Friday, June 7, 2013

တရုတ် CPI မှ ဆန်ထောက်ပံ့မှု ရပ်မည်ကို အောင်မြင်သာ ရွာသားများ စိုးရိမ်

(Mizzima)

ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ခံရသည့် ရွာများအား တရုတ်(CPI) ကုမ္ပဏီမှ တနှစ်စာ ဆန်ထောက်ပံ့မှုကာလ ပြည့်တော့မည်ဖြစ်၍ ဆက်လက် မရရှိတော့မည်ကို စိုးရိမ်နေကြောင်း
နေရာသစ် ပြောင်းရွှေ့နေထိုင်ကြရသည့် အောင်မြင်သာရွာမှ ဒေသခံများ က ပြောသည်။

အဆိုပါ ဒေသခံများကို CPI ကုမ္ပဏီက ၂၀၁၂ ခုနှစ်၊ ဇွန်လမှ စတင်ပြီး တဦး တလလျှင် ဆန် ၇ ပြည်နှင့် ၄ ဗူးနှုန်းဖြင့် ၆ လတခါ ထောက်ပံ့ပေးခဲ့သည်။


“CPI က တနှစ်စာ ဆန် ထောက်ပံ့လို့မှ ကုန်သွားရင်တော့ ကျနော်တို့ ရွာသားတွေကတော့ တော်တော်ခက်မယ့် သဘောရှိတယ်။ တနှစ်စာ ထောက်ပံ့မယ်ပဲ ပြောတယ်။ နောက်နှစ်တွေ ထောက်ပံ့မယ်လို့ မပြောဘူး။ ထောက်ပံ့ တဲ့လက ပြည့်တော့မယ် ဆက်ပေးမယ်လို့ မပြောတော့ ဆန်အတွက် ရွာသားတွေက တော်တော်လေး စိုးရိမ်
နေကြတယ်” ဟု အောင်မြင်သာရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဦးဇော်ခေါင်က ပြောသည်။

မြစ်ဆုံရေကာတာ စီမံကိန်း ပတ်ဝန်းကျင်ရှိ ရွာများအား ယင်းရွာနှင့် ၇ မိုင်ခန့် ဝေးသည့်နေရာတွင် (CPI) ကုမ္ပဏီမှ အောင်မြင်သာရွာ အမည်ဖြင့် အသစ်တည်ဆောက်ပေးထား သော်လည်း စိုက်ပျိုးလုပ်ကိုင်ရန် အခက်အခဲဖြစ်နေပြီး ဒေသခံများအနေဖြင့် နေထိုင်ရန်နှင့် စီးပွါးရေး လုပ်ကိုင်ရန် အဆင်ပြေမည့်နေရာ အား ပြန်လည်ပြောင်းရွှေ့ခွင့် ပေးစေလိုကြောင်း ပြောသည်။

“သူတို့ပေးတဲ့ရွာက ကျောက်ဆောက်ကျောက်ခဲတွေ ခံနေတယ်။ မြေကြီး မကောင်းတော့ စိုက်ရတာ အဆင် မပြေဘူး။ ကျန်းမာရေးနဲ့ တခြားစရိတ်အတွက်က တောထွက်ပြီး ကြိမ်ခုတ်တာတို့၊ ဟင်းသီးဟင်းရွက်ရှာတာတို့ လုပ်ရတယ်။ တရုတ်က ဆန်မပေးတော့ဘူးဆိုရင် စားဖို့အတွက်ပါ တော်တော် ခက်တော့မှာ” ဟု ဒေသခံ ဦးဆိုင်းတူး က ပြောသည်။

ယခင်က မြစ်ဆုံအနီးရှိ ဒေသခံများသည် တနိုင်တပိုင် ရွှေတူးဖော်ခြင်းနှင့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ကြသည်။

မြစ်ဆုံရေကာတာ စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရသည့် ရွာသုံးရွာရှိပြီး အိမ်ထောင်စု စုစုပေါင်း ၃၀၀ ကျော် ရှိသည်။ ၂ဝဝ၉ ခုနှစ်က ထိုကျေးရွာများကို အောင်မြင်သာ ကျေးရွာအဖြစ် ရွာသစ်တည်၍ ပြောင်းရွှေ့
နေထိုင်စေခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။