Tuesday, June 18, 2013

အစားအဆိပ်သင့်သူများကျန်းမာရေးအခြေအနေပြန်ကောင်းလာ

(Kachin Waves FB)

၂၀၁၃ ဇွန် ၁၆ ရက်နေ့ မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်းရပ်ကွက် အိမ်ထောင်စည်းဝေး ၀တ်ပြုပွဲတွင် ကျွေးမွေးသော ကချင်ဒံပေါက် စားကာ အစားအဆိပ်သင့်ပြီး ဆေးရုံရောက်လာသူများ ယနေ့ ဇွန် ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် ကျန်းမာရေး ပြန်လည်သက်သာလာပြီး ဆေးရုံမှ ဆင်းသွားကြပြီး ဖြစ်သည်။

“အခုက လူနာ ၉ ယောက်ပဲကျန်တော့တယ်။ မနေ့ညက အစာအဆိပ့်သင့် (food poison) ဖြစ်တာပါ။ food poison ဆိုတာ အဆိပ်ခပ်ပြီး အဆပ်မိတဲ့ သဘောကို ပြောတာ မဟုတ်ပါဘူး။ အသားနဲ့ အသီးအရွက် နဲ့ ပေါင်းစပ်ထားပြီး မစားခင် ပြင်ဆင်ချိန် အနည်းငယ် ကြာသွားပြီး ရာသီဥတုလည်းပူတော့ bacteria ပိုး ၀င်သွားလို့ အစာအဆိပ် ဖြစ်သွားတဲ့ သဘောပါ။အစားမှာ အဆိပ်ခပ်ပြီး ဖြစ်တဲ့အဆိပ် မဟုတ်ပါဘူး။ ”ဟု မြစ်ကြီးနား ဆေးရုံအုပ်ကြီးမှ ဆိုသည်။



ဇွန် ၁၆ ရက်နေ့ညတွင် အစားအဆိပ်သင့်ပြီး ဆေးရုံသို့ စုစုပေါင်း အယောက် ၁၃၂ ယောက်ရှိလာကြသည့်အထဲမှ ၇၁ ယောက်သည် ကလေးငယ်များဖြစ်ကြသည်။ ယနေ့တွင် ကလေး ၆ ယောက်နှင့် လူကြီး ၃ သည် အခုထိ ဆေးရုံကြီးတွင် ဆေးဆက်လက် ကုသ ခံယူလျှက်ရှိသည်။ 


အိမ်ထောင်စည်းဝေး ဆုတောင်းပွဲတွင် ကြက်သားကချင် ဒံပေါက်ကျွေးမွေးခဲ့ ခြင်း ဖြစ် သည်။ဝတ်ပြုဆုတောင်းပွဲပြီးနောက် ညနေ ၅ နာရီခန့်မှ စတင်ပြီး အော့အန်၊ ၀မ်းလျော၊ ၀မ်းဗိုက်နာကာ ဆေးရုံသို့ အဖွဲ့လိုက် ရောက်ရှိ လာခြင်းဖြစ်သည်။ 

“အခုက ကျွန်မတို့ သိပ်မသက်သာသေးတဲ့ ကလေး ၆ ယောက်နှင့် လူကြီး (၃) ယောက်သာ ကျန်တော့တာ။ ကျန်တဲ့လူတွေ တော့ သက်သာသွားပြီး ဒီမနက် ၁၀ နာရီလောက် ပြန်သွားကြပြီ” ဆေးဆက်လက်ကုသခံယူလျှက်ရှိသော ကလေး၏ မိခင် ဒေါ်လုဘူက ဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။