Saturday, May 25, 2013

ပြည်တွင်း၌ ပထမဆုံးအကြိမ်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုံခြုံရေး ကချင်လူငယ်များတာဝန်ယူ

အမွန်း (မြစ်မခ)

ပထမဆုံး အကြိမ်  ပြည်တွင်း၌ ပြုလုပ်မည့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး  ဆွေးနွေးပွဲအတွက် ကေအိုင်အိုမှ ရှေ့ပြေးသဘောမျိုးဖြင့် မြစ်ကြီးနားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
 
ကေအိုင်အိုမှ ရှေ့ပြေး(၅)ဦးသည် နည်းပညာရှင်များဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမည့် မနောကွင်းမဂျွယ်ခန်းမ ပြင်ဆင်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဆွေးနွေးညှို့နှိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။

 
လေ့လာစောင့်ကြည့်သူအဖြစ် ကုလသမဂ္ဂတွေရော ပါဝင်လာမှာဖြစ်တဲ့အတွက် တွေ့ဆုံပွဲနောက်က ပိုစတာက ခေါင်းစဉ်ကို ကချင် ၊ အင်္ဂလိပ်နဲ့ မြန်မာဘာသာစကား သုံးမျိုးနဲ့ ရေးဖို့ စီစဉ်ထားပါတယ်။ ဟု PCG (Peace Talk Creation Group) ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
 
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကေအိုင်အိုတို့မှာ ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် မေလ(၂၈)ရက်နေ့၊ မနောကွင်း၊ မဂျွယ်ခန်းမ၌ ပြုလုပ်မည့် အဆိုပါဆွေးနွေးပွဲကြောင့် နှစ်ဘက်ယုံကြည်မှု တိုးလာနိုင်သည်ဟု ၄င်းက သုံးသပ်သည်။
 
ဆွေးနွေးပွဲတွေကို ပြည်ပမှာပဲ လုပ်ရတယ်လေ၊ အခုကပြည်တွင်းမှာ ပထမဦးဆုံးဖြစ်တော့ KIO ဘက်ကရော နိုင်ငံတော်ဘက်ကရော ယုံကြည်မှုနည်းနည်းတိုးတတ်လာတယ်လို့ပြောရမှာပါ အခြေအနေကောင်းတွေ ဖြစ် လာဖို့ မျှော်လင့်ပါတယ် ဟု ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။
 
အဆိုပါ ဆွေးနွေးပွဲကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဦးအောင်မင်းတို့သည် မည်သည့် နေ့ရက်၌ ရောက်ရှိမည်ကို မသိရှိရသေးသော်လည်း ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဦးဆွမ်းလွတ်ဂမ်နှင့် KIA ဒုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂွန်မော် စုစုပေါင်း KIO ကိုယ်စားလှယ် စုစုပေါင်း(၄၈)ဦးတို့သည် မေလ (၂၇)ရက်နေ့ ညနေပိုင်း၌ ရောက်ရှိမည်ဖြစ်သည်ဟု သိရသည်။
 
KIO ကိုယ်စားလှယ်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) နှင့် ကုလသမဂ္ဂအဖွဲ့မှ Miss Mariaတို့သည် လိုင်ဇာမှ သွားရောက်ကြိုဆိုမည်ဖြစ်ပြီး လုံခြုံရေးအတွက် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ကချင်လူငယ်များက တာဝန်ယူမည်ဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးထံမှ သိရသည်။
 
တက်ရောက်လာသည့် ငြိမ်းချမ်းရေးဆွေးနွေးမည့်သူများအတွက် အစားသောက်အကျွေးအမွေးကိုမူ ကချင်ပြည်နယ် အစိုးရမှ တာဝန်ယူမည်ဟု သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။