ဘူး။

သူတို့တွေဘဲ နားလည်မှုဆိုပြီး ပိုက်ဆံတွေနဲ့ဘဲ လုပ်သွားတာ ဘာထိရောက်မှုလည်း မရှိဘူးလေ။ သူတို့ရောင်းဝယ်နေတဲ့ နေရာကို သွားတယ်။ဟိုက လည်း ပိုက်ဆံထိုးကျွေးလိုက်တယ်။ ပြန်လာတယ်။

ဒါတွေက ကျွန်တော်တို့ လက်တွေ့ မြင်နေရတဲ့ အရာတွေပါ။ ကျွန်တော်တို့ ကဖမ်းလို့လည်းမရ ဆိုတော့ ရောင်းတဲ့သူရော ၀ယ်တဲ့ သူကို ရော ၀ိုင်းရိုက်ပြီး မောင်းထုတ်နေရတယ်။ဒါက ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ခဲ့ရတဲ့ အဖြစ်အပျက်တွေပါ။
တိုင်း၊ပြည်နယ်က ရဲတွေက ဖမ်းဆီးတဲ့ နေရာမှာ သိပ်မပါဘူး။ ၀ိုင်းမော်မှာဘဲ ကြည့် ပြည်သူတွေက မူးယစ်ဆေးဝါးရောင်းတယ်၊ သုံးတယ်။ ဒါတွေကို သူတို့က မင်းတို့ ဘယ်သူအမိန့်နဲ့ ရောင်းလဲ ဆိုပြီး ဖမ်းရော။သူတို့ ဥပဒေ က ချို့ ယွင်းမှုတွေရှိနေတယ်။အခုတော့ပေါင်းလို့မဖြစ်ဘူး။ တရုတ်နဲ့ကတော့ ပူးပေါင်း လုပ်ဆောင်သွားလို့ ရပါတယ်။

Kachinwaves။။။ အစိုးရထိန်းချုပ်နေမြေတွေမှာရော ဘယ်လိုလုပ်ကိုင်သွားဖို့ရှိသလဲ

ဗိုလ်မှုးချုပ် ။။။ ဒါကတော့ တစ်ဦးချင်းဆီရဲ့ ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတဲ့ နည်းလမ်းပေါ်မှာ ဘဲမူတည်ပါတယ်။

Kachinwaves:စီးပွားရေး အချက်အချာကျတဲ့ မြို့ တွေမှာ ပိုပြီး မူးယစ်ဆေးဝါး ပေါများနေတာကို တွေ့ရတယ်။ဒါတွေကို ရော ဘယ်လို ပပျောက်အောင် လုပ်ဆောင်သွားမလဲ။

ဗိုလ်မှုးချုပ် ။။။ နေရာဒေသကိုလိုက်ပြီး နည်းလမ်းရှာ လုပ်ဆောင်သွားရမှာပါ။

kachinwave။။။ ကချင်ပြည်နယ် မှာ ကချင်လူမျိုးတွေ နေထိုင်တဲ့ နေရာတွေမှာ ဘာကြောင့် မူးယစ်ဆေးဝါးတွေ ပေါများနေရတာလဲ။

ဗိုလ်မှုးချုပ် ။။။ ဒါကတော့ လူတိုင်းကိုယ်စီ စဉ်စားရရင် ပိုကောင်:မှာပါ။ ကချင်လူမျိုးတွေရဲ့ သမိုင်တွေကို လည်း လေ့လာခိုင်းစေချင်တယ်။
အရင်တုန်းက ကချင်ပြည်နယ် အနှံ ဘိန်းစိုက်ကြတယ် ပူတာအို၊တနိုင်းဟူး ကောင်၊ စတဲ့နေရာတွေမှာ ဒါပေမဲ့ ဘိန်းစားနည်းတယ်။ အခုသုံးစွဲနေတဲ့ ရာမဆေးတွေ၊NO 4 တွေမရှိဘူး။

အခုက ဒါတွေ အဓိက ဖြစ်နေတယ်။ဒါတွေက တို့အားလုံးအလေးထား စဉ်းစားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေလည်း ဒါကို နှစ်သက်တယ်ထင်ပါတယ်။
သွားကြည့်လိုက်ရင် ကျွန်တော်တို့ လူမျိုးတွေ အများဆုံးဖြစ်နေတယ်။တစ်ခြားလူမျိုးတွေက အနည်းစုပါဘဲ။ ဒါကို အစိုးရလည်းသိတယ်။ ဒါတွေကြောင့် ကျွန်တော်တို့ လူမျိုးတွေကို ဒါနဲ့ တိုက်နေတာလေ။

ကျွန်တော်တို့ စစ်မဖြစ်ခင်တုန်းက လဂျားယန်ဂိတ်မှာ အမျိုးသမီး တစ်ဦးကို ဖမ်းမိတယ်။မူးယစ်ဆေးဝါး ထုတ်ကို သူရဲ့  စအိုမှာ ဖွက်ထားတယ်။ ဒါတွေက မင်းဘယ်သူကို ရောင်းမှာလဲ ဆိုပြီး မေးတဲ့အခါ ကချင်တွေကို ရောင်းမယ်လို့ အဲဒီအမျိုးသမီး ပြောလာတယ်။ ဒီဆေးတွေက ကချင်ဆိုရင် အကြွေးရောင်းပေးတယ်။ တစ်ခြားဆိုရင်တော့ မရဘူး။ ဒါကြောင့် လေးလေးနက် နက် စဉ်းစားရမှာပါ။

Kachinwaves:တစ်ခြား ဘာများပြောစရာရှိပါသလဲ။

ဗိုလ်မှုးချုပ် ။။။ ကျွန်တော် တို့တွေက ဒါကို လုံးဝပပျောက်အောင် ထိထိရောက်ရောက်လုပ်ဆောင်သွား တော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ လူမျိုးတွေလည်း ရောက်နေတဲ့ နေရာဒေသမှာ ဒါကို အားလုံး ပူးပေါင်း လက်တွဲ ပြီး တိုက်ဖျက်သွားဖို့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
မူးယစ်ဆေးဝါးကို မသုံးစွဲမိအောင် မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် ပြီး သတိနဲ့အားလုံးနေထိုင်သွာရအောင်လို့ ပြောချင်ပါတယ်။

Kachinwaves: ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။