Sunday, June 9, 2013

Laissez-faire Economic နဲ့ တို့နိုင်ငံရဲ့ အနေအထား

(Kachinduwa)

Laissez-faire economic ဆိုတာ ဥရောပ နိုင်ငံတွေမှာ ၁၇ ရာစုကနေ စလာတဲ့ စီးပွါးရေး ပေါ်လစီ ဖြစ်ပါတယ်။ ၁၆၈၀ ခုနှစ်မှာ သြဇာတိကမ ကြီးမားတဲ့ ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး Jean-Baptiste Colbert နဲ့ ပြင်သစ် စီးပွါးရေး လုပ်ငန်းရှင်ကြီးများတွေ့ဆုံပွဲမှာ ၀န်ကြီးက စီးပွါးရေးသမားတွေကို အစိုးရ အနေနဲ့ ဘာတွေ ကူညီပေးရမလဲ... လို့ မေးတဲ့အခါ စီးပွါးရေးလုပ်ငန်းရှင်ကြီးများခေါင်းဆောင် M. Le Gendre က "Laissez-nous faire" လို့ ပြင်သစ်လို ပြန်ပြောလိုက်တယ်။ အဓိပ္ပါယ်ကတော့ "ကျနော်တို့ကို လွတ်ထားပေးပါ" ဆိုလိုချင်တာက အစိုးရ ၀င်မပါ နဲ့ "ကိုယ့်နည်းကိုယ့်ဟန် လုပ်ပါရစေ" ဆိုတဲ့ သဘော ပါ။

နောက်ပိုင်းမှာ ပညာရှင် (Scholars) တွေက စနစ်တကျ လေ့လာသုံးသပ်ပြီး ဒီနေ့ မြန်မာ အစိုးရ ပြောပြော နေတဲ့ ဈေးကွက်စီးပွါးရေး စနစ် (Free market) ရယ်လို့ နာမည်ကြီးလာတယ်။ အခု နောက်ဆုံးမှာတော့ 'Neo-liberalism' ခေတ်ကို ရောက်လာပါတော့တယ်။ ဘယ်သူမှ မကိုင်သွယ် နိုင်တဲ့ လွတ်လပ်ရေးအပြည့်ရထားတဲ့ ခေတ် ပါ။ အစိုးရ ဆိုတာ ဒိုင်လူကြီး အနေနဲ့ပဲ ရှိလာရတယ်။ အစိုးရ ကဏ္ဍကိုလျှော့ချပြီး ပုဂ္ဂလိက အခန်းကဏ္ဍကို တွန်းအားပေးထားတဲ့ စနစ် ဖြစ်ပါတယ်။ အခု ဖွံ့ဖြိုးပြီး နိုင်ငံတွေ အားလုံးဟာ ဒီနည်းနဲ့ ဒီအဆင့် ရောက်လာတာပါ။ တရုတ်ကိစ္စကတော့ နောက်တမျိုးပေါ့။

ဒီတော့ မြန်မာ အစိုးရ အနေနဲ့ ဈေးကွက် စီးပွါးရေး စနစ် ပီပီပြင်ပြင် ဖြစ်ပေါ်လာရေး ဆိုပြီး ဟစ်အော်နေတာဟာ စနစ်ကိုအရင်သုံးသပ်ရမှာပါ။ အစိုးရ ရဲ့ အခန်းကဏ္ဍ၊ အထူးသဖြင့် စစ်တပ်ပါဝင်မှု မဖြစ်မနေ လျှော့ချရမဲ့ စနစ် ဖြစ်ပါတယ်။

လယ်သမားတွေကို ထမင်းတစ်နပ် လျှော့စားခိုင်းမဲ့အစား လယ်သမားတွေ စပါးကိုကြိုက်ဈေး ကိုယ်တိုင် ရောင်းလို့ ရအောင် ဖွင့်ပေးလိုက်ပါ။ နိုင်ငံခြား၊ သွင်းကုန် ထုတ်ကုန် လုပ်ငန်း၊ နယ်စပ်ကုန်သွယ်ရေး တွေကိုလဲ လူတိုင်းအတွက် ဖွင့်ပေးသင့်သည်။ လူနည်းစုကို အစိုးရကကြားခံ ကာကွယ်ပေးထားပြီး ကြိုက်သလို ဈေးကစား နေတာမျိုး မဖြစ်သင့်ပါ။ အစိုးရဟာ လူတိုင်းအတွက် မျှတ တဲ့ ဒိုင်လူကြီး အနေနဲ့ပဲ ရှိသင့်တာပါ။ လူနည်းစု အတွက် ရပ်တည်ပေးတာမျိုး မဖြစ်သင့်ပါ။ လူနည်းစု အတွက် ရပ်တည်ပေးတာမျိုး ဖြစ်နေတာဟာ ဗဟိုချုပ်ကိုင်မှု စနစ်ကြောင့် ဖြစ်ပါတယ်။ အရာရာ အားလုံး လုပ်ငန်းလိုင်စင် မှန်သမျှ နေပြည်တော် အစိုးရ ၀န်ကြီးဌာန ကနေ ချုပ်ကိုင်ထားတာဟာ လူနည်းစု အတွက် ပဲ ဖြစ်ပါတယ်။ အမှန်ဆိုရင် လုပ်ငန်းလိုင်စင်များကို လွတ်တော်မှာ မူဘောင်ရေးဆွဲပြီး တိုင်း၊ ပြည်နယ် ကနေ မြို့နယ် အဆင့်ထိ ထုတ်ပေးပိုင်ခွင့် အာဏာ လျှော့ချရမှာပါ။  အဲဒါမှ လူတိုင်းအတွက် ဖြစ်လာပါမည်။

ဥပမာ... ကျနော် တို့ ကချင် ပြည်နယ် နဲ့ ရှမ်းပြည်နယ် တွေက တရုတ်နယ်စပ် နဲ့ ထိတွေ့နေတာ နယ်စပ် ကုန်သွယ်ရေးမှာ လွတ်လပ်ခွင့်မရတော့ တရုတ်တွေလောက် မြန်မာ နိုင်ငံသားဖြစ်နေတဲ့ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်သားတွေ အကျိုးမရလိုက်ဘူး။ ကချင်သစ်ကုန်သည်များကို လိုင်စင်တော့ ချပေးထားပါရဲ့ တရားဝင်လမ်းကြောင်းကနေသွားပါ လို့ ပြောတယ်။ တရားဝင်လမ်းကြောင်း ဆိုတာက ရန်ကုန် ဆိပ်ကမ်းပဲ ရှိတာလေ။ ဒီတော့ ကချင်တွေ တရုတ်ပြည်ကို တရားဝင် သစ်ရောင်းမယ် ဆိုရင် ရန်ကုန်ဆိပ်ကမ်းအထိ အရင် ဆင်းသွားပြီးမှ တရုတ်ပြည်ကို  သွားရောင်းရမဲ့ သဘော ဖြစ်နေတယ်။ တရုတ်ကုန်သည်တွေထက် ပိုရင်းနှီးတဲ့ တခြားနိုင်ငံ အဆက်အသွယ်လဲ မသိ ဆိုတော့ တခြားနည်းလမ်း ရွေးချယ်စရာ မရှိ၊ ဒီတော့ မှောင်ခိုလမ်း ရွေးရတာပေါ့။ မှောင်ခိုလမ်း ဆိုတော့ တရုတ်ကုန်သည်တွေ ဈေးနှိမ်သလောက်နဲ့ ရောင်းရတာပဲ။ ဒါတောင် ရန်ကုန်ဆင်းတာထက် မြတ်သေးတယ်။ နောက်ပြီး ရန်ကုန်ဆိပ်ကမ်းမှာက အစိုးရ နဲ့ ရင်းနှီးတဲ့ သစ်ကုန်သည်တွေက ရှိသေးတယ် ဆိုတော့ သူတို့မျက်နှာလဲ ကြည့်ရသေးတယ်။ တချို့ ကချင်သစ်ကုန်သည်တွေ ရန်ကုန်အထိ ဆင်းလုပ်သေးတယ်၊ ဆိပ်ကမ်းကနေ မထွက်ခိုင်းလို့ သစ်တွေဆွေးသွားပြီး အရှုံးနဲ့ ပြန်ခဲ့ရတာတွေ ရှိတယ်။ နောက်မှ သိရတာက စစ်ဗိုလ်ချုပ်ဘက်တော်သား သစ်ကုန်သည်တွေက မြန်မာ သစ်ဈေးကို နိုင်ငံခြားမှာ ကစားချင်လို့ ကျန်လူတွေကို မထွက်ခိုင်းတာတဲ့။ လူနည်းစု အကျိုးအတွက် လူအများကြီး ဒုက္ခရောက်သလို နိုင်ငံတော် အခွန်ဘဏ္ဍလဲ ရှုံးရတယ်။ ဒါက အစိုးရ ချယ်လည်လို့ ဖြစ်ရတဲ့ ပြဿနာ ပါ။ မူဘောင်တခုထဲမှာ အားလုံးဟာ လွတ်လပ်စွာ ပြိုင်ဆိုင်ခွင့် ပေးထားရင် ဘယ်သူမှ တားဆီလို့မရတော့ပါ။

အမေရိကမှာ မိုက်ကရိုဆော့ ကော်ပိုရေးရှင်းကြီးဟာ အစိုးရ နဲ့ ပေါင်းပြီး သူတို့ အပိုင်စီးထားတာ မဟုတ်၊ သူတို့ တော်လို့ ကမ္ဘာကိုတောင် အပိုင်စီးထားနိုင်တာပါ။ တရုတ်သမ္မတ တောင် အမေရိကန် သမ္မတကို တွေ့ဖို့ထက် ဘီလ်ဂိတ် ကို ဦးစားပေး တွေ့လို့ နာမည်ကြီးသွားသေးတယ်။ တကယ်တော့လဲ တရုတ်အစိုးရ အကျိုးစီးပွါးအတွက်က ဘီလ်ဂိတ် ဟာ အမေရိကန် သမ္မတထက် ပိုအရေးကြီးနေတာကိုး။ ဒီအတွက် ဘီလ်ဂိတ် ကို ဘယ်အစိုးရ ၀န်ကြီးဌာန မှလဲ တားဆီးလို့ မရပါ။

ဒီနေ့ခေတ်မှာ စီးပွါးရေးတခုထဲမဟုတ် နိုင်ငံရေးမှာလဲ လွတ်လပ်မှု အင်မတန် အရေးကြီးပါတယ်။ အစိုးရက လုပ်ပေးမယ် ဆိုတာထက် လုပ်ခွင့်ပေးဖို့ အရေးကြီးတာပါ။

လွတ်တော် ဥက္ကဌ ကြီး သူရရွှေမန်း မြစ်ကြီးနားရောက်လာတော့ ဘယ်ပြောလဲ ဆိုရင်.. မြစ်ကြီးနားမှာသွားရေး လာရေး နေထိုင်မှု အခက်အခဲတွေ ဘာရှိလဲ... တဲ့။ သူတို့ ကူညီ ပေးမယ် ဆိုတဲ့ သဘော ပါ။ မြစ်ကြီးနားမြို့ရဲ့ စည်ပင်သာယာအရေးကိစ္စ ကို နိုင်ငံတော် အဆင့် လွတ်တော် ဥက္ကဌ က လာပြောတာပါ။ မြစ်ကြီးနားမြို့မှာ မြို့နယ် အုပ်ချုပ်ရေးမှူး၊ အထက်မှာ ခရိုင်၊ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ အထက်မှာ နေပြည်တော် သမ္မတ၊ ၀န်ကြီးဌာန တွေ ... ဒီအဆင့်တွေ ကျော်ပြီး လာပြောတာပါ။ တကယ်တော့ ပြည်နယ် အုပ်ချုပ်ရေးမှူးအဆင့်တောင် မလိုဘူး။ မြို့နယ် အဆင့်ကနေ စီမံခွင့် အပြည့်ရ ရမှာပါ။ စည်ပင်သာယာ အခွန်ကို သက်ဆိုင်ရာ ဒေသအတွက် အပြည့်အ၀ သုံးခွင့် နဲ့  ဒေသခံ ကော်မီတီတွေကို နိုင်ငံတော်က ချပေးတဲ့ ဘက်ဂျက်တွေကို လွတ်လပ်စွာ စီမံပိုင်ခွင့် ပေးထားရမှာပါ။ အဲဒါမှ လှိုက်လျှောညီထွေရှိမှု၊ ထင်သာမြင်သာ ရှိမှု တွေ တွေ့လာရမှာ အမှန် ဖြစ်ပါတယ်။ အခုလို နိုင်ငံတော် အဆင့်က လာလာမေးပြီး လုပ်ပေးနေတာဟာ နှမ်းဖြူးစနစ် ပါပဲ။ အရာရာ နိုင်ငံတော်အဆင့်သိမှ အဆင်ပြေမယ် ဆိုရင်တော့ သမ္မတ နဲ့ လွတ်တော် ဥက္ကဌ ဘယ်နှစ်ယောက်လိုအပ်မလဲ။ စဉ်းစားသင့် ပါတယ်။

ဒီခေတ်မှာ လုပ်ခွင့်ပဲ ပေးပါ။ လုပ်ပေးစရာ မလိုပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။