Tuesday, May 28, 2013

စံပြကျေးရွာ ပြောင်းသူများ အခက်ကြုံတွေ့

(DVB)

ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းနဲ့ ယုဇန ကုမဏီ ကနေ လုပ်ဆောင်နေတဲ့ ပီလောပီနံ စိုက်ပျိုးရေး စီမံကိန်းတွေကြောင့် စံပြရွာတွေကို ပြောင်းရွှေ့ပေးရခဲ့သူတွေ အနေထိုင် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ရွာသားတွေကပြောပါတယ်။

ဒီစီမံကိန်းတွေကြောင့် မြစ်ဆုံဒေသက ကျေးရွာတွေကို မြစ်ကြီးနားမြို့နယ်က အောင်မြင်သာ၊ ၀ိုင်းမော်မြို့နယ်မှာ မလိယန်နဲ့ ဖားကန့်မြို့နယ်မှာ ရှထူးဇွပ် စံပြကျေးရွာတွေဆိုပြီး ပြန်လည် နေရာချထားခဲ့ပေမယ့် စံပြကျေးရွာနဲ့ မညီညွတ်ဘဲ နေရေးစားရေး အခက်အခဲဖြစ်နေရတယ်လို့ ဒေါ်ဂျာခေါန်က ပြောပါတယ်။


"ပြောင်းရွှေ့ထားတဲ့ နေရာမှာ သူတို့ ဆောက်ထားပေးတဲ့ အိမ်တွေက အခု အန်တီတို့ ပြောင်းတာ ၂ နှစ်ပဲ ရှိသေးတယ်။ အိမ်တွေက ပျက်စီးကုန်တယ်။ လေပြင်းမုန်တိုင်း နည်းနည်း တိုက်လိုက်တာနဲ့ အိမ်တွေက ပျက်စီးကုန်တယ်။ သူတို့လုပ်ထားပေးတဲ့နေရာမှာ စားဝတ်နေရေးအတွက် မပြေလည်ဘူး။ စံပြကျေးရွာ ဘေးပတ်ဝန်းကျင်မှာက ကုမဏီ၊ လုပ်ငန်းရှင်တွေရဲ့ မြေကွက်တွေ ဖြစ်နေပါတယ်။ မူလနေတဲ့ နေရာမှာက သစ်ဥ သစ်ဖု ရှာစားလို့ရတယ်။ ဟင်းသီးဟင်းရွက်ရှာစားလို့ရတယ်။ ကိုယ့်လယ် ကိုယ့်ခြံနဲ့ သားသမီးတွေရဲ့ နောင်ရေး၊ ကျောင်းစရိတ်တွေ ရတယ်လေ။ အခု အဲနေရာမှာဆို တောင်ယာ ခုတ်စားစရာ၊ လယ်လုပ်စရာမရှိဘူး။ အိမ်တွေကို ကောင်းကောင်းမွန်မွန် လုပ်မပေးဘူး။ သားသမီးတွေကို ထောက်ပံ့ဖို့ ကျောင်းစရိတ်၊ စားဝတ်နေရေးအတွက် အခက်အခဲ ဖြစ်နေပါတယ်."

ဒါ့အပြင် စံပြကျေးရွာတွေမှာ မိုးတွင်းဆိုရင် သွားလာရေး အရမ်းခက်ခဲပြီး ရွှံ့နွှံထူထပ်တယ်လို့ ဆိုပါတယ်။

ဒေါ်ဂျာခေါန်ဟာ အစိုးရရဲ့ ကချင်ပြည်နယ်အတွင်း အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် ဒုက္ခကြုံနေရတဲ့ ဒေသခံပြည်သူတွေနဲ့ ဖွဲ့ထားတဲ့ မူချင်းရပ်ဂျာ (Mungchying Rawt Jat) MRJ အဖွဲ့ဝင် ဖြစ်ပါတယ်။

စံပြကျေးရွာမှာ အဆင်မပြေမှုတွေကြောင့် ဒေသခံတွေအနေနဲ့ မိမိနေရပ်ကို ပြန်ချင်ကြတယ်လို့ ပြောပါတယ်။

"ကိုယ့်ဒေသမှာပဲ ပြန်လုပ်ကိုင်စားသောက်ချင်တယ်။ အခု ၂ နှစ်နေတာ တောင်မှ ဒုက္ခရောက်နေတယ်။ စားဝတ်နေရေး အခက်အခဲဖြစ်တယ်ဆိုရင် နောက်ထပ်ရေကာတာ ထပ်လုပ်မယ်ဆိုရင် တခြားဒေသခံတွေ ဘယ်လောက် ဒုက္ခရောက်မလဲ။ အဲဒါတွေကို ပြန်မတွေးဝံ့ဘူး။ တိုင်းရင်းသားတွေ၊ ဒေသခံတွေ ဒုက္ခရောက်မှာ စိုးရိမ်မိတယ်။ ဒါကြောင့် ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ်။"

သမတက မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင် ဆိုင်းငံ့စေခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ဒီစီမံကိန်းကြောင့် သိမ်းယူခံရတဲ့ ကျေးရွာနဲ့ လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရပြီး ရွှေတူးဖော်ခြင်းနဲ့ တခြားစီမံကိန်းတွေကြောင့် ဥယျာဉ်ခြံမြေတွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။