Friday, July 5, 2013

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံရန် '၀'ဘက်က ကမ်းလှမ်းထားခြင်းမရှိ

(Eleven Media Group)

'၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီအနေဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ကမ်းလှမ်းထားခြင်း မရှိကြောင်းနှင့် လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများကို ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်မည်ဟု ယုံကြည်ကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဇူလိုင် ၄ ရက်တွင် The Daily Eleven သို့ ပြောကြားသည်။

''အခုအခြေအနေကတော့ ရှုပ်ထွေးနေပါတယ်။ နှစ်ပေါင်း ၂၀ ကျော်လောက် ကြာလာတဲ့အခါကျတော့ အခြေအနေတွေ နည်းနည်း ရှုပ်ထွေးလာတဲ့ သဘောပါ'' ဟု ဦးအောင်မြင့်က ပြောကြားသည်။
''တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံမယ်လို့ ကျွန်တော်တို့ဘက်က ပြောကြားထားတာ မရှိပါဘူး'' ဟု ဦးအောင်မြင့်က ဆက်လက်ပြောကြားသည်။


ထို့အပြင် ယခုရက်ပိုင်းအတွက် မြန်မာနိုင်ငံတွင်း၌ ဖွင့်ထားသော UWSA ၏ ဆက်ဆံရေးရုံးများ ပိတ်လိုက်ခြင်း သတင်းမှာ မဟုတ်ကြောင်း သိရသည်။

''ပိတ်လိုက်တာ မဟုတ်ပါဘူး။ နှစ်ပတ်လည် အစည်းအဝေးရှိလို့ ဌာနချုပ်ကို ပြန်ခေါ်လိုက်တာပါ'' ဟု ဦးအောင်မြင့်က ဆိုသည်။


တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းနှင့် လာရှိုးတို့တွင် အစိုးရနှင့် ဆက်ဆံရေးရုံးများ ဖွင့်ထားပါသည်။ လက်ရှိအချိန်တွင် နှစ်ပတ်လည် အစည်းအဝေး ရှိသောကြောင့် အဆိုပါ ဆက်ဆံရေးရုံးမှ တာဝန်ခံများကို ပန်ဆန်းသို့ ပြန်လည်ခေါ်ယူ လိုက်သည့်အတွက် ဆက်ဆံရေးရုံးများ ပိတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း...

UWSA ၏ ဌာနချုပ်သည် '၀' မြောက်ပိုင်း ပန်ဆန်းတွင်ရှိပြီး တာချီလိတ်၊ ကျိုင်းတုံ၊ တန့်ယန်းနှင့် လာရှိုးတို့တွင် အစိုးရနှင့် ဆက်ဆံရေးရုံးများ ဖွင့်ထားပါသည်။ လက်ရှိအချိန်တွင် နှစ်ပတ်လည် အစည်းအဝေး ရှိသောကြောင့် အဆိုပါ ဆက်ဆံရေးရုံးမှ တာဝန်ခံများကို ပန်ဆန်းသို့ ပြန်လည်ခေါ်ယူ လိုက်သည့်အတွက် ဆက်ဆံရေးရုံးများ ပိတ်သည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံတော် သမ္မတထံသို့ အစီရင်ခံ တင်ပြထားပြီး ဖြစ်ကြောင်း သိရသည်။

''ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်တို့အဖွဲ့ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်က ကမ်းလှမ်းထားတာလည်း ရှိပါတယ်။ အဲဒါကို ကျွန်တော်တို့ ဘက်ကလည်း လက်ခံထားပါတယ်။ အခုအခြေအနေတွေ ရှုပ်ထွေးနေတဲ့အတွက် ဘယ်အချိန်မှာ တွေ့ဖြစ်မလဲ ဆိုတာတော့ မသိရသေးပါဘူး'' ဟု ဦးအောင်မြင့်က ပြောကြားသည်။

သို့သော် လက်ရှိဖြစ်ပေါ်နေသော တင်းမာမှုများကို ဆွေးနွေးပြီး ဖြေရှင်းဆောင်ရွက် နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်ရန် အတွက်လည်း '၀' ပြည် သွေးစည်းညီညွတ်ရေး ပါတီအနေဖြင့် ဆန္ဒရှိကြောင်း ဦးအောင်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် မေလအတွင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယွန်းမြို့နယ်ခွဲရှိ UWSA ပိုင် ရော်ဘာခြံ တစ်ခြံကို လာရောက်သိမ်းပိုက်သည့် အချိန်မှစ၍ နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာခဲ့ကြောင်းနှင့် ယခုလပိုင်းအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှိသော UWSA တပ်စခန်းများကို စာရင်းပြုစု တင်ပြရန်နှင့် တပ်စခန်းအချို့ ဆုတ်ခွာပေးရန် တပ်မတော်ဘက်မှ တောင်းဆိုမှုများ ရှိခဲ့သည့်နောက် တင်းမာမှုများ ဖြစ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မိုင်းတုံမြို့နယ်၌ ရှိသော UWSA ၏ လွယ်ကောင်းမူစခန်း အပါအ၀င် စခန်းအချို့ကို တပ်မတော်က ဆုတ်ခွာခိုင်းထားပြီး UWSA ဘက်မှ ဆုတ်ခွာရန် ငြင်းဆန်ထားသဖြင့် ဇွန်လကုန်ပိုင်းမှ စတင်ကာ ထိုစခန်းကို တပ်မတော်မှ ၀ိုင်းထားဆဲဖြစ်ကြောင်း UWSA ၏ ပြင်ပဆက်ဆံရေးဌာန ဒုတိယတာဝန်ခံ ဦးဆမ်ခွန်းက ဇူလိုင်၂ ရက်တွင် ပြောကြားသည်။

''အဲဒီစခန်းတွေကို ၀ိုင်းထားဆဲလား၊ ဆုတ်ပေးလိုက်ပြီလား ဆိုတာကို ကျွန်တော် တိတိကျကျ မသိရသေးပါဘူး'' ဟု ဦးအောင်မြင့်က ဇူလိုင် ၄ ရက် ညနေပိုင်းတွင် ပြောကြားသည်။

တပ်မတော်နှင့် UWSA အကြား တင်းမာမှု ဖြစ်ပေါ်ရသည့် နောက်ခံအကြောင်းရင်း တစ်ရပ်မှာ UWSA ၏ '၀'တောင်ပိုင်း ဒေသကို အစိုးရမှ ပြန်လည်ထိန်းချုပ်လိုသည့် ပြင်ဆင်မှုများကြောင့်ဟု စစ်ရေးအကဲခတ်များက ပြောကြားသည်။

UWSA အနေဖြင့် မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းတွင် အခြေစိုက် လှုပ်ရှားခဲ့ရာ မှ ၁၉၉၄-၉၅ ခုနှစ်များအထိ ရှမ်းပြည်နယ် တောင်ပိုင်းတွင် လှုပ်ရှားခဲ့သော ခွန်ဆာတပ်များကို တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် ခွန်ဆာ လက်နက်ချပြီးချိန်တွင် တာချီလိတ်၏ အနောက်တောင်ဘက်မှ ကယားပြည်နယ်အစပ်ထိ ဒေသများသို့ မြောက်ပိုင်းဌာနချုပ် ပန်ဆိုင်းမှ '၀' များအား ပြောင်းရွှေ့ နေထိုင်စေခဲ့ရာမှ '၀'တောင်ပိုင်းဒေသ ပေါ်လာခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။