Thursday, May 30, 2013

အစိုးရနှင့် KIO တိုက်ပွဲမဖြစ်ရေး၊ ပူးတွဲစောင့်ကြပ်ကြည့်ရေး အပါအဝင် ၇ ချက် သဘောတူ

(Mizzima)

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)တို့ တတိယနေ့
မြစ်ကြီးနား ဆွေးနွေးပွဲအပြီးတွင် အချက် ၇ ချက်ပါဝင်သော သဘောတူညီချက်များကို လက်မှတ်ရေးထိုး
နိုင်ခဲ့ကြသည်။

ထိုအထဲတွင် နိုင်ငံရေး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန်နှင့် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်ရေး တည်ဆောက်ရေးကို အာမခံနိုင်သော နိုင်ငံရေး သဘောတူညီမှုများ ထွက်ပေါ်လာနိုင်ရေး ဦးတည်၍ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့တခု (Joint Monitoring Committee) ဖွဲ့စည်းရန် မူအားဖြင့် သဘောတူညီကြောင်း ပါဝင်သည်။



“၇ ချက်မှာ အဓိက အရေးကြီးတာက နှစ်ဖက်တပ်များ တိုက်ပွဲမဖြစ်ဖို့၊ စောင့်ကြပ်ရေးဖွဲ့ဖို့ နှစ်ဖက် သဘောတူတယ် ဆိုတော့ ဒီနှစ်ခုက အရေးကြီးဆုံး သဘောတူညီမှု ရတယ်” ဟု ငြိမ်းချမ်ရေး အကျိုးဆောင် ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောသည်။

မေလ ၂၈ ရက်နေ့မှ မေလ ၃၀ ရက်နေ့ထိ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် ဆရာကြီး ဦးဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ်များ သုံးရက်ကြာ ဆွေးနွေးခဲ့ရာမှ ထိုသဘော တူညီချက်များ ရရှိခဲ့ကြသည်။ နောကွင်း မဂျွယ်ခန်းမတွင် ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပူးတွဲသဘောတူထား ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“နောက်တဆင့် လုပ်ဆောင်သွားမယ့် အဆင့်တွေအတွက် လမ်းခင်းထားတဲ့ သဘောတူညီချက်ပေါ့။ ဒီဥစ္စာက အပစ်အခတ် ရပ်စဲရေး သဘောတူညီ လက်မှတ်ထိုးတာ မဟုတ်ဘူး။ Peace agreement (ငြိမ်းချမ်းရေး သဘောတူညီချက်) လည်း မဟုတ်ဘူး။ ဒါက နိုင်ငံရေး ဆက်လက် ဆွေးနွေးသွားဖို့ သဘောတူညီချက်လို့ပဲ သုံးတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဆရာအားဒေါင် က ပြောသည်။

သဘောတူညီချက်များထဲတွင် နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချခြင်း၊ တိုက်ပွဲများ ထပ်မံ မဖြစ်ပွား
အောင် ထိန်းသိမ်းသွားရန်၊ နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက်
ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်သွားရန်နှင့် တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့် ပတ်သက်၍ ဆက်လက် ညှိနှိုင်း ဆောင်ရွက်ရန် တို့ ပါဝင်သည်။

ထို့ပြင် လိုအပ်သည့် လုပ်ငန်းစဉ်များ ညှိနှိုင်းဆောင်ရွက်နိုင်ရန် KIO ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို ရှေ့တန်း စစ်ပြေပြင် စောင့်ကြပ်ရေးရုံး (technical team) အား မြစ်ကြီးနားမြို့တွင် ထားရှိရန်နှင့် နောက်တကြိမ်
ဆွေးနွေးပွဲတွင် ယခုအကြိမ် တက်ရောက်သော အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည် တက်ရောက်ရန်နှင့် အခြား ဖိတ်ကြားလိုသော အဖွဲ့များ ရှိပါက နှစ်ဖက် ညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။

စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့တွင် အစိုးရနှင့် KIO တို့ နှစ်ဦးနှစ်ဖက် စစ်တပ်ပိုင်းဆိုင်ရာ၊ မြို့မိမြို့ဖ၊ ယုံကြည် အားထားရသည့် ပညာရှင်များ ပါဝင်မည် ဖြစ်သည်။

“တပ်ပိုင်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေကို ဒီကြားထဲမှာ စစ်တပ်ပိုင်းကနေတဆင့် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူထားတယ်။ technical team ရှေ့တန်း စစ်မြေပြင် စောင့်ကြပ်ရေးရုံးက ဒီလုပ်ငန်းတွေ ဖော်ဆောင်လာတဲ့အချိန်မှာ အခြေခံ သဘောတရားတွေ ဘယ်လို စောင့်ထိန်းရမယ့်ဟာတွေကို စည်းစနစ်ကျကျ လုပ်ဆောင်နိုင်ဖို့ အတွက် ဖွဲ့စည်းရခြင်း ဖြစ်တယ်” ဟု ဆရာအားဒေါင် က ဆက်ပြောသည်။

ယနေ့ အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့ တပ်နေရာချထားရေးကို ဆွေးနွေးခဲ့သော်လည်း ယနေ့ ထုတ်ပြန်ချက်တွင် ပါဝင်ခြင်း မရှိသေးပေ။

ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ဘာသာရေးနှင့် မြို့မိမြို့ဖ ကိုယ်စားလှယ်လှယ် ၁၀ ဦး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr Vijay Nambiar)၊ တရုတ်ပြည်သူသ သမ္မတနိုင်ငံ သံရုံး ဒု-တာဝန်ခံ  မစ္စတာ လူဇီ (Mr Lu Zhi) တို့ ပါဝင်ခဲ့သည်။

ဦးအောင်မင်းက ယခု ဆွေးနွေးပွဲကို ကုလသမဂ္ဂ အပါအဝင် ကမ္ဘာတဝှမ်းကလည်း စောင့်ကြည့်နေသဖြင့် ကချင်အရေးကို ၎င်းတို့ ပထမ ဦးစားပေး လုပ်ဆောင်နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သဖြင့် အကောင်းဘက် ရှုမြင်သည်ဟု ကချင်လူငယ် ကိုဇိုင်းဒူ က မဇ္စျိမကို ပြောသည်။

“ခုလို အစိုးရဘက်က ပွင့်ပွင့်လင်းလင်း ပြောဆိုလာတယ်။ မီဒီယာတွေ၊ လေ့လာသူတွေ ရှေ့မှာပြောဆိုနေတယ် ဆိုတော့ တကယ်ပဲ လက်တွေ့ အကောင်အထည်ဖော်ဖို့ ပြောဆိုတာပဲ။ သူတို့ လက်မှတ် ထိုးတာကလည်း မဖြစ်နိုင်တဲ့ အချက်တွေ မပါဘူးဆိုတော့ အကောင်းဘက် ဖြစ်လာမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ စတင်၍ အစိုးရနှင့် KIO တို့အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ၂ နှစ်ပြည့် လုနီးအချိန်တွင် မြန်မာပြည်တွင်း၌ ပထမဆုံး ဆွေးနွေးပွဲအဖြစ် ကျင်းပနိုင်ခြင်း ဖြစ်သည်။

နှစ်ဖက် ငြိမ်းချမ်းရေးကိုယ်စားလှယ်များ ယနေ့ ညစာစားပွဲ ပြုလုပ်ကျင်းပမည်ဖြစ်ပြီး မနက်ဖြန်တွင် KIO ကိုယ်စားလှယ်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်စခန်းများသို့ သွားရောက် အားပေးစကား
ပြောကြားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။