Wednesday, July 17, 2013

အစိုးရ၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲအပေါ် တိုင်းရင်းသား သဘောထားများ

(ရွှေဟင်္သာသတင်းဌာန)



အစိုးရငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့ သည် ၄င်းတို့ ၏ နည်းပညာ အထောက် အကူပြု အဖွဲ့ (Technical Team) အဖွဲ့  ကို ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ထံစေ လွှတ်ပြီး၊ သမ္မတ ကြီးမှူးသော တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကျင်းပရန် ရှိကြောင်း တင်ပြသွားပါသည်။ ဤလက်မှတ်ရေးထိုးပွဲအပေါ် သဘောထားကို အရေးကြီးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ရွှေဟင်္သာက မေးမြန်းထားပါသည်။  

 http://phophtawnews.org/burmese/index.php/news/internal-news/item/449-2013-07-02-10-12-38.html


ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ကမူ၊ကျနော်တို့ဘက်က တောင်းဆိုတာကတော့ အစိုးရကနေ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးကို လူသိရှင်ကြားဖြစ်ဖို့ ထုတ်ပြန်ကြေညာပေးရန် ဆိုပြီး ကျနော်တို့က တောင်းဆို ထားတယ်။ ဒါပေမယ့် ဦးအောင်မင်း ပြောပုံအရကတော့  အားလုံးပါဝင်တဲ့ အလုံးစုံ အပစ်အခတ် ရပ်စဲရေးကို အဖွဲ့အ စည်းအားလုံးကနေ လာပြီးတော့ လွှတ်တော်ရှေ့မှောက်မှာ လက်မှတ်ရေးထိုးမယ် ဆိုသတဲ့ ။ကျနော်တို့ကတော့ အဲလို သွားမယ့်နည်းလမ်းကို လက်မခံဘူး။

ဘာကြောင့် လက်မခံတာလဲဆိုတော့ အစိုးရက ကျနော်တို့ကို တရားဝင် ထုတ်ပြန်ကြေညာ ပေးဖို့ တာဝန်ရှိပါတယ်။ ကျနော်တို့က အဲသလိုမျိုး လက်မှတ်သွားပြီး ရေးထိုးပေးပြီးဆိုရင် ကိုယ့်အမှားကို ဝန်ချသလိုဖြစ်မှာပေါ့။ အဲသလို အလုပ်မျိုး ကျနော်တို့လုပ်မှာ မဟုတ်ပါဘူး။

အဲဒါကြောင့် အလုံးစုံသော အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆိုတဲ့ အစီအစဉ်ကို ကျနော်တို့ မသိရသေးပါဘူး။ အခုသူတို့အပြောအရ ကျနော်တို့ နားလည်ထားတာကို ပြောရမယ် ဆိုရင် အဲဒီနည်းလမ်းအတိုင်း သွားမယ်ဆိုရင် ကျနော်တို့ လက်မှတ်ရေးထိုးပေးမှာ မဟုတ်ပါဘူး။ ကျနော်တို့က ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ် ညှိနိုင်းဆောင်ရွက်ပြီးမှ သဘော တူညီမှုတွေ ဆောင်ရွက်ခဲ့ပြီးပြီး။ အဲသလို အနေအထားမျိုးမှာ ကျနော်တို့ လွှတ်တော်ရှေ့မှောက်မှာ သွားပြီး လက်မှတ် ရေးထိုးပေးမှာ မဟုတ်ပါဘူး”  ဟု KNPP ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ သဘောထားမှာ ဥက္ကဌ မူတူးဆေးဖိုးနှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့၏ ယနေ့ (၁၇) ရက်နေ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်အရ ကောက်နှုတ်မည်ဆိုပါက အစိုးရ၏ အစီအစဉ်ကို လက်ခံကြောင်း ထုတ်ပြန်ထားပါသည်။

အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းကလည်းအသေးစိတ်တော့ ကျနော်မသိရသေးဘူး။ ခရီးလွန်နေလို့ပါ။ ဒါပေမဲ့ မူအရ လက်မှတ် ထိုးတယ် ဆိုတာက လိုအပ်တဲ့ အချက်အလက်တွေ ပြည့်စုံရင်တော့ တစ်မျိုးပေါ့။ ပြီးတော့ အဖွဲ့စုံတွေ ကျတော့အားလုံး တစ်ဖွဲ့ခြင်းစီကဘဲ တာဝန်ယူရမှာဘဲလေ။ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆို တော့ အစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြား လက်မှတ်ရေးထိုးရမှာဘဲ။ ဒီလက်မှတ်ထိုးပွဲဟာ ဘာအတွက်လဲဆိုတာလဲ ရှင်းရှင်းလင်းလင်းတော့ သိရဖို့တော့ လိုမယ်ထင်ပါတယ်လို့ဆိုပါသည်။

အလားတူ RCSS ပြေရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်သည် လက်မှတ်ရေးထိုးဖို့ ဆိုတာက ကျနော်တို့ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့်လို တရားဝင် ၃ ကြိမ် ထိုးခဲ့ပြီးပြီး။ အခုကျတော့ nation wide casefire agreement ဆိုပြီး ထပ်ပြောလာပါတယ်။ ဒီ nation wide နဲ့ ကျနော်တို့ ရေးထိုးခဲ့ဖူးတဲ့ တရားဝင် အပစ်အခတ်ရပ်စဲရေးကို ဘယ်လို ကွာခြားသလဲဆိုပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံကို ကျနော်တို့ မေးမြန်းခဲ့ဖူးပါတယ်။ အခုထိုးမယ်ဆိုတာက အခုချပြထားတဲ့ အချက် ၅ ချက်အတိုင်း ထိုးရမယ်လို့ ဦးအောင်မင်းက ပြောပါတယ်။ ဒါဆိုရင် ကျနော်တို့ ထိုးလာခဲ့တဲ့ ၃ ကြိမ်မြောက် အပစ်အခတ် ရပ်စဲရေးက အကျုံးမဝင်တော့ဘူးလားလို့ ပြန်မေးပါတယ်။

 အဲလိုလည်း မဟုတ်ပါဘူး။ ဒါဆိုရင် နောက်ထပ် ၅ ချက်က ကျနော်တို့ ဘာဖြစ်လို့ ထပ်ထိုးရမှာလဲ။ ကျနော်တို့ သဘောတူညီထားတဲ့ ၃ ကြိမ်စလုံးက ၂ ခုပဲ အကောင်အထည် ဖော်နိုင်သေးတယ်။ ထပ်ပြီးထိုးရမှာက ဘာသဘောနဲ့ ထပ်ထိုးရမှာလဲ။ ဒီ ၅ ချက်နဲ့ ထပ်ပြီးထိုးရမယ်ဆိုရင် တစ်ခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ မေးမြန်းဖို့ လိုတယ်။ ဒီ ၅ ချက်နဲ့ဆိုရင် တစ်ချို့တိုင်းရင်းသား အဖွဲ့အစည်းတွေက ထိုးပေးမှာ မဟုတ်ပါဘူး။ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီးပြီးဆိုရင် နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ပြီး ကျင်းပပေးဖို့ ကျနော်တို့က တောင်းဆိုထားပါတယ်။

မပြေလည်သေးတဲ့ နိုင်ငံရေးပြသာနာတွေကို နိုင်ငံရေး နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ဆိုတာ ကျနော်တို့ တွေ့ဆုံဆွေးနွေးဖို့အတွက် အစိုးရဘက်က ကမ်းလှမ်းတာပဲဖြစ်တယ်။ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့အတွက် အာမခံချက် ဘာတွေများပေးနိုင်မလဲဆိုတာကို ကျနော်တို့ တိုင်းရင်းသားတွေအတွက် အရေးပါတဲ့ အချက်တစ်ချက်ပဲ ဖြစ်တယ်။ အဲလိုမျိုး အာမခံချက် တစ်စုံတစ်ရာမရှိပဲနဲ့ ကျနော်တို့ တိုင်းရင်းသားတွေ ကတော့ ဒီ ၅ ချက်နဲ့ လက်မှတ် ရေးထိုးပေးမှာမဟုတ်ပါဘူး။ ကျနော်တို့က ထပ်ပြီး ဆွေးနွေးအုံးမှာပါ။ နိုင်ငံရေး ပြသာနာဆိုတော့ ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့ ကိစ္စပဲဖြစ်ပါတယ်ဟု ဆိုပါ သည်။

ထို့အတူ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖကမူကျနော်တို့ကတော့ ဒါဟာနိုင်ငံရေး ကိစ္စဖြစ်တယ်။ ဒါကြောင့် အစိုးရရဲ့ တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ အစီအစဉ်ကို SSPP အနေနဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးမှ အကျိုးရှိရာ အကျိုးရှိကြောင်းအတွက် လက်မှတ်ထိုးရေး မထိုးရေးကို ပြောမှာဖြစ်ပါတယ်ဟုဆိုပါသည်။

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကမူ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲထက် နိုင်ငံရေးအရ ဖြေရှင်းရေးကို တောင်းဆိုခဲ့သော အဖွဲ့ဖြစ်ပါသည်။ ဤသို့ကြောင့် နိုင်ငံရေး ဆွေးနွေးမှုမပါသော အပစ်အခတ် ရပ်စဲရေးကို တက်ရောက် လက်မှတ်ထိုးမည်မဟုတ်ပေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။