Wednesday, June 26, 2013

ကမ္ဘာ့မှုးယစ်ဆေးတိုက်ဖျက်ရေးနေ့တွင် KIO မှ မီးရှို့ရန်မလိုတော့ဟုဆို

(ကချင်သတင်းဌာန)

ဇွန်လ ၂၆ ရက် ယနေ့ကျရောက်သော ကမ္ဘာ့မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးအထိန်းအမှတ်နေ့ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်တွင် ပြုလုပ်ရာ ယခုနှစ်အတွက် မှုးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပြရန်မလို တိုက်ဖျက်နိုင်ခဲ့ကြောင်း KIO မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘာ (Dukaba Gam Ba) ပြောလိုက်သည်။

 
“လွန်ခဲ့တဲ့နှစ်က အထူးရှင်းလင်း ဖမ်းဆီးလိုက်လို့ ကျွန်တော်တို့ လိုင်ဇာဗဟိုဌာနအတွင်းမှာ ဘိန်းတွေအများကြီး ဖမ်းမိတာမရှိတော့ဘူး။ အနည်းအကျဉ်းတော့ရှိပေမယ့် ပြည်သူတွေကို မီးရှို့ပြတဲ့အဆင့် မဖမ်းမိဘူးဆိုတော့ မီးမရှို့တော့ဘူး။ လာမယ့်နှစ်ထဲ များလာရင် မီးရှို့မယ်” ဟု ဆိုသည်။

ကမ္ဘာ့မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အစီအစဉ်ကို ဗိုလ်ကြီးနော်ဘူ ဦးဆောင်ကာ နံနက် ၈ နာရီမှ ၁၁ နာရီထိ KIO ဗဟိုဌာနချုပ် လိုင်ဇာအထက်တန်းကျောင်း ရောက်နင်ခေါင် (Rawt Ning Hkawng) ခန်းမပြုလုပ်ကျင်းပခဲ့သည်။

အစီအစဉ်တွင် KIO မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီ ဒုအတွင်းရေးမှူး လဂျောင် ခေါင်လွမ်း (Lajawng Hkawng Lum) မှ မှုးယစ်ဆေးနှင့် ပတ်သက်၍ မိန့်ခွန်းများပြောကြားပြီး မှုးယစ်ဆေးသုံးစွဲရာမှ ဖြတ်တောက်နိုင်ခဲ့သူ လူငယ်အား သီးသန့်ဖိတ်ခေါ်ပြီး ၎င်း၏ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို ဖလှယ်ခိုင်းခဲ့သည်။

ကမ္ဘာ့မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို ပြုလုပ်ခြင်းသည် ကမ္ဘာကချမှတ်ထားသည့် တရားဥပဒေကို ထောက်ခံသည့်အနေဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) သည်လည်း မှုးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ပြင်းထန်စွာပြုလုပ်နေကြောင်း အထိန်းအမှတ်ကို လုပ်ဆောင်ခြင်းဖြစ်သည်ဟု KIO မူးယစ်တိုက်ဖျက်ရေးဌာန ကော်မတီအတွင်းရေးမှူး ဗိုလ်ကြီး ဂမ်ဘား ပြောလိုက်သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်မှ KIO အုပ်ချုပ်သည့် နယ်မြေ၊ ဗဟို၊ တိုင်းများတွင်လည်း ကမ္ဘာ့မှုးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့အစီအစဉ်တွင် ဌာနအသီးသီးတွင်ပြုလုပ်ကာ ဖမ်းဆီးထားသော မှုးယစ်ဆေးများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပညာပေးမှုများပြုလုပ်ရန် ဗဟိုကောင်စီမှ ညွှန်ကြားခဲ့ကြောင်း သိရသည်။

မှုးယစ်ဆေးတိုက်ဖျက်ရေးကို  KIO/KIA ထိန်းချုပ်နယ်မြေတွင် ၂၀၁၀ အောက်တိုဘာလမှ စ၍ အပြင်းအထန် ပြုလုပ်လာခဲ့သည်။

သို့သော် KIO မှ မှုးယစ်ဆေးသုံးစွဲသူများ လျှော့နည်းလာပြီဟုဆိုသော်လည်း KIO ထိန်းချုပ်နယ်မြေများတွင် ရောင်းဝယ်ဖောက်ကားမှုများ ရှိနေဆဲဖြစ်သည်ဟု လိုင်ဇာဒေသခံ တဦးပြောသည်။

“KIO ထိန်းချုပ်တဲ့ လိုင်ဇာထဲမှာတောင် အမြစ်ပျက်မရှင်းနိုင်သေးဘူးဆိုတော့ အခြားနေရာမှာဆိုပိုဆိုးပြီ ကျွန်တော်အမြင်ကတော့ အောင်မြင်မှုက ၄၀ ရာခိုင်နှုန်းလောက်ဘဲ အောင်မြင်မယ်လို့ထင်တယ်။ ပိုပြီးကြိုးစားရအုံးမယ် KIO တပ်ဖွဲ့ဝင်တွေထဲတောင် မှုးယစ်စား သုံးသူတွေရှိ နေတယ်ဆိုတော့ အများပြည်သူအထဲ ဈေးကွက်ကြီးမှာ ရှင်းလင်းနိုင်ဖို့ဆိုတာ အစိုးရနဲ့ ပြည်သူတွေအားလုံး ပါဝင်မှဖြစ်မယ်လို့မြင်တယ်” ဟုဆိုသည်။

ယနေ့ကျင်းပပြုလုပ်သော KIO ဗဟိုဌာနချုပ် ကမ္ဘာ့မှုးယစ်ဆေးတိုက်ဖျက်ရေးနေ့ အစီအစဉ်ကို တပ်ထုလူထု ၁၁၈၃ ဦး ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်မှာ အာဖဂန်နစ္စတန်ပြီးလျှင် ဘိန်း ဒုတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။