Thursday, May 23, 2013

တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲကြောင့် သေဆုံးခဲ့ရသည့် န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန်၏ ဖခင်အား မမှန်မကန် တိုင်ကြားမှုဖြင့် ဖားကန့်တရားရုံးတွင် စစ်ဆေးနေ

(Eleven Media Group)

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုနှင့် ပတ်သက်၍ နိုင်ငံတော် အကြီးအကဲနှင့် လူ့အခွင့်အရေး ကော်မရှင်ထံသို့ ပန်ကြားစာများ ပေးပို့ခဲ့သူ ဦးဘရန်ရှောင်အား ဖားကန့်မြို့ စစ်ဗျူဟာမှူးက မမှန်မကန် တိုင်ကြားမှုဖြင့် အမှုဖွင့် တရားစွဲဆိုမှုကို မေ ၂၀ ရက်က ခြောက်ကြိမ်မြောက် ရုံးချိန်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 
တရားလိုဘက်မှ ဗိုလ်မှူးဇာနည်မင်းပိုက်နှင့် ဒေါက်တာကောင်းမြတ်စံတို့ တရားခွင်သို့ လာရောက်ခဲ့ပြီး ယင်းဆရာဝန်မှ မဂျာဆိုင်းအိန် ရရှိသည့် ဒဏ်ရာမှာ မိုင်းစ၊ သို့မဟုတ် လက်နက်ကြီးစဟု ယူဆရကြောင်း ထွက်ဆိုခဲ့သည်ဟု စုံစမ်းသိရှိရသည်။

"အမှုချိန်းတာ ခြောက်ကြိမ်ဆိုပေမယ့် တရားလို၊ တရားခံကို စစ်ဆေးခွင့်ရတာက ပထမဆုံး အကြိမ်ပါ။ လွန်ခဲ့တဲ့ ရက်တွေမှာ တရားလို မလာလို့ ဘာမှလုပ်လို့ မရပါဘူး။ 
အမှန်တရားကိုပဲ ပေါ်လွင်အောင် ဖော်ထုတ်သွားမှာပါ။ အခု အချိန်အထိ အမှုက ယူဆချက်ပေါ်မှာပဲ အမှုဖွင့်ထားတာပါ" ဟု ဦးဘရန်ရှောင်၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင်က ပြောကြားသည်။

ဦးဘရန်ရှောင်သည် ၎င်း၏သမီး သေဆုံးမှုနှင့် ပတ်သက်၍ မိမိ၏သမီး သေဆုံးရမှုမှာ တပ်မတော်မှ ပစ်လိုက်သော ကျည်ဆံဒဏ်ရာကြောင့် ဖြစ်သည်ဟု လူ့အခွင့်အရေး ကော်မရှင်၊ စစ်ဗျူဟာရုံးများ၊ ၀န်ကြီးဌာနများနှင့် နိုင်ငံတော် သမ္မတအထိ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလများတွင် ပန်ကြားစာ ပေးပို့ခဲ့သည်။

၎င်းကျည်ဆန် ဒဏ်ရာအား မိုင်းစ သို့မဟုတ် လက်နက်ကြီးစ ဖြစ်သည်ဟု ဖားကန့်မြို့နယ် ဆေးရုံ၊ ဆေးစာ၏ ယူဆချက်ဖြင့် ဦးဘရန်ရှောင်အား ဖားကန့်စစ်ဗျူဟာမှူးက ပုဒ်မ (၂၁၁)ဖြင့် ဖားကန့်တရားရုံးတွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ မဂျာဆိုင်းအိန်သည် ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ကျော်ခန့် အချိန်တွင် သူငယ်ချင်းသုံးဦး၊ မူကြိုဆရာမ တစ်ဦးနှင့်အတူ ကျောင်းဆင်းပြီး အိမ်ပြန်လာရာ လမ်းတွင် တပ်မတော်နှင့် ကေအိုင်အေတို့ ပစ်ခတ်မှုများ ဖြစ်ပွားရာ နောက်ကျောမှ ဆီးအိမ်အနီးသို့ ဖောက်ထွင်းဒဏ်ရာ ရရှိကာ ယင်းနေ့ ညနေ ၉ နာရီ အချိန်ခန့်တွင် ဖားကန့်မြို့ ပြည်သူ့ဆေးရုံ၌ ခွဲစိတ်ခန်း ၀င်နေဆဲ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။