Wednesday, May 29, 2013

ခေတ်မီပြီး ဆင်းရဲတဲ့ လူမျိုးနဲ့ နိုင်ငံတွေ အကြောင်း တစေ့တစောင်း

(Kachin Duwa)

မြန်မာအစိုးရ ဟာ နိုင်ငံတကာ အကူအညီ နဲ့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေကို အငန်းမရ ဖိတ်ခေါ်ပြီး အချိန်တို အတွင်းမှာ စီးပွါးရေး အင်အား မြင့်တက်လာအောင် လုပ်ဖို့ စိတ်ကူးယဉ်နေတာ သတိထားမိပါတယ်။

တဖက်မှာလဲ နိုင်ငံ့လူဦးရေး သန်း ၆၀ ရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ စာမတတ်၊ ပေမတတ်သူတွေကများ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ နိမ့်ကျမှုတွေကလဲ ရှိနေတယ်။ ပိုဆိုးတာ အဲဒီ အခြေခံလူတန်းစားတွေရဲ့ ပိုင်ဆိုင်မှုတွေကို အာမခံချက် မပေးနိုင်တဲ့ ပြဿနာရှိနေပါတယ်။ လယ်ယာမြေသိမ်းမှုတွေဟာ နေရာတကာ မှာ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။



လက်တလော ဖြစ်နေတာက ဒုက္ခသည်တွေများလာတဲ့ ပြဿနာပါ။ အဲဒီ ပြဿနာဟာ တွေကို မျော်လင့်ချက် ကင်းမဲ့စေတယ်။ တဖက်မှာ အလုပ်လက်မဲ့ဘ၀ တိုးပွါးစေတယ်။ လူတိုင်း လူတိုင်းဟာ စက်ရုံအလုပ်ရုံ အလုပ်သမား မဖြစ်နိုင်ပါဘူး။ ကိုယ့်နည်းကိုယ့်ဟန် နဲ့ ကိုယ့်ဒေသမှာ လွတ်လပ်စွာ စီးပွါးရှာနိုင်ဖို့ အရေးကြီးပါတယ်။


နယ်စပ်ကုန်သွယ်ရေးမှာလဲ နေပြည်တော်အစိုးရ ကပဲ ထိန်းချုပ်ထားတော့ နေပြည်တော်နဲ့ အလှန်းဝေးတဲ့ ကချင်ပြည်နယ်လို၊ ချင်းပြည်နယ်လို နေရာက နယ်စပ်နေပြည်သူတွေဟာ တရားဝင် ရောင်းဝယ်ဖို့ အခွင့်အလမ်းတွေ ဝေးသွားစေပါတယ်။ သက်ဆိုင်ရာ မြို့နယ်၊ ပြည်နယ်အဆင့်က အဲဒီ ကိုယ်နဲ့ ဆက်စပ်နေတဲ့ နယ်စပ်မှာ ကုန်သွယ်ရေးနဲ့ ဆိုင်တဲ့ လုပ်ငန်းတွေကို လွတ်လပ်စွာ စီမံပိုင်ခွင့် မရှိသေးသ၍ တိုင်းရင်းသား ပြည်နယ်သားတွေအတွက် ထွက်လမ်းမရှိပါဘူး။

နောက်တခုက ပညာအရည်အချင်း တွေပါ။ ထိရောက်တဲ့ ပညာရေး အခြေခံ မရှိပဲ၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေ လက်ထဲ လုပ်ငန်းအားလုံး အပ်လိုက်ခြင်းဟာ တတိုင်းပြည်လုံးကို သူများလက်ထဲ တရားဝင် ကြေးကျွန် ဖြစ်သွားအောင် တွန်းပို့နေခြင်းသာ ဖြစ်ပါတယ်။

ကမ္ဘာမှာ ပညာရေးအဆင့်အတန်း မြင့်မားတဲ့ နိုင်ငံတွေက ပညာရေးအဆင့်အတန်း မမီ တဲ့ နိုင်ငံတွေကို ခိုင်းစားနေတာ အားလုံး အသိဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ခေတ်မီခြင်း ဆိုတဲ့ အသွင်အပြင် တော့ ရလာမယ် ဒါပေမယ့် ဆင်းရဲခြင်းဆိုတဲ့ ဘ၀ ကနေ ဘယ်တော့မှ လွတ်လမ်း မမြင်ပါ။ အဲဒါကို ပညာရှင်တွေက ခေတ်မီတဲ့ ဆင်းရဲသားများ (Modern Poverty) ဆိုသတဲ့။ ခေတ်မီတယ် ဆိုတာ နောက်ဆုံးပေါ် ဖုန်းတွေ၊ အိုင်တီပစ္စည်းတွေ၊ ပရိဘောဂ တွေတော့ ကိုင်နိုင်ပါရဲ့၊ သူတို့မှာ ကိုယ်ပိုင် အားလပ်ချိန်မရှိ၊ ကျန်းမာရေး အာမခံချက်မရှိ၊ စုငွေ မရှိ၊ တသက်တာလုံး သူများ အလုပ်သမား တွေပါ။ အခြေခံ အသုံးအဆောင် ပစ္စည်းတွေအတွက် အသပြာ နောက်လိုက်နေရတဲ့ နိုင်ငံသားတွေ အများပိုင်း ဖြစ်နေရင် အဲဒီ နိုင်ငံလဲ ဆင်းရဲတဲ့ နိုင်ငံပါပဲ။ ခေတ်တော့ မီပါရဲ့ သို့သော် ဆင်းရဲတဲ့ နိုင်ငံ ပေါ့။ သူများကို အမှီသဟဲ ပြုနေရ တဲ့ ဘ၀ တွေများလာရင် နိုင်ငံတော်အတွက် ပုံရိပ် မကောင်းပါဘူး။

အဲဒီလို ဘ၀ကနေ လွတ်ထွက်စေချင်ရင်... ပြည်သူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလေးထားရပါမယ်။ စစ်ရေးထက် ပညာရေးမှာ ရင်းနှီးမြုပ်နှံရမယ်။ ကျန်းမာရေးမှာ ရင်းနှီးမြုပ်နှံရမယ်။ အဲဒါမှ နိုင်ငံသားတိုင်း ကျန်းမာပြီး ပညာရည်မြင့်လာတော့မှ ခိုင်မာပြီး စီးပွါးရေး အရှိန်အဟုန်မြင့်တဲ့ နိုင်ငံ ဖြစ်လာမှာပါ။ ဥပမာ တရုတ် နိုင်ငံကို ကြည့်ပါ။ ပညာရေး နဲ့ ကျန်းမာရေးမှာ သူတို့ ရင်းနှီးမြုပ်နှံခြင်းရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်။

စစ်ရေးကို အရှိန်သတ် နိုင်ဖို့ ဆိုရင်တော့ ဖက်ဒရယ်ဟာ အဖြေပါပဲ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။