Sunday, June 23, 2013

ကချင်ပြည်နယ် အတွင်းရှိ အသေးစားမွေးမြူရေး လုပ်ငန်းများ တရုတ်မှောင်ခို ပစ္စည်းများကြောင့် အများစု ရပ်ဆိုင်းသွား

(Eleven Media Group)

ကချင်ပြည်နယ် အတွင်းရှိ မြို့ကျေးရွာများတွင် ဆယ်စုနှစ်ကျော်ကြာ ရပ်တည်ခဲ့သော အသေးစားမွေးမြူရေး လုပ်ငန်းများ တရုတ်မှောင်ခို ပစ္စည်းများကြောင့် အများစုမှာ ရပ်ဆိုင်းသွားကြောင်း စုံစမ်းသိရသည်။         

တရုတ်နိုင်ငံမှ ကြက်ဥ၊ ကြက်သားပေါင်း၊ နို့ထွက်ကလေးစားစရာ ပစ္စည်းများ ဈေးပေါပေါဖြင့် တင်သွင်းလာခြင်းကြောင့် ဒေသထွက်ကုန် ပစ္စည်းများမှာ ဈေးကွက်အတွင်း ပျောက်ကွယ်သွားကြောင်း အသေးစားမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။


မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်နေသူ မြစ်ကြီးနားမြို့ ရွှေအိုက်ရပ်ကွက်မှ ဦးစိုးဝင်းက "၁၉၉၇ ကနေ ၂၀၀၈ ခုနှစ်အထိ မြစ်ကြီးနားမြို့မှာ ကျွန်တော်တို့ရဲ့ ကြက်ဥဈေးကွက် ရှိခဲ့တယ်။ မွေးမြူတဲ့လူလည်း   ကျွန်တော်တို့ရပ်ကွက် နှစ်ခုတည်းမှာတင် ၃၀ ကျော် ဖြစ်လာတယ်။ တစ်ဦးကို အကောင်နှစ်ထောင်မှ တစ်သောင်းကျော်အထိ မွေးကြတယ်။ ၂၀၀၈ ခုနှစ်ကနေပြီး တရုတ်ပြည်ကနေ ကြက်ဥ၊ ကြက်ကင်၊ အသည်းကင်တွေ မှောင်ခိုလမ်းကနေ ၀င်လာတယ်။ ကျွန်တော်တို့က မူရင်းဈေး ကျပ် ၇၀ ရှိတယ်။ တရုတ်ကြက်ဥက ၆၅ ကျပ်နဲ့ လာသွင်းတယ်။ သူတို့ဘက်ကို စုံစမ်းကြည့်တော့ အစစအရာရာ သက်သာတယ်။ မီတာခဆိုရင် ကျွန်တော်တို့ဆီမှာ တစ်ယူနစ်ကိုကျပ် ၁၆၀ ကျတယ်။ သူတို့ဆီမှာက မြန်မာငွေကျပ် ၅၀ လောက်နဲ့ ရနေတော့ အစစအရာရာ မယှဉ်နိုင်ဘူး။ 
လမ်းပန်းဆက်သွယ်ရေးက အစပေါ့။ မွေးမြူရေးသမားတွေ တဖြည်းဖြည်းနဲ့ ရှုံးလာတာ ဘယ်သူမှ နာလန်မထူနိုင်တော့ဘူး။ တချို့လည်း အိမ်တွေယာတွေ ပြုတ်ကုန်တယ်။ သက်ဆိုင်ရာကို အကြောင်းကြားပေမယ့် ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုး မရှိခဲ့ဘူး။ အခု ကျွန်တော်တောင် ဥစားကြက် မမွေးတာ တစ်နှစ်ကျော်ခဲ့ပြီ။ အသားစားကြက် ၅၀၀ ကျော် မွေးထားတာလည်း ဒီလနောက်ဆုံးပါ" ဟု ပြောကြားသည်။

မွေးမြူခဲ့သူများ၏ ပြောပြချက်အရ အလတ်စား မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများမှာ ရာခိုင်နှုန်း ၉၀ ကျော် ဖျက်သိမ်းသွားကြောင်း သိရသည်။

ဥစားကြက်နှင့် အသားစားကြက်များကို ၁၆ နှစ်ကျော် မွေးမြူလာခဲ့သည့် ၀ိုင်းမော်မြို့မှ ဦးအိုက်ရင်က "၂၀၀၈ ခုနှစ်က စတင်လို့ ဥစားကြက်မွေးမြူရေးတွေ အရှုံးပေါ်လာတယ်။ ဘယ်သူကမှလည်း အကာအကွယ် မပေးကြဘူး။ ၂၀၁၀ လောက်မှာ အားလုံးပျောက်ကွယ်သွားတယ်။ အသားစားကြက်လည်း အဲဒီနည်းအတိုင်းပဲ။ ဈေးမှာကြက်လိုင်စင် ယူထားတဲ့ လူတွေလည်း အကြွေးမပေးကြတာ ပါတယ်။ လုပ်ငန်းစဉ် တစ်လျှောက်လုံးမှာ အရှုံးခံရတာက ကျွန်တော်တို့ မွေးမြူရေး သမားတွေပဲ။ အခုတော့ ၀က်ပဲမွေးနိုင်တော့တယ်" ဟု ဆိုသည်။  

လုပ်ငန်းရှင်များ၏ ပြောပြချက်အရ ကချင်ပြည်နယ်အတွင်းသို့ ကန်ပိုက်တီး နယ်စပ်ဂိတ်နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်မှတစ်ဆင့် ကြက်ဥများ နေ့စဉ်သောင်းချီ၍ ၀င်ရောက်နေကြောင်း သိရသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်သို့ နေ့စဉ်မှောင်ခို တင်သွင်းနေသော ပစ္စည်းများမှာ လျှပ်စစ်ပစ္စည်းများ၊ ဘီယာမျိုးစုံနှင့် ဆေးလိပ်များ၊ အ၀တ်အထည်များ၊ အိမ်ဆောက်ပစ္စည်းများ၊ ကလေးငယ်များအတွက် စားစရာများအပြင် အခြားပစ္စည်းများစွာလည်း ၀င်ရောက်လျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။