Wednesday, May 29, 2013

KIO တောင်းဆိုချက် လူထု သဘောထားနှင့် ကိုက်ညီ

(DVB)

ပြည်ထောင်စု အစိုးရထံ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ရဲ့ တောင်းဆိုချက်တွေဟာ သူတို့ ဆန္ဒတွေနဲ့ တူညီတယ်လို့ ကချင်ပြည်သူတွေက ပြောပါတယ်။

မေ ၂၈ ရက်က စတင်တဲ့ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အခြေအနေကို မြစ်ကြီးနား စီတာပူရပ်ကွက်က မနောကွင်းက မဂျွယ်ခန်းမမှာ ကေအိုင်အိုက မြို့မိမြို့ဖနဲ့ ခေါင်းဆောင်တွေကို တင်ပြရာမှာ လူထုက အခုလို ပြောဆိုလိုက်တာလို့ တက်ရောက်တဲ့သူတွေက ပြောပါတယ်။


ဆွေးနွေးပွဲမှာ တိုက်ပွဲ အရှိန်လျှော့ချဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်အောင် လုပ်ဆောင်သွားမယ့် အကြောင်း အဓိက ထား ဆွေးနွေးမယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က ပြောဆိုခဲ့တဲ့ အပေါ် လူထုက တုံ့ပြန်ခဲ့တာလို့ လူထုနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးဆန်အောင်က ပြောပါတယ်။

"သူတို့ရပ်တည်ချက်က အရင်တုန်းကလို step by step သွားတာကို ဆက်လက် အကောင်အထည် ဖော်ဖို့ အတွက်ပေါ့။ အစိုးရကကျတော့ ဒါကို အကောင်အထည် ဖော်ဖို့ မဟုတ်ဘဲ အပစ်ရပ်ဖို့ပဲ ဖြစ်နေတော့ နည်းနည်း ကွဲလွဲမှု ရှိနေတယ်။ မှန်းရတော့ ခက်တယ်။ အစိုးရက ဘယ်လောက်ထိ ပြင်ဆင်မှု ရှိလာလဲဆိုတာမှာလည်း မူတည်မယ်။ ကေအိုင်အိုဘက်ကတော့ အရင် သဘောတူထားတဲ့ သဘောတူညီချက်တွေကို ဆက်အကောင်အထည် ဖော်ဖို့ကို ဦးတည်နေတဲ့ သဘောရှိတယ်။"

မနက်ပိုင်းမှာ ကချင်လူထုဟာ ကုလသမဂ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီးယားနဲ့ တွေ့ဆုံရာမှာ အထူးကိုယ်စားလှယ်က တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားပေးသွားမယ်လို့ ကတိ ပြုခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို လူ ၃၀၀ ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။

ကေအိုင်အို ခေါင်းဆောင်ဟောင်း ဒေါက်တာ တူးဂျာကလည်း လူထု အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားသလို အလားအလာကောင်းတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

"ထူးခြားတဲ့ အခြေအနေတရပ်၊ ပြည်တွင်းမှာ မြစ်ကြီးနား မနောကွင်းမှာဆိုတော့ အလားအလာကောင်း ပေါ်ထွက်လာဖို့ မျှော်လင့်တယ်။ နောက် နိုင်ငံတကာ စောင့်ကြည့်ရေးတွေကလည်း ရန်ကုန် တရုတ်သံရုံးက လူကြီးတစ်ယောက်နဲ့ ကုကသမဂ ပါကြတယ်။ နိုင်ငံတကာက စောင့်ကြည်သူလဲ လာထိုင်ပေးတယ်။ အဲဒါတွေက ထူးခြားတဲ့ လက္ခဏာတွေပေါ့။ အရင်က မလုပ်ခဲ့ဖူးဘူးလေ။ အကျိုးရှိတယ်လို့ ထင်တယ်။ လူထုအရှေ့မှာ လူထုနဲ့ တိုက်ရိုက်ထိတွေ့တဲ့ ဆွေးနွေးပွဲလိုဖြစ်နေတာပေါ့။ အရင်ကလို နိုင်ငံခြားမှာ ဆွေးနွေးတာ မဟုတ်ဘူး။ အများကြီး ပွင့်လင်းမြင်သာမှု ရှိလာတယ်။"

လူထုဆွေးနွေးပွဲ တက်ရောက်လာတဲ့ သူတွေဟာ စိတ်ထဲမှာ ရှိတာတွေကို ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့တယ်လို့ တက်ရောက်လာတဲ့ ဂျီဘရန်ရှောင်က ပြောပါတယ်။

"ကျနော်တို့ကလည်း ရသလောက် အရင်ယူရမယ့် သဘော။ လိုချင်တာ ၁ ကျပ်ဖြစ်မယ်၊ ဒါပေမယ့် ၁ မတ်၊ ၅ မူးရရင်လည်း ရတဲ့အခြေအနေမှာ ရောင့်ရဲသွားရမယ့် စိတ်မွေးကြဖို့ အားလုံးကို ပြောဆိုကြတယ်။ အဲအတိုင်း မျှော်လင့်ထားတယ်။ အပြည့်အ၀ကြီးရမယ်လို့တော့ မထင်ဘူး။ ကျနော်တို့ စစ်ဦးစီးချုပ်ကလည်း ပြောပါတယ်။ ၆၀ ရာခိုင်နှုန်း အရင် အဆင်ပြေတဲ့ လမ်းကြောင်းရရင် ဒါကို ဆက်ပြီးတော့ ကျန်တာကို ဘယ်လောက်အတိုင်းအတာ ရမယ်ဆိုတာ ဆွေးနွေးအဖြေရှာပြီး တောင်းဆိုသွားမယ်ပေါ့။"

ဒါ့အပြင် တပ်နေရာချထားရေး၊ တိုက်ပွဲတွေ လျှော့ချရေး၊ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို အစိုးရနဲ့ KIO တို့ ဒီနေ့ ဆွေးနွေးခဲ့တယ်လို့ မြစ်ကြီးနားမှာ သတင်းရယူနေတဲ့ DVB သတင်းထောက် ကိုအောင်ထွန်းမြင့်က ပြောပါတယ်။ KIO နဲ့ အစိုးရ ၂၀၁၁ နှစ်လယ်ပိုင်းကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်ကတည်းက အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲတုန်းကလည်း နှစ်ဖက် ဖြစ်ပွားနိုင်တဲ့ ဒေသက တပ်ကိစ္စနဲ့ တိုက်ပွဲတွေ ဆက်ပြီး လျှော့ချဖို့အတွက် အောင်ခြေတပ်ထိ ညွှန်ကြားသွားဖို့ သဘောတူခဲ့ကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။