Monday, June 3, 2013

မငြိမ်းချမ်းသေးသော အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

(စည်းလုံးခြင်းရဲ့အင်အား)

ဗိုလ်ချုပ် ဂွမ်မော်နဲ့အတူ ဦးအောင်မင်း

မကြာသေးမှီကလေးကမှ KIO နှင့် အစိုးရတို့ရဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲကို မြစ်ကြီးနားမှာ ကျင်းပပြီးစီးခဲ့ရာ သဘောတူညီချက် (၇) ချက် ရရှိခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲဟာ အစိုးရ မျှော်လင့်ထားတဲ့ အပစ်ရပ် စာချုပ်ကိုတော့ ချုပ်ဆိုနိုင်ခြင်း မရှိဘဲ KIO နဲ့ မချိပြုံး လက်ဆွဲ နှုတ်ဆက်ကာ နေပြည်တော်ပြန် (အိမ်ပြန်) မျက်နှာပန်းမလှ ဖြစ်ခဲ့ရသူကတော့ ဦးအောင်မင်းဖြစ်ကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။

KIO ကတော့ မြစ်ကြီးနားတွင် ဆက်သွယ်ရေးရုံး ဖွင့်လှစ်ခွင့် ရရှိသွားကာ မတရားအသင်း ကြေညာထားခြင်းမှ ပယ်ဖျက်ပေးခွင့် ရခဲ့သလို ဒုက္ခသည်များ အရေးနှင့် တပ်နေရာ ချထားရေး ကိစ္စတွေမှာလည်း သဘောတူညီချက် ရရှိသွားတာကြောင့် အကျိုးရှိသွားတယ်လို့ သုံးသပ်ရပါတယ်။ တပ်နေရာချထားရေးနှင့် စောင့်ကြည့် ကြပ်မတ်ရေးအဖွဲ့ ကိစ္စများနဲ့ စပ်လျဉ်းပြီး ကစထမှူး ဒုဗိုလ်ချုပ်ကြီးမြင့်စိုး တစ်ယောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အထူးအာဏာကုန် လွှဲအပ်ခံထားရတယ်ဆိုမှ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ အကျိုးအကြောင်း တင်ပြရာမှာတော့ နောက်ကောက်ကျပြီး အရှိုက်ထိုးခံရတဲ့ လက်ဝှေ့သမားပမာ ပန်းကုံးနဲ့ဂုဏ်ပြုခံရဖို့ ဝေးကွာသွားပြီ ဖြစ်ပါတယ်။ အပစ်ရပ် စာချုပ်ကို KIO က လက်မှတ် ထိုးမပေးလိုက်တဲ့အတွက် နှပ်ကြောင်းပေး ခံရတဲ့သူလို တပ်ချုပ်က ဒုဗိုလ်ချုပ်ကြီးမြင့်စိုးကို ဆက်ဆံမှာတော့ သေချာကြောင်း စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။


ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး

နိုင်ငံတကာ စောင့်ကြည့် လေ့လာရေးဖြစ်တဲ့ US နဲ့ UK ကိုပါ တရားဝင် ဖိတ်ကြားမှ KIO က အပစ်ရပ်စာချုပ် ချုပ်မယ့်သဘောမျိုး ဦးအောင်မင်းတစ်ယောက် သမ္မတထံ တင်ပြရမှာဖြစ်လို့ သူကိုယ်တိုင် သမ္မတရုံးခန်း မဝင်ရဲလို့ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်နေတဲ့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းကို စစ်ကူတောင်းကာ ဝင်ရမလို ဖြစ်နေပါတယ်။ ဒီအတိုင်းဆို လာမဲ့ ဇွန်/ ဇူလိုင်လအတွင်း သမ္မတကိုယ်တိုင် နေပြည်တော်မှာ ကျင်းပမယ်ဆိုတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် KIO အား အပစ်ရပ် စာချုပ် လက်မှတ် မထိုးဘဲ တက်ရောက်ခိုင်းရမလို ဖြစ်နေပါတယ်။ ဒါဆိုရင်တော့ အခြား တိုင်းရင်းသား လက်နက်ကိုင်များအတွက် ပြောစရာ ဖြစ်နေပါဦးမယ်။ တပြေးညီ တန်းတူ ဆွေးနွေးသွားတာမျိုး မဟုတ်ဘဲ KIO ကို မျက်နှာသာ ပေးသလို ဖြစ်သွားမှာမို့ သမ္မတအဖို့ အကြပ်အတည်း တွေ့နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ကချင်ပြည်နယ်မှာ အပစ်ရပ် စာချုပ် မချုပ်ဆိုဘဲ နှစ်ဖက် စောင့်ကြည့်ရေး အဖွဲ့နဲ့ ကြီးကြပ်ရုံဖြင့် မထိန်းကွပ်နိုင်သလို နှစ်ဦးနှစ်ဖက် အလိုက်သိစွာ တပ်ရွေ့ပြောင်းရေး ကိစ္စတွေ လုပ်ရင်လည်း အဖုအထစ်တွေ များနိုင်ပြီး နားလည်မှု လွဲမှားကာ မြေပြင်တိုက်ပွဲများ ဆက်လက် ဖြစ်ပေါ်နိုင်ပါတယ်။

အစိုးရအနေနဲ့ ဤဆွေးနွေးပွဲ ရလဒ်ကတော့ မဟာဗျူဟာ အကျိုးရလဒ်ရရှိနိုင်ပြီး နည်းဗျူဟာပိုင်းမှာတော့ အထက်တင်ပြပါအတိုင်း အရှုံးထွက်သွားပါတယ်။ မဟာဗျူဟာ အကျိုးရလဒ် ဆိုတာကတော့ ပြည်သူလူထုရဲ့ လေးစား အသိအမှတ်ပြုမှု အထိုက်အလျောက် ရရှိသွားတာ ဖြစ်ပါတယ်။ အစိုးရရဲ့ လိုက်လျောမှုနဲ့ သည်းခံအလျော့ပေးမှု ပေါ်လွင်သွားပါတယ်။

KIO အနေနဲ့တော့ မဟာဗျူဟာရော နည်းဗျူဟာပါ (၂) ခုစလုံး အကျိုးရလာဒ် ရရှိသွားတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ ဒါပေမဲ့ အပစ်ရပ် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ကြီး တစ်ခုမှ အမည်မဖေါ်လိုသူ တစ်ဦးကတော့ KIO အနေနဲ့ နိုင်ငံတကာ လေ့လာမှုတွေနဲ့ ပတ်သက်လို့ တအုပ်တမကြီး တောင်းဆိုနေတာကတော့ လွန်လွန်းအားကြီးတယ်လို့ ပြောဆိုသွားပါတယ်။ KIO ရဲ့ တောင်းဆိုမှုတွေကို လိုက်လျောနေရတဲ့ အစိုးရအပေါ် ကရုဏာသက်ကာ တရုတ်က မြန်မာအစိုးရအပေါ် ထောက်ခံမှု အားပိုရသွားနိုင်သလို KIO ကိုလည်း တိုင်းရင်းသား တချို့က သတိထား ဆက်ဆံလာကာ အထီးကျန် ဖြစ်သွားနိုင်တယ်လို့လည်း သူကဆိုပါတယ်။ အစိုးရကတော့ နောက်တစ်ကွက် ဆုတ်ပြီး ရှေ့နှစ်လှမ်းတက်ဖို့ အစီအစဉ်နဲ့ ဆင်ကြံ ကြံဦးမှာ ဖြစ်ပါကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် ပေးပို့သွားပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။