Wednesday, July 17, 2013

မြစ်ဆုံရေကာတာကြောင့် ရွှေ့ပြောင်းခံရသော ဒေသခံများ ထောက်ပံ့မှု ဆက်လက်လိုအပ်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် မြစ်ကြီး နားမြို့ မေခ - မလိခ မြစ်ဆုံ တွင် တည်ဆောက် မည့် ရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံထား ရသော ဒေသခံများ အတွက် တရုတ် အစိုးရ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (CPI) မှ ဆန်ထောက် ပံ့မှုများ သည် ယခုနှစ်တွင်ပြီး ဆုံးသွားပြီဖြစ်သောကြောင့် အောင်မြင်သာဒေသ ခံများ စိုးရိမ်နေကြ သည်။

CPI အုပ်ချုပ်ရေး ရုံး တာဝန်ခံနှင့် မြစ်ကြီးနား ခရိုင်အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ၁၀ ဦးခန့် သည် အောင်မြင် သာကျေးရွာ သို့ ရောက် ရှိလာပြီး ဒေသခံ များအား ဇူလိုင် လ ၁၃ ရက်နေ့ က ၂ လစာ အတွက် ဆန်များ ကို နောက်ဆုံး ကူညီပေးခဲ့ သည်ဟု ဒေသခံ လူထုအခြေပြု ဖွံ့ဖြိုးရေး အဖွဲ့ Mungchying Rawt Jat (MRJ) အဖွဲ့ဝင် ဒေါ်ဂျာခေါန် ပြော သည်။


“အခု ကူညီတာက အရင်ကတည်း ကနေ ထောက်ပံ့မယ်ပြောထားတဲ့ဆန်ဟုတ်တယ်။ တစ်နှစ်စာကို ၆ လမှာတကြိမ် ကူညီပြီးသွားပြီ ဆက်ပြီးကူညီဖို့တော့မရှိတော့ဘူးထင်တယ်။ သူတို့မကူညီရင်တော့ ပိုပြီးခက်ခဲမယ်။ ကျွန်မတို့လည်း ဒုက္ခသည်တွေလိုပါပဲ။ ဒါမဲ့ဘယ်အဖွဲ့အစည်းကမှ မကူညီဘူး။ CPI သူတို့ကိုပဲ ဆက်ပြီး ကူညီဖို့ပြောတော့ပြောတယ်။ မသိသေးတော့စိုးရိမ်တယ်။”

အဆိုပါ CPI မှ ဆန်များ ထုတ်ပေးရာတွင်လည်း လွန်ခဲ့သည့်နှစ်များတွင် ကောက်ခံထားသည့် စာရင်းအတိုင်းသာကူညီထောက်ပံ့ပေးသောကြောင့် စာရင်းမဝင် စာရင်းမသွင်းထားသည့် ဒေသခံ အိမ်ခြေ ၂၀ ကျော်မှာ အကူညီမရပဲ ခက်ခဲရင်ဆိုင်နေရကြောင်း ဒေသခံများပြောသည်။

၂၀၁၀ ခုနှစ်မှစ၍ ပြောင်းရွှေ့လာသော အောင်မြင်သာ ဒေသခံများကို တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI)မှ ဆန်များထောက်ပံ့မှုကို လူ ၁ ဦးလျှင် ဆန် ၁၅ ပြည်ကို ၂ လစာ အဖြစ် ကူညီထောက်ပံ့ပေးနေခြင်းဖြစ်ရာ၂ နှစ်ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုနေ့တွင် ၁၀ တန်း အောင်မြင်သောဒေသခံ ၅ ဦးကိုလည်း ဆုငွေ ကျပ် ၁ သိန်းစီ ချီးမြှင့်ခဲ့ကြောင်းနှင့် တရုတ်အစိုးရ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ရှိသူတဦးကလည်း “စီမံကိန်းရပ်ဆိုင်းနေပြီး ဆုံးရှုံးမှုတွေရှိလည်းအများကြီးရှိတယ် ဒါမဲ့ ပြောင်းရွှေ့နေတဲ့ သူတွေခက်ခဲနေချိန် ကျွန်တော်တို့ လာကူညီတာဖြစ်တယ်” ဟုပြောဆိုခဲ့ကြောင်း ဒေါ်ဂျာခေါန်မှပြောသည်။

စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသော အောင်မြင်သာဒေသခံများသည် CPI ၏ထောက်ပံ့မှုအနည်းငယ် ရရှိသော်လည်း စားဝတ်နေရေး မဖူလုံသည့် ပြဿနာကြောင့် နေ့စားများဆင်း၍ ခက်ခက်ခဲခဲ ရှာဖွေရုန်းကန်နေရကြောင်းသိရသည်။

မြစ်ဆုံရေကာတာ စီမံကိန်း ဆက်လက်တည်ဆောက်နိုင်ရေး တရုတ်အစိုးရဖက်မှ ကြိုးပမ်းနေဆဲဖြစ်ပြီး ဒေသခံများအား စည်းရုံးမှု လုပ်နေဆဲဖြစ်သည်ဟု ရေကာတာစောင့်ကြည့်သူများပြောသည်။

အောင်မြင်သာကျေးရွာတွင် ဒေသခံများ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၂၀၀၀ ကျော် နေထိုင်ကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။