Monday, July 8, 2013

ဥပဒေ ရေးဆွဲရင် ပြဿနာ တခုပေါ် အခြေခံပြီး ၀ါးလုံးရမ်း မဖြစ်ဖို့ အရေးကြီး ပါတယ်။

(Kachin Duwa)

ဥပမာ... အခု ဖြစ်နေတဲ့ မီဒီယာ ပုံနှိပ်ဥပဒေ ကိစ္စမှာ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ လွတ်တော်အမတ် တွေ ဆင်ခြေပေးတာကတော့ လူမျိုးခြား၊ ဘာသာခြား မုန်းတီးမှုတွေ မဖြစ်ပွါးအောင် မရေးသင့်၊ မထုတ်သင့်တဲ့ စာအုပ်မျိုးမထွက်အောင် ထိန်းချုပ်ရမယ် ပေါ့။ ဒါပေမယ့် ဒီလို အကြောင်းပြချက် တခုထဲ နဲ့ မီဒီယာ တခုလုံးကို ထိန်းချုပ်ဖို့ ဖြစ်လာတယ်။ တကယ်တော့ ဒီလို ပြောရင်၊ ရေးရင်၊ ရေးတဲ့လူ၊ ပြောတဲ့လူကို တရားဥပဒေ အရ အရေးယူဖို့ ဥပဒေ ရှိပြီးသားပါ။ အရေး မယူလို့ ဖြစ်လာရတဲ့ ပြဿနာ တွေ ဖြစ်ပါတယ်။

နောက်ပြီး လွတ်လပ်ရေး ရကတည်းက ဗုဒ္ဓဘာသာဝင်တွေ (အထူးသဖြင့် ရန်ကုန် လို မြို့ကြီးက မြန်မာတွေ) က မူဆလင် (ကုလားမျိုးနွယ်ဝင်တွေ) နဲ့ ရန်ဖြစ်လာတယ်။ အဲဒီ အကြောင်းပြချက် နဲ့ ဗုဒ္ဓဘာသာ ကို ဥပဒေအရ ခွင့်ထူးခံ အဖြင့် သိမ်းသွင်းဖို့ ကြိုးစားလာရာက တခြား မူဆလင် မဟုတ်တဲ့ တိုင်းရင်းသား ခရစ်ယာန်တွေနဲ့ပါ ပြဿနာ တက်လာရတယ်။ မြို့ပေါ်နေ မူဆလင် (ကုလား) များကတော့ ဘာပဲ ဖြစ်ဖြစ် သူတို့ရဲ့ ကိုယ်ပိုင် စီးပွါးရေး၊ လူမှုရေး အရ မြန်မာလူထုထက် အစစ အရာရာ သာလို့၊ လွမ်းမိုးချုပ်ချယ်သွားမလား ဆိုပြီး စိုးရိမ်စရာရှိပေမယ့်၊ တိုင်းရင်းသားခရစ်ယာန် မြန်မာ ဗုဒ္ဓဘာသာ လူထု ကို ဘယ်လို မှ ယှဉ်နိုင်စရာ အကြောင်းမရှိသလို ချုပ်ချယ် လွမ်းမိုးဖို့လဲ မတတ်နိုင်ပါ။ နကိုယ်ကတည်းက နိုင်ငံရေးအရတောင် အခွင့်အရေး ဆုံးရှုံးနေရတဲ့ အထဲ ကိုးကွယ်တဲ့ ဘာသာတရား အရ နေရင်း ထိုင်ရင်း ဒုတိယ နိုင်ငံသားပုံစံ ဖြစ်သွားတော့ ဘယ်လိုမှ လက်ခံ နိုင်စရာ မရှိတော့ပါ။ အဲဒါရဲ့ အကျိုးဆက် အနေနဲ့ မပြီးဆုံး နိုင်တဲ့ တော်လှန်ရေး တွေ အစားထိုးလာရပါတယ်။

ဟုတ် ပါတယ်။ တချို့က ကချင်တွေ တော်လှန်တာ ဘာသာရေး အတွက်လား၊ နိုင်ငံရေး အတွက်လား ဆိုပြီး မေးကြတယ်။ ဘာသာရေးဟာ နိုင်ငံရေးထဲ မ၀င်လာရင် ကချင်တွေတော်လှန်တာ နိုင်ငံရေး သန့်သန့် ဖြစ်မှာပါ။ ဘာသာရေး အရ ကချင်လူမျိုးတွေရဲ့ နိုင်ငံသား ဖြစ်တည်မှု ဆုံးရှုံးတယ် ဆိုရင် အဲတာလဲ တော်လှန်ရမှာ ပါပဲ။ တော်လှန်တယ် ဆိုတာ အနိုင်တိုက်ဖို့ မဟုတ်၊ ပြုပြင် ပြောင်လဲမှုတခု အတွက် တွန်းထုတ် နေခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြောလို့မရတော့ဘူး ဆိုရင် လက်နက်ကိုင်လာရတာ ထုံးစံ ဖြစ်ပါတယ်။

လက်ရှိ လွတ်တော်နိုင်ငံရေး စနစ် ဟာ တိုင်းရင်းသားတွေရဲ့ အသံအတွက် ဘယ်လောက် အာမခံချက် ရှိတဲ့ စနစ်လဲ ဆိုတာလဲ အရေးကြီးလာတယ်။ လွတ်တော်ထဲ ၀င်လို့ မပြီးဘူး။ လောလောဆယ် လွတ်တော်ကတော့ ဗမာလူထု အတွက်တောင် တာဝန် မထမ်းနိုင်သေးပါ။ တိုင်းရင်းသား လူထု အတွက်တော့ အဝေးကြီးပါ။ အဲဒါကို လွတ်တော်ထဲ အတင်းဝင်ခိုင်းရင် ၀က်သတ်ရုံ ကို မောင်းသွင်းခံရတဲ့ ၀က်ကောင်တွေနဲ့ မတူဘူးလား။ ကျုပ်တို့က မွေးမြူရေး ၀က်တွေမှ မဟုတ်တာ။ လွတ်လပ်တဲ့ ရင်ပြင်မှာ ကျက်စားနေတဲ့ တောရိုင်း တွေပါ။ လွတ်လပ်မှု ကို ခုန်မင်တယ်။ လွတ်လပ်မှု အတွက် အသက်သာ အသေခံသွားမယ်၊ သားသတ်ရုံကိုတော့ အ၀င်မခံ တော့ပါ။

မြန်မာပြည်အတွက် ဥပဒေ ရေးဆွဲမယ် ဆိုရင် ဗမာလူထု သန်း ၄၀ ရဲ့ သဘောတူ လက်မှတ်နဲ့ မရသေးဘူး၊ တိုင်းရင်းသား တွေရဲ့ အသံလဲ အရေးကြီးပါတယ်။ အပါအ၀င် တိုင်းရင်းသားပြည်နယ် ၇ ခုဟာ အရုပ်တွေ မဟုတ်၊ လွတ်လပ်ရေး ရကတည်းက ဖြစ်တည်လာတဲ့ လူမျိုးစု ပြည်နယ် တွေပါ။ တိုင်း ၇ တိုင်း သဘောတူတာနဲ့ မပြီးသေးပါ။

ဝါးလုံး ရမ်း မယ် ဆိုရင်တော့ ပြဿနာဟာ ဘယ်တော့မှ မပြီးနိုင်တော့ပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။