Monday, July 29, 2013

ပြည်တွင်း ပြည်ပ တိုင်းရင်းသားအဖွဲ့များ ညီလာခံ စတင်ကျင်းပနေ

(Mizzima)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ (UNFC) မှ ဦးဆောင်ကျင်းပသော တိုင်းရင်းသား ညီလာခံကို ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ စတင်ကျင်းပနေပြီ ဖြစ်သည်။

ပြည်တွင်း ပြည်ပ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း လူ ၁၀၀ ကျော်တက်ရောက်နေပြီး ဆွေးနွေးချက်များကိုမူ ညီလာခံ နောက်ဆုံးနေ့မှ ထုတ်ပြန်ရန် စည်းကမ်းချက်ကြောင့် ထုတ်ဖော်ခြင်း မရှိသေးကြောင်း UNFC မှ ပြောရေးဆိုခွင့်ရှိသူ ဒေးဗစ်ကဘော က ပြောသည်။


“ဘာမှ မပြောနိုင်သေးဘူး ဆွေးနွေးပွဲ ပြီးမှ ရှင်းလင်းပွဲလုပ်မယ်။ အဓိကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ခိုင်မာတဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်ဖို့ပဲ ဆွေးနွေးတာ။ တခြား ဘာမှ မပြောလို့ မရသေးဘူး” ဟု မဇ္စျိမကို ပြောသည်။

ထိုညီလာခံတွင် ဖက်ဒရယ် ပြည်ထောင်စုအရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အပြင် အချက် ၈ ချက်ခန့် ဆွေးနွေးသွားရန် ရှိသည်ဟု KNUမှ မဟာမိတ်ရေးရာဌာနမှ ပဒိုဒေးဗစ်သာကဘော က မကြာမီက မဇ္စျိမကို ပြောဆိုထားသည်။

ညီလာခံတွင် UNFC အဖွဲ့ဝင်များအပြင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု (PDF)အဖွဲ့ဝင်များ ဖြစ်ကြသော UWSA ဝတပ်ဖွဲ့၊ NDAK၊ မိုင်းလားနှင့် ကိုးကန့်အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ပြည်တွင်းမှ တရားဝင် တိုင်းရင်းသားပါတီများဖြစ်ကြသော UNA အဖွဲ့ဝင် ရှမ်း၊ ချင်း၊ မွန်နှင့် ရခိုင်ကိုယ်စားလှယ်များအပြင် အခြား ၂၀၁၀
ရွေးကောက်ပွဲဝင် တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း တက်ရောက် ဆွေးနွေးနေကြကြောင်း စုံစမ်းသိရှိရသည်။

ပွဲကျင်းပနေစဉ် သတင်းထုတ်ပြန်မည် မဟုတ်ဘဲ ၃ ရက်ကြာ ကျင်းပပြီးသည့်နေ့ ဇူလိုင်လ ၃၁ ရက်နေ့မှ သတင်း အပြည့်အစုံကို UNFC ညီလာခံ ဖြစ်မြောက်ရေးကော်မတီက ထုတ်ပြန်မည် ဖြစ်ကြောင်း မဇ္ဈိမကို ပြောသည်။

ယနေ့ ပထမဆုံးနေ့တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စစ်မှန်သည့် ပြည်ထောင်စု ပေါ်ထွန်းရေး၊ ပြည်ထောင်စု စစ်တပ်
ဖွဲ့စည်းရေး၊ လမ်းပြမြေပုံနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို ဆွေးနွေးခဲ့သည်ဟု ညီလာခံတက်ရောက်သူ
တဦး ပြောပြချက်ကို ရှမ်းသံတော်ဆင့်သတင်းတွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ပထမအကြိမ် တိုင်းရင်းသား ညီလာခံကို ချင်းမိုင်မြို့တွင် ကျင်းပခဲ့ပြီး
နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာမူဘောင်၊ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံသော
ပြည်ထောင်စု ညီလာခံကြီး တရပ် ကျင်းပသွားရန်တို့ အပါအဝင် အချက် ၆ ချက်ပါရှိသော လမ်းပြမြေပုံကို ရေးဆွဲနိုင်ခဲ့
သည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက UNFC ကို စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်နှင့် လက်နက်မကိုင်သော အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် စုပေါင်းဖွဲ့စည်းထားသော အဖွဲ့ဖြစ်သည်။

UNFC က နိုင်ငံရေးဆွေးနွေး ပွဲတရပ် ပြုလုပ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ UPWC ၏ နည်းပညာအထောက်အကူပြုအဖွဲ့ Technical Teamများ ၏ အကြိုညှိ နှိုင်းဆွေးနွေးပွဲ
ကို ယခုလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် နောက်ဆုံး တွေ့ဆုံခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။