Tuesday, May 28, 2013

KIO နဲ့ အစိုးရ မြစ်ကြီးနားမှာ ဒီနေ့ ဆွေးနွေးမယ်

(ဘီဘီစီ မြန်မာပိုင်း)

မြန်မာ အစိုးရနဲ့ ကေအိုင်အို ကချင် လွတ်လပ်ရေး အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့မှာ ဒီကနေ့ စတင်မှာ ဖြစ်ပါတယ်။

ဒါဟာ ပထမဆုံးအကြိမ် မြစ်ကြီးနားမြို့မှာ ဆွေးနွေးတာ ဖြစ်ပြီး ကေအိုင်အေနဲ့ အစိုးရ ကြား ၈ ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်ပါတယ်။


ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်နဲ့ ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့က ဦးဆောင်ပြီး အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့မှာတော့ သမတရုံး ၀န်ကြီး ဦးအောင်မင်း၊ ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်၊ ကာကွယ်ရေး ၀န်ကြီးဌာနက ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊တို့ ပါဝင်တယ်လို့ သိရပါတယ်။

မနေ့က ရောက်လာတဲ့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တွေကို မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့မှာ ထောင်နဲ့ ချီတဲ့ ကချင်ပြည်သူတွေက ကြိုဆိုခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲဟာ ၃ ရက်လောက်ကြာနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ကချင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ (UWSP)၊ တို့ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ဖို့ရှိနေပါတယ်။

ကုလသမဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ဗီဂျေနမ်ဘီးယားလည်း တက်ရောက်မယ်လို့ သိရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။