Tuesday, June 11, 2013

ကချင်ပြည်နယ် ဧရာဝတီ မြစ်ရိုးတစ်လျှောက် ရှမ်းရွာများရှိ ပြည်သူ့စစ် အဖွဲ့များ

(Eleven Media Group)

တာလောကြီး ကျေးရွာ၌ ပြုလုပ်ခဲ့သော ပြည်သူ့စစ်သင်တန်း ဆင်းပွဲမှ မြင်ကွင်းတစ်ခု (ဓာတ်ပုံ - ထွန်းလင်းအောင်)

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ ရှမ်းရွာများတွင် ပြည်သူ့စစ် အဖွဲ့များ ပေါ်ပေါက်လာပြီး ရပ်ရွာလုံခြုံရေးကို တပ်မတော်နှင့်အတူ ပူးတွဲတာဝန် ထမ်းဆောင်စေခဲ့ ပါသည်။  


မြစ်ကြီးနားမြို့နယ် ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ တာလောကြီး တိုက်နယ်တွင် ရှမ်းနီ (တိုင်းလိုင်) လူမျိုးများ အများဆုံး နေထိုင်လျက် ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်း အစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်လာခဲ့ပြီးနောက် အဆိုပါ ဒေသများတွင် ပြည်သူ့စစ် အဖွဲ့များကို တပ်မတော်မှ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

"ပြည်သူ့စစ် အဖွဲ့ကို စတင်ဖွဲ့စည်းချိန်က အင်အား ၂၅၀ လောက် ရှိပါတယ်။ နောက်ပိုင်းမှာ သင်တန်းပေးပြီး တိုးချဲ့ဖွဲ့စည်းခဲ့တယ်။ အခုချိန်မှာတော့ အင်အား ၇၅၀ ကျော်လောက် ရှိသွားပါပြီ" ဟု တာလောကြီးကျေးရွာ ပြည်သူ့စစ်နာယက ဦးစန်းဝေက ပြောကြားသည်။

ဧရာဝတီ မြစ်ရိုးတစ်လျှောက်ရှိ ရှမ်းနီ (တိုင်းလိုင်) ကျေးရွာများအနက် တာလောကြီးကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့ကို ပထမဆုံး ဖွဲ့စည်းခဲ့သည့် ကျေးရွာဖြစ်ပြီး ၂၀၁၂ ခုနှစ် မေလအတွင်းက စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပြည်သူ့စစ်များကို ကချင်ပြည်နယ်ရှိ ခလရ ၃၇ မှ စစ်ပညာများ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး စစ်လက်နက် တပ်ဆင်ခြင်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည်။ လက်ရှိ အချိန်တွင် အင်အား ၇၅၀ ခန့်ရှိသော ပြည်သူ့စစ် အဖွဲ့ဝင်များကို လက်နက် ၈၀ ခန့်နှင့် ကျည်အရေအတွက် အတောင့် ၆၀၀၀ ခန့် တပ်ဆင်ပေးထားကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့နယ် အတွင်းရှိ ရှမ်းနီ (တိုင်းလိုင်)ကျေးရွာများကို KIA ရှေ့တန်း တပ်ဖွဲ့ဝင် အချို့မှ ဆက်ကြေးတောင်းခံခြင်း၊ စစ်သားစုဆောင်းခြင်း၊ ကျေးရွာသားများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခြင်းများ ရှိခဲ့သဖြင့် ၂၀၁၁ ခုနှင့် ၂၀၁၂ ခုနှစ် ကာလများ၌ အစိုးရနှင့် KIA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားချိန်တွင် ပြည်သူ့စစ်များကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် တာလောကြီး တိုက်နယ်အတွင်းရှိ ပြည်သူ့စစ် အဖွဲ့ဝင်များကို တပ်မ ၃၃ လက်အောက်ခံအဖြစ် ထားရှိထားကြောင်း သိရသည်။

တစ်နှစ်တာ ကာလအတွင်း ပြည်သူ့စစ် အင်အားကို တိုးမြှင့်ခဲ့သော်လည်း လတ်တလော အချိန်တွင် အခြေအနေများ တည်ငြိမ်နေသဖြင့် ပြည်သူ့စစ်အင်အားကို ဆက်လက်တိုးချဲ့ရန် အစီအစဉ် မရှိကြောင်း တာလောကြီး တိုက်နယ်အတွင်းရှိ အမည်မဖော်လိုသူ တပ်မတော် အရာရှိတစ်ဦးက ပြောကြားသည်။
တာလောကြီး တိုက်နယ်ရှိ တာလောကြီးကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ တာချယ်ကျေးရွာ၊ စံကင်းကျေးရွာ၊ ကုလားကုန်းကျေးရွာ၊ ခေါင်ဖူးကျေးရွာ၊ ရေကြည်ကျေးရွာတို့တွင် ပြည်သူ့စစ်အဖွဲ့များ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

၂၀၁၁ ခုနှစ်အတွင်း တာလောကြီး ကျေးရွာမှ လူငယ်များ လယ်ယာလုပ်ငန်း လုပ်ကိုင်နေစဉ် အဆိုပါ လူငယ်များကို KIA မှ ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလ နောက်ပိုင်းတွင် တာလောကြီးကျေးရွာမှ အဖမ်းခံခဲ့ရပြီး KIA တပ်သားဖြစ်နေသူ လူငယ်များအနက် ၅၂ ဦးမှာ တစ်ဦးချင်းနှင့် အဖွဲ့လိုက် တာလောကြီးကျေးရွာသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ခဲ့ပါသည်။ ထိုသို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ပြီး ပြန်ရောက်လာခဲ့သော လူငယ်များကို အခြေခံပြီး ပြည်သူ့စစ် အဖွဲ့များကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။

အစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ် အချိန်က ဒေသခံများကို ခေါ်ဆောင်ပြီး စစ်သားစုဆောင်းခြင်းမှာ နှစ်ဖက်စလုံးတွင် ရှိခဲ့ပြီး ၂၀၁၃ ခုနှစ် နောက်ပိုင်းမှ စတင်၍ ထိုဖြစ်စဉ်များ မရှိတော့ကြောင်း ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။ ယခုလပိုင်းအတွင် ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ မရှိသလောက် နည်းပါးသွားသဖြင့် စစ်ရှောင်ဒုက္ခသည်အချို့ နေရပ်ပြန်ပြီး ရွာအနီးတစ်ဝိုက်တွင် မူလလုပ်ကိုင်နေသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပြန်လည်လုပ်ကိုင် နေကြကြောင်း သိရသည်။

အစိုးရနှင့် KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့များ ဆွေးနွေးခဲ့သည့် ရက်စွဲများ
၂၀၁၁ ခုနှစ် ဇွန် ၁ ရက် - KIO ဘက်မှ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုခဲ့ပြီး KIA ထိန်းချုပ်ဒေသနှင့် နီးစပ်သည့် ဒေသများမှ အစိုးရတပ်များ ရုပ်သိမ်းပေးရေး ကိစ္စရပ်ကို တောင်းဆို။ အစိုးရ ကိုယ်စားလှယ်အဖွဲ့ ထိုတောင်းဆိုချက်ကို ပယ်ချခဲ့။

၂၀၁၁ ခုနှစ် ဇွန် ၁၇ ရက် - ကချင်အမျိုးသား အတိုင်ပင်ခံ ကော်မတီမှ ဆွန်ဖောင်းဆင်ဝါး၊ လဘန်ဂမ်အောင်၊ ဒိန်ယောင်ဇော်အင်နှင့် ဦးသိန်းဇော်တို့ ကချင်ပြည်နယ်၊ လိုင်ဇာသို့ သွားရောက်ခဲ့။ အစိုးရက အပစ်အခတ် ရပ်စဲရန် KIO ကို နှုတ်ဖြင့် ကမ်းလှမ်းခဲ့။ အပစ်အခတ် ရပ်စဲရေးများ မစတင်မီ နိုင်ငံရေး အသိအမှတ်ပြုမှုများ ရှိရန်လိုအပ်သည်ဟု KIO ဘက်မှ တုံ့ပြန်။

၂၀၁၁ ခုနှစ် ဇူလိုင် ၉ - ဗန်းမော်တွင် တွေ့ဆုံရန် စီစဉ်ခဲ့သော ဆွေးနွေးပွဲကို KIO ဘက်မှ ငြင်းပယ်ခဲ့။ အစိုးရတပ်များမှ လိုင်ဇာအနီးသို့ ထိုးစစ်ဆင်လာခြင်းကြောင့် ငြင်းပယ်ရခြင်း ဖြစ်သည်ဟု KIO ဘက်မှ အကြောင်းပြန်။

၂၀၁၁ ခုနှစ် ဇူလိုင် ၃၁ - ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်။ သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ခြင်း မရှိဘဲ နိုင်ငံရေးအရ မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ရန် သဘောတူ။

၂၀၁၁ ခုနှစ် သြဂုတ် ၁ ရက် - ကချင်ပြည်နယ် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင်ဦးဆောင်သော အဖွဲ့နှင့် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်သော အဖွဲ့က ချင်ပြည်နယ်၊ လဂျားယန်၌ တွေ့ဆုံ။

၂၀၁၁ ခုနှစ် သြဂုတ် ၁၀ ရက် - တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အစိုးရမှ ကမ်းလှမ်း။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက် - အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် KIO ဘက်မှ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ပြုလုပ်။ အပစ်အခတ် ရပ်စဲရေးလက်မှတ် ရေးထိုးရန် KIO ဘက်က ငြင်းပယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၉ ရက် - အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် KIO ဘက်မှ ဗိုလ်မှူးကြီး အဲန်ဘန်လ ဦးဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ ပြုလုပ်ခဲ့။ အလွတ်သဘော တွေ့ဆုံခဲ့ခြင်းဖြစ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက် - အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် KIO ဘက်မှ ဦးလန်ယော်ဇောင်းဟရား ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ၊ သဘောတူညီချက် တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိခဲ့။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၈ ရက် - အစိုးရဘက်မှ ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့နှင့် KIO ဘက်မှ ဦးလနန် ဦးဆောင်သော အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့၌ ဆွေးနွေး။ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပင်လုံသဘောတူညီချက် များကို အခြေခံမူထား၍ ဆွေးနွေးရန်၊ ပင်လုံညီလာခံကဲ့သို့ အားလုံးပါဝင်သော ညီလာခံတစ်ရပ် ကျင်းပရန် KIO ဘက်မှ ကမ်းလှမ်းခဲ့။

၂၀၁၂ ခုနှစ် မတ် ၈ ရက် - အစိုးရနှင့် KIO တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သော်လည်း သဘောတူညီချက် မရရှိဘဲ ဆက်လက်ဆွေးနွေးရန် သဘောတူ။

၂၀၁၂ ခုနှစ် ဧပြီ ၁၅ ရက် - မြစ်ကြီးနား၌ ဆွေးနွေးရန် ကမ်းလှမ်းချက်ကို KIO ဘက်မှ ပယ်ချခဲ့၊ လိုင်ဇာအနီး အစိုးရတပ်များ အင်အားဖြည့်လာသည့် အခြေအနေ၌ ဆွေးနွေးရန် မဖြစ်နိုင်ဟု KIO ဘက်မှ တုံ့ပြန်ခဲ့။

၂၀၁၂ ခုနှစ် မေ ၂၁ ရက် - ထိုင်းနိုင်ငံ ချင်းရိုင်မြို့၌ အလွတ်သဘော အစည်းအဝေး ပြုလုပ်။

၂၀၁၂ ခုနှစ် ဇွန်လ ၂၀ ရက် - အစိုးရနှင့် KIO အဖွဲ့တို့ ကချင်ပြည်နယ်၊ မိုင်ဂျာယန်၌ တွေ့ဆုံ၊ အစိုးရအဖွဲ့ကို သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ခဲ့ပြီး KIO အဖွဲ့ကို KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်ခဲ့။

၂၀၁၂ ခုနှစ် သြဂုတ် ၅ ရက် - နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးရန် အစိုးရ၏ ကမ်းလှမ်းမှုကို KIO ဘက်မှ ပယ်ချခဲ့။ လိုင်ဇာဌာနချုပ် ပိတ်ဆို့ခံထားရ အချိန်၌ ဆွေးနွေးရန် မဖြစ်နိုင်ဟုဆို။

၂၀၁၂ ခုနှစ် သြဂုတ် ၈ ရက် - ဗန်းမော် (သို့မဟုတ်) မူဆယ်၌ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်ကို KIO မှ ထပ်မံငြင်းပယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၀ ရက် - အစိုးရနှင့် KIO အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ တွေ့ဆုံ။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး တက်ရောက်ရန် စီစဉ်ထားသော်လည်း KIO ဘက်မှ ဗိုလ်ချုပ်ဂွမ်မော် လာရောက်ခြင်း မရှိသည့်အတွက် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးနိုင်ခြင်း မရှိခဲ့။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက် - ကချင်ဒေသအတွင်း စစ်ရေးပဋိပက္ခ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ပြီး ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့နှင့် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေး။

၂၀၁၃ ခုနှစ် မတ် ၁၁ ရက် - အစိုးရနှင့် KIO အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့၌ ဆွေးနွေး။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ KIO ဘက်မှ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် တက်ရောက်ခဲ့။ ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆွေးနွေးပွဲများ ဆောင်ရွက်ရန် သဘောတူညီခဲ့။

၂၀၁၃ ခုနှစ် မေ ၂၈ ရက် - အစိုးရနှင့် KIO အဖွဲ့တို့ ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ ၌ ပထမဆုံးအကြိမ် တွေ့ဆုံ။ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးအောင်မင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးတို့ ဦးဆောင်ခဲ့။ KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်နှင့် ဗိုလ်ချုပ်ဂွမ်မော် ဦးဆောင်ခဲ့။ ဆွေးနွေးပွဲ အပြီးတွင် တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန်နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပြည်သူလူထု ပါဝင်သော အလုပ်အဖွဲ့ ထားရှိရန် အပါအ၀င် အချက် ၇ ချက်ကို သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြ။

Ref: Myanmar Peace Monitor, BNI, Eleven Media Group

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။