Thursday, May 30, 2013

ကချင်ပြည်နယ် ငြိမ်းချမ်းရေး ခရီးကြမ်း နောက်ဆုံးရသတင်း

(စည်းလုံးခြင်းရဲ့အင်အား)


မေလ ၂၉ ရက်နေ့က KIO က လူထု ဆန္ဒခံယူပွဲ လုပ်ရန် တောင်းဆိုလို့ အစိုးရ အငိုက်မိ အကြပ်ရိုက်သွားတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ အစိုးရက ခွင့်မပြုသေးတဲ့ အချိန်မှာ ကချင်နှစ်ခြင်း အသင်းတော် ခရစ်ယာန်အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ Rev ခလာမ်ဆမ်ဆွန်နဲ့ ဘာသာရေး ခေါင်းဆောင်များက ဖိအားပေး တောင်းဆိုခဲ့လို့ ဆန္ဒခံယူပွဲ အစား ရပ်မိရပ်ဖ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ထုတ်နှုတ်စေပြီး ရှင်းလင်းပွဲ ပုံစံကို လိုက်လျော ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ စီတာပူ မနောကွင်းရှိ ကချင် ယဉ်ကျေးမှု ကော်မတီ ဗဟိုရုံးမှာ (၃) နာရီကြာ ကျင်းပပေးခဲ့ရပါတယ်။ ရှင်းလင်းပွဲနှင့် ဆန္ဒခံယူပွဲကို ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်မှ ဘာသာရေး ခေါင်းဆောင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေါက်တာ တူးဂျာတို့ အပါအဝင် အင်အား (၃၀၀) ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်သူလူထုရဲ့ သဘောထား တချို့ကို ကောက်နှုတ် တင်ပြပေးလိုက်ပါတယ်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ရှေးရှုပြီး အပစ်ရပ်တဲ့ကိစ္စကို မခိုင်မာဘဲ အပစ်ရပ်စဲခြင်း၊ လက်မှတ်ရေးထိုးခြင်း မပြုရန်၊ အပစ်ရပ်မယ်ဆိုရင်တောင် ဘယ်ရက်မှစပြီး အချိန်ကာလ သတ်မှတ် ပေးကာ ဘယ်ရက်ထိဆိုတာ တိတိကျကျ တောင်းဆိုရန်၊ အပစ်ရပ်တဲ့ အချိန်ကာလအတွင်း စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲများကို လုပ်ငန်းစဉ်အလိုက် ဘယ်လို ကျင်းပသွားမယ်ဆိုတာ မေးမြန်း တောင်းဆိုသွားရန်၊ အပစ်ရပ်စဲပါက နိုင်ငံတကာ လေ့လာသူများ သက်သေပါဝင်တာလိုမျိုး အာမခံချက် မရရင် အပစ်မရပ်ရန် စတာတွေပါတယ်လို့ သိရပါတယ်။ ကချင်ဒေသခံ ရှမ်းစုတောင်ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက အောက်ပါအတိုင်း ဆိုလာပါတယ်။


ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး (ဝဲ) နဲ့ ဗိုလ်ချုပ် ဂွမ်မော် (ယာ)

“ကျွန်တော်တို့ သိရသလောက် စစ်မှန်တဲ့ နိုင်ငံရေးကို ဆွေးနွေးချင်တယ်ဆိုတာကိုတော့ နားလည် သဘောပေါက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး ဆွေးနွေးမယ် ပြောလိုက်တိုင်း အထက်ကို တင်ပြပေးမယ် ဆိုတာကြီးဘဲ ပြောနေတာဆိုတော့ လွှတ်တော်ကိုလား၊ သမ္မတကိုလား၊ တပ်ချုပ်ကိုလား၊ ဘယ်သူ့ကို ပြောရမှာလဲ ရေရေရာရာ မရှိဘူး” လို့ ဆိုသွားပါတယ်။ ဆက်လက်ပြီး စစ်ဖက်နီးစပ်သူများထဲမှ အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးကို သူ့ရဲ့ အမြင်အား မေးမြန်းခဲ့ပါတယ်။ ဒါကတော့ ဟုတ်တယ်လို့ ထောက်ခံပါတယ်။

“အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းဆောင်တချို့က လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ တွေ့တိုင်း သာမန်ကိစ္စလေးကိုတောင် အထက်ကို တင်ပြပေးမယ်ဆိုရင် အချိန်ကုန်ခံပြီး လုပ်မနေနဲ့တော့လေဗျာ၊ တိုင်းရင်းသား ကိစ္စဆိုရင် လွှတ်တော်ထဲမှာ ဆွေးနွေးရမယ် ပြောလိုပြော၊ သမ္မတက ကျင်းပပေးမယ်ဆိုလိုဆို၊ တချို့ တိုင်းရင်းသားကိစ္စတွေမှာ လွှတ်တော်တွင် ဆွေးနွေးရမယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ တကယ်တမ်း တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဖယ်ဒရယ်ပေးရရင် ဥပဒေ ပြန်ပြင်ရမှာမို့ အဆင့်လိုက် လုပ်ငန်းစဉ် ဘယ်လို ရှိတယ်ဆိုတာ ခေါင်းဆောင်လုပ်သူက အကြမ်းဖျင်း ရှင်းပြသင့်တယ်။ အချိန်ကာလ သတ်မှတ်ချက် ပေးသင့်တယ်။ ရတယ် မရဘူးဆိုတာက လူထုဆန္ဒနှင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ပေါ့” အဲဒီလို ပြည်သူလူထုရဲ့ လေသံကြောင့် ဦးအောင်မင်း တစ်ယောက် လေသံပြင်ကာ ပြောလာတာကတော့ “နိုင်ငံတော် သမ္မတကြီးက ဇွန်/ ဇူလိုင်လတွေမှာ အင်အားစုတွေ အားလုံး ပါဝင်တဲ့ ပြည်လုံးကျွတ် ဆွေးနွေးပွဲ တခုလုံး နောက်ဆုံးအဆင့် အဖြစ် နေပြည်တော်တွင် ကျင်းပမယ်” လို့ ဆိုလာပြန်တယ်။

(ဝဲမှယာ) ဦးအုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနဲ့ ဦးအောင်မင်း

တဖန် အစိုးရနဲ့ KIO သဘောထား ကွဲလွဲနေတဲ့ အပစ်ရပ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အားပြိုင်နေတာနဲ့ စပ်လျဉ်းပြီး အထက်ပါ အငြိမ်းစား တပ်မတော် အရာရှိကြီးက သုံးသပ်တင်ပြလာပါတယ်။ “စစ်ပွဲတွေမှာ လက်နက်ချ စာချုပ်နဲ့ အပစ်ရပ် စာချုပ် နှစ်မျိုး ရှိကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ စတင်ဖို့က လုပ်ထုံးလုပ်နည်းအရ အရင်ဆုံး အပစ်ရပ်သင့်ကြောင်း၊ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ရင် တိုက်ပွဲတွေကြောင့် ထိခိုက်ကျဆုံးမှု ရှိလာသဖြင့် ခံစားချက် ပြင်းထန်ပြီး ဆွေးနွေးပွဲမှာ မျက်နှာချင်းဆိုင်လို့ မရကြောင်း၊ မနှစ်က ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေလို့ အစိုးရက ဆွေးနွေးပွဲ ကမ်းလှမ်းတုန်းက KIA က ငြင်းဆန်ခဲ့ဘူးတဲ့ ဖြစ်စဉ်ရှိကြောင်း၊ အပစ်ရပ်စရာမလိုဘူးလို့ အထက်စီးမှ စကားပြောမယ်ဆိုရင် မိမိက စစ်မြေပြင်တွင် အသာစီး ရနိုင်ထားမှု ရှိ မရှိ မှန်မှန်ကန်ကန် သုံးသပ် စမ်းစစ်ရန် လိုကြောင်း၊ ဒါကြောင့် အပစ်ရပ်သင့်ကြောင်း၊ အပစ်ရပ်ရင်တောင် အချိန်ကာလ အာမခံချက်နှင့် နိုင်ငံတကာရှေ့တွင် လက်မှတ်ထိုးတာ ကောင်းမွန်ကြောင်း၊ ဒီကြားထဲ နိုင်ငံရေး လုပ်ငန်းစဉ် အတိအကျ ထည့်သွင်း အကောင်အထည်ဖေါ်ဖို့ တောင်းဆိုသင့်ကြောင်း၊ ပျက်ကွက်ရင်တော့ အစိုးရကို ထောက်ကွက်ပြု အပေါ်စီးမှ ရသွားကြောင်း၊ ဗိုလ်ချုပ် ဂွမ်မော်ကို ရန်ကုန် စိန်ပေါ်ကျောင်းသား ဖြစ်ခဲ့တာနဲ့အညီ စစ်တပ်က ဆက်ဆံရေး ကောင်းမွန်သူ အလုပ် ဖြစ်မယ်သူလို့ မြင်ပြီး ဗိုလ်ချုပ် ဂင်ရှောင်ကိုတော့ သဘောထား တင်းမာသူလို့ မြင်ကြောင်း” စသဖြင့် ဝေဖန် သုံးသပ်သွားပါတယ်။


အစိုးရနဲ့ KIO ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှ KIO/KIA အရာရှိကြီးများအား မျက်နှာချင်းဆိုင် တွေ့ရပုံ

မကြာသေးမှီကာလကမှ ဝင်လာတဲ့ သတင်းအရ ဆွေးနွေးပြီးဆုံးပြီး သဘောတူညီချက် (၇) ချက် ရရှိကြောင်း သိရပါတယ်။ အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး သဘောတူညီချက် (၇) ချက်ကတော့ အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး သဘောတူညီချက် (၇) ချက်တွေကတော့

(၁) နိုင်ငံတော်အစိုးရနှင့် ကေအိုင်အိုတို့ နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန် သဘောတူသည်။

(၂) နှစ်ဖက်တပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်မှုများလျော့ချခြင်း၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားအောင် ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်သွားရန် သဘောတူသည်။

(၃) နှစ်ဖက်ကိုယ်စားလှယ်များပါဝင်သော စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းရန် မူအားဖြင့် သဘောတူသည်။

(၄) နယ်မြေလုံခြုံရေးအရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ညှိုနှိုင်းကာ ဆက်လက် ဆောင်ရွက်သွားရန် သဘောတူသည်။

(၅) တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများနှင့်ပတ်သက်ပြီး ဆက်လက်ညှိုနှိုင်း ဆောင်ရွက်ရန် သဘောတူသည်။

(၆) လိုအပ်သော လုပ်ငန်းစဉ်များကိုညှိုနှိုင်းဆောင်ရွက်ရန် ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ကို မြစ်ကြီးနားမြို့တွင် ထားရှိသွားရန် သဘောတူသည်။

(၇) နောက်တကြိမ်ဆွေးနွေးပွဲတွင် ယခုအကြိမ်တက်ရောက်သည့် အဖွဲ့များမှ ကိုယ်စားလှယ်များ ပြန်လည်တက်ရောက်ရန် သဘောတူညီသည်။ အခြား ဖိတ်ကြားလိုသော အဖွဲ့များ ရှိပါက နှစ်ဖက် ညှိုနှိုင်းဆောင်ရွက်သွားရန် သဘောတူညီသည်။

ဦးဆွမ်လွတ်ဂမ်နဲ့ ဦးအောင်မင်းတို့ သဘောတူ စာချုပ် အပြန်အလှန် လဲလှယ်နေကြစဉ်

ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတို့ သဘောတူ စာချုပ် အပြန်အလှန် လဲလှယ်နေကြစဉ်

ဒါပေမဲ့ အဲဒီအချက်အလက်တွေထဲမှာ အစိုးရ လိုလားတဲ့ အပစ်ရပ် စာချုပ် ကိစ္စ လောလောဆယ် လက်မှတ်ထိုးဖို့ မဖြစ်သေးတာကို တွေ့ရှိရတဲ့အတွက် အောင်မြင်မှု အတိုင်းအတာ ရရှိတယ်လို့ မဆိုနိုင်သေးကြောင်း၊ ဖိတ်ကြားလိုတဲ့ အဖွဲ့များ ရှိပါက နှစ်ဘက် ညှိနှိုင်း သဘောတူမှသာ တက်ရောက်ခွင့် ရှိလေရာ နိုင်ငံတကာမှ ဝင်ရောက်ခိုင်းမဲ့ ကိစ္စကို ဦးအောင်မင်းတို့က သူ့ရဲ့ လုပ်ပိုင်ခွင့် အနေအထားနဲ့ သံတမန် ခင်းကျင်းအရ ဆုံးဖြတ်လို့ မရသဖြင့် အထက် (သမ္မတ) ကို တင်ပြဆွေးနွေးရဦးမှာ ဖြစ်ကြောင်း၊ တပ်နေရာချထားရေးနှင့် အရွေ့အပြောင်း ကိစ္စမှာတော့ စစ်တပ်နှင့် KIA သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း၊ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ခရီးကြမ်းက မပြီးဆုံးသေးဘဲ ဆွေးနွေးပွဲကို မကြာခင် ဆက်လက် ကျင်းပသွားဦးမှာ ဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံများထံမှ စည်းလုံးခြင်းရဲ့အင်အား ဝက်ဘ်ဆိုဒ်က သတင်းရရှိပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။