Tuesday, June 4, 2013

ကချင်ပြည်တွင်းစစ် နှစ်နှစ်ပြည့် ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ကျင်းပမည်

(မြစ်မခ)

ကချင်ပြည်နယ်စစ်ပွဲကြောင့် သေဆုံးခဲ့သည့် ပြည်သူများနှင့် နှစ်ဖက်စစ်တပ်မှ စစ်သည်များကို ရည်စူး၍ လာမည့် ဇွန်လ(၉)ရက်နေ့တွင် ကျရောက်သော ကချင်ပြည်တွင်းစစ်(၂)နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် ဆုတောင်းအမျှဝေမှုကို ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ငြိမ်းချမ်းရေးလိုလားသော ပြည်သူများနှင့် လူမှုကွန်ယက်အဖွဲ့အစည်းများထံက သိရှိရသည်။
 
စစ်ပွဲကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေနဲ့ နှစ်ဖက်စစ်တပ်က စစ်သားတွေကိုရည်စူးပြီး ဆုတောင်းအမျှဝေ ပွဲလေး လုပ်ချင်တာရယ်၊ အခုရှိနေတဲ့အခြေအနေကနေ တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်လာစေဖို့ရယ်၊ ပြည်သူတွေရဲ့အားနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မှုဖြစ်စဉ်မှာ ပါဝင်လာစေဖို့ကြောင့် ဒီပွဲလေးကို ၀ိုင်းလုပ်ကြဖို့ စီစဉ်တာပါ ဟု အဖြူရောင်တွဲလက် အဖွဲ့ဝင် ကိုဖိုးသားက ပြောသည်။

 
အထိမ်းအမှတ်ပွဲကို ဇွန်လ(၉)ရက်နေ့ နံနက်(၉)နာရီခွဲမှ စတင်ကာ ရန်ကုန်မြို့ရှိ ကျောက်တံတား မြို့နယ်ရှိ မြို့တော်ခန်းမရှေ့မှ လသာ၊ ပန်းပဲတန်း၊ လမ်းမတော်မြို့နယ်ကို ဖြတ်၍ အလုံမြို့နယ်အထိ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရသည်။
 
အဆိုပါ နေ့တွင် ဘုန်းကြီးဆွမ်းကပ်ခြင်း ၊ ဓာတ်ပုံပြပွဲပြုလုပ်ခြင်း နှင့် ဆုတောင်းအမျှဝေခြင်းများ ပြုလုပ်မည်ဖြစ်ပြီး အဖွဲ့အစည်းပေါင်း(၇၀)ခန့်အား ဖိတ်ကြားပြီးဖြစ်ကြောင်း သိရှိရသည်။
 
ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲအတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများသို့ မေလ(၃၀)ရက်နေ့က ခွင့်ပြုမိန့်တင်ထားသော်လည်း ပန်းပဲတန်းမြို့နယ်မှ ခွင့်ပြုမိန့်ရရှိကာ ကျန်မြို့နယ်များထံက အကြောင်းပြန်ခြင်းမရှိသေးကြောင်း လူမှုရေးကွန်ယက်များထံက သိရှိရသည်
 
၅ မြို့နယ်လုံးကို ခွင့်ပြုမိန့်တင်ထားတာ ပန်ပဲတန်းမြို့နယ်ကတော့ ခွင့်ပြုမိန့်ကျပါပြီ။ ၉ ရက်နေ့ မနက် ၉နာရီ မှာလူစုပြီး ၉ နာရီခွဲမှာမြို့တော်ခန်းမရှေ့ကနေ ဆုတောင်းပွဲပြုလုပ်မည့် နေရာရောက်အောင် လမ်းလျှောက် ကြမှာ ဖြစ်ပါတယ်။ ဟု ရန်ကုန်မှ လိုင်ဇာသို့ လမ်းလျှောက်ရာတွင် ပါဝင်ခဲ့သူ ကိုအောင်မင်းနိုင်က ပြောသည်။
 
ကချင်စစ်ပွဲ(၂)နှစ်ပြည့်အထိမ်းအမှတ် ကျင်းပနိုင်ရန်အတွက် အလုံမြို့နယ်ရှိ ကရင်ခြံတွင် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အစီအစဉ်ပျက်ခဲ့ပြီး အလုံမြို့နယ် သစ်တောလမ်းရှိ ဇောတနာရာမ ကျောင်းတိုက်တွင် ပြောင်းရွှေ့ပြုလုပ်ရန် လျာထားကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
 
ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော် နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ နှစ်ဖက် တိုက်ပွဲသည် ၂၀၁၁ခုနှစ် ဇွန်လ(၉)ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ဘေးဒုက္ခသည်များမှာ တစ်သိန်းကျော်ရှိခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။