Wednesday, June 12, 2013

ကချင်ပြည်သူ လူထု၏ လိုလားချက်များနှင့် အကြံဥာဏ်များ ရယူရန် ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ကချင်လူထု ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမည်

(Eleven Media Group)

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ရှိ မိုင်းနား (KBC) ဒုက္ခသည် စခန်းရှိ စစ်ပြေးဒုက္ခသည်များအား မေ ၃၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) သည် ကချင်ပြည်နယ် အတွင်းရှိ ပြည်သူလူထု၏ လိုလားချက်များနှင့် အကြံဥာဏ်များ ရယူရန်အတွက် ကချင်လူထု ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြားသည်။


ကချင်လွတ်မြောက်ရေး တပ်မတော် အနေဖြင့် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီး စကတည်းက ယင်းကဲ့သို့ တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ယခုအကြိမ်တွင် ကချင်ငြိမ်းချမ်းရေး ကွန်ရက်ကလည်း ပါဝင်ဆွေးနွေး သွားမည်ဖြစ်ကာ နေရာနှင့် အချိန်ကိုမူ အတိအကျ မသတ်မှတ်ရ သေးသော်လည်း လာမည့်နှစ်ပတ်အတွင်း ဖြစ်ဖွယ်ရှိသည်ဟု ဒေါ်ခွန်ဂျာက ပြောကြားသည်။

"အရင်အကြိမ်တွေ တွေ့တုန်းကတော့ သူတို့က ပြည်သူလူထုကို ဘာလိုချင်လဲ မေးတယ်။ ငါတို့ဘက်မှာတော့ ဒီလိုဒီလို အခြေအနေတွေ ဖြစ်နေပြီ။ အဲဒီတော့ ပြည်သူလူထုက ဒီအတိုင်း ဆက်တိုက်တာ ကြိုက်လား။ လက်နက်ချတာကို ကြိုက်လား။ အဲဒါမျိုး မေးတာတွေ ရှိတယ်။ ပြီးတော့ နိုင်ငံတကာ ရန်ပုံငွေတွေ ပြတ်သွားတဲ့အခါ ဒုက္ခသည်တွေကို ဘယ်လိုဆက် ကျွေးမွေးရမလဲ ဆိုတာမျိုးတွေလည်း ဆွေးနွေးတာ ရှိတယ်" ဟု ဒေါ်ခွန်ဂျာက ဆိုသည်။

ကချင်ငြိမ်းချမ်းရေး ကွန်ရက်အနေဖြင့် ပြည်သူများနှင့် တွေ့ဆုံရာတွင် နီးစပ်ရာများကို ခေါ်ယူတွေ့ဆုံခြင်းမျိုး မဟုတ်ဘဲ ပြည်သူလူထုကို စနစ်တကျ ကိုယ်စားပြုသည့် အဖွဲ့များနှင့် တွေ့ဆုံနိုင်ရန် ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်း၊ ဒုက္ခသည်များ နေရာချထားရေး ဆွေးနွေးမည် ဆိုပါက ဒုက္ခသည်များကို ကိုယ်စားပြုသူများ ပါဝင်ရန်လိုကြောင်း ဒေါ်ခွန်ဂျာက ပြောကြားသည်။

ကချင်လွတ်မြောက်ရေး တပ်မတော် အနေဖြင့် ပြီးခဲ့သည့် မေ ၂၈ ရက်က အစိုးရနှင့် သုံးရက်ကြာ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန် လာသည့်ကိုယ်စားလှယ် အဖွဲ့ကို ကချင်ပြည်သူ လူထုက သောင်းသောင်းဖြဖြ ကြိုဆိုမှုများ ပြုလုပ်ခဲ့ကာ ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသခဲ့သည်။

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် တပ်မတော်ကြားတွင် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီး ၁၇ နှစ်ကြာ ငြိမ်းချမ်းရေး ရရှိခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ် ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခဲ့ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာထိ တိုက်ပွဲပေါင်း အကြိမ် ၂၄၀၀ ခန့် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု (၁၆) ကြိမ်အထိ ပြုလုပ်ခဲ့ပြီး ယခုအချိန်အထိ အပြီးသတ် ငြိမ်းချမ်းရေး ရယူနိုင်ခြင်း မရှိသေးပေ။ အဆိုပါ စစ်ပွဲများကြောင့် ကချင်ပြည်နယ်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်မှာ တစ်သိန်းနီးပါးခန့် ရှိနေကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။