Friday, June 21, 2013

ကျည်ဆံဖြင့် ထုလုပ်ထားသည့် ငြိမ်းချမ်းရေးဆင်းတုတော် ကိန်းဝပ်မည့်နေရာ အခက်အခဲရှိနေ

(Mizzima)

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ ကောက်ယူလာသည့် ကျည်ဆံခွံများဖြင့် သွန်းလုပ်ထားသော မနောဝိမုတ္တိရသ (ငြိမ်းချမ်းရေး ဆင်းတုတော်)ကို လိုင်ဇာသို့ ပို့ဆောင်နေရာ ကိန်းဝပ်စံပယ်ရန် နေရာအခက်အခဲရှိပါက ဆင်းတု
တော်ကို ပြန်ပင့်လာမည် ဖြစ်သည်ဟု ဆင်းတုတော်ကို လိုက်ပါပို့ဆောင်နေသူ ဦးဝင်းချိုက မဇ္ဈိမကို ပြောသည်။

လိုင်ဇာတွင် ဗုဒ္ဒဘာသာဆိုင်ရာ သာသနိက အဆောက်အအုံများ မရှိသောကြောင့် ဆင်းတုတော်ကို ကိုးကွယ် ထားရန် နေရာမရှိ၍ ဗုဒ္ဒဘာသာဝင် လူနည်းစုများ အနေဖြင့် အခက်အခဲရှိနိုင်သည်ဟု ဦးဝင်းချိုက ပြောသည်။



၎င်းက ''လက်ရှိအနေအထားက လိုင်ဇာမှာ ဘုန်းကြီးကျောင်း မရှိပါဘူး။ သဒ္ဒါ၊ ခွန်အား၊ မမျှပဲနဲ့ မတတ်နိုင်လို့ ဒီဆင်းတုတော် ကိန်းဝပ်စံပယ်ဖို့ ဒီအခြေအနေနဲ့ ဘာမှလုပ်မပေးနိုင်ဘူး အခက်အခဲရှိတယ်ဆိုရင် ပြန်လည်
ပင့်ဆောင်လာမယ်'' ဟု ဆိုသည်။

ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှ ကောက်ယူရရှိခဲ့သော ကျည်ဆံခွံများဖြင့် ဘုရားဆင်းတုနှင့် လက်ဝါးကပ်တိုင် သွန်းလုပ်ပြီး လိုင်ဇာသို့ ပို့ဆောင်ရာ ဇွန်လ ၁၉ ရက်က မြစ်ကြီးနားသို့ ရောက်ရှိပြီ ဖြစ်သည်။ ဆင်းတုတော်ကို လိုင်ဇာရှိ ဗုဒ္ဓဘာသာဝင် လူနည်းစု၏ တောင်းဆိုမှုကြောင့် သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။

လက်ဝါးကပ်တိုင်မှာမူ တောင်းဆိုခြင်းကြောင့် မဟုတ်ဘဲ လိုက်ဇာတွင် ခရစ်ယာန် ဘာသာအများစု ဖြစ်သောကြောင့် သွန်းလုပ်ခဲ့ခြင်းဖြစ်ရာ လက်ခံမည်ဟု ယုံကြည်သည်ဟုလည်း ဦးဝင်းချို က ပြောသည်။

လက်ဝါးကပ်တိုင် ပင့်ဆောင်လာခြင်းနှင့် ပတ်သက်ပြီး ကချင်တိုင်းရင်းသူ အလွတ်တန်းသတင်းထောက် မဆိုင်းမိုင်ကို ဆက်သွယ်မေးမြန်းရာ ''အထိမ်းအမှတ်တစ်ခု အနေနဲ့တော့ ထားသင့်တယ်။ နိုင်ငံရေးတောင် အဆင်မပြေတဲ့ အချိန်မှာ ဘာသာရေးကိုတော့ မပြောချင်ဘူး'' ဟု မဇ္ဈိမကို ပြောသည်။

လိုင်ဇာတွင် ဆင်းတုတော် ကိုးကွယ်ရန် နေရာမရှိပါက ပြန်လည်ပင့်ဆောင်လာပြီး ကာကွယ်ရေး ဦးစီးချုပ်များ ကိုးကွယ်နိုင်ရန် ပို့ဆောင်ပေးသွားမည်ဟုလည်း ဦးဝင်းချိုက ပြောသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။