Monday, May 27, 2013

ကချင်အရေး နောက်ဆုံးရ သတင်း သုံးသပ်ချက် - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)

အစိုးရနဲ့ KIO ငြိမ်းချမ်းရေး ဆွေးနွေးမည့် မြစ်ကြီးနား မနောကွင်း ဝင်ပေါက်မုဒ်ဦး

မေလ ၂၈ ရက်နေ့မှာတော့ အစိုးရနဲ့ KIO တို့ရဲ့ (၈) ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူက မဂျွယ်ခန်းမတွင် တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ ယခင် အကြိမ် ဆွေးနွေးပွဲတွေကို ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်မှာ ၂ ကြိမ်၊ တရုတ် - မြန်မာ နယ်စပ် မိုင်ဂျာယန်တွင် ၂ ကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမှာ ၃ ကြိမ် ကျင်းပခဲ့တာဖြစ်ပြီး ယခုအကြိမ်မှာတော့ မြန်မာနိုင်ငံအတွင်း မြစ်ကြီးနားမြို့တော်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီတကြိမ် ဆွေးနွေးပွဲဟာ ယခင်နှင့် မတူဘဲ ထူးခြားမှုတွေ ရှိတယ်လို့ စစ်ဖက်နီးစပ်သူများက ဆိုပါတယ်။ KIO က တက်ရောက်ဖို့ တောင်းဆိုထားသော အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ တရုတ်နိုင်ငံနဲ့ လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့ တော်တော်များများလည်း ပါဝင်ကြမှာ ဖြစ်သလို နယ်မြေ အနေအထားအရ အစိုးရမဟုတ်တဲ့ NGO လူထုလူတန်းစား အဖွဲ့အစည်းတွေကလည်း အစည်းအဝေးကျင်းပရာ နေရာနှင့် မနီးမဝေး ရှိနေခွင့်ရကြမှာဖြစ်လို့ အဖွဲ့တွေ စုံစုံလင်လင် ဖြစ်တာကြောင့် ထူးခြားတယ်လို့ ဆိုရပါမယ်။ ဒ့ါအပြင် အစိုးရနဲ့ အပစ်ရပ် ပြုလုပ်တိုင်း မကြာခဏ တိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် စစ်မှန်တဲ့ အပစ်ရပ် ရရှိအောင် အဓိက အရေးပါတဲ့ စစ်ရေးကိစ္စများတွင် ယုံကြည်စိတ်ချရသော စစ်ရေး စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဖို့နဲ့ တပ်နေရာချထားရေး ကိစ္စတွေကို အကြိတ်အနယ် ဆွေးနွေးရဖို့ ရှိနေပါတယ်။

မဂျွယ်ခန်းမ ဆွေးနွေးပွဲ အတွက် အဆင်သင့်ပြင်ဆင်ထားမှုများ

KIO ဘက်မှ ဦးဆွမ်လွတ်ဂွမ်နှင့် KIA ဘက်မှ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်ပြီး  ဆွေးနွေးပွဲကို တက်ရောက်မည် ဖြစ်သလို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များအနေနဲ့ KNU နှင့် KNPP တို့ ပါဝင်ကာ  လေ့လာသူများအဖြစ် တက်ရောက်ကြမည် ဖြစ်ပါတယ်။ KIO မှ ရုံးလုပ်ငန်းဆိုင်ရာနဲ့ သတင်းထုတ်ပြန်မှုအတွက် IT နည်းပညာရှင် (၅) ဦးဟာ ရှေ့ပြေး ရောက်နှင့်နေသလို လုံခြုံရေးအဖြစ် KIA မှ တပ်မဟာ (၅) နဲ့ ဗဟိုဌာနချုပ်တို့မှ ထုတ်နှုတ် အင်အား စုစုပေါင်း ဖေါကား (၃) စီးဖြင့် ဝိုင်းမော်မှမြစ်ကြီးနားသို့ မေလ (၂၆) ရက် နေ့လည်ပိုင်းကပင် ကြိုတင် ရောက်နှင့်ပြီးဖြစ်တယ်လို့ သိရပါတယ်။  တပ်မတော်အနေနဲ့ အတွင်းစည်းနှင့်အပြင်စည်း လုံခြုံရေး အပိုင်းတွေကို  မယူတော့ဘဲ ရဲတပ်ဖွဲ့ဝင်များဖြင့်သာ နေရာယူထားတယ်လို့ ဆိုပါတယ်။ မြစ်ကြီးနားမြို့ခံများရဲ့ သတင်းပေးချက်အရ မေလ (၂၆) ရက် ညနေ့ ၁၇း၀၀ နာရီမှ စတင်ပြီး စီတာပူ မနောကွင်းမှ ဗလမင်းဒင်တံတားအထိ၊ တဖန် မနောကွင်းမှ ကျွန်းပင်သာထိ လမ်းထောင့်နဲ့ လမ်းမအတိုင်း တောက်လျှောက်မှာ ရဲတပ်ရင်းများနဲ့ မြစ်ကြီးနားမြို့နယ် ရဲစခန်း (၁/၂) များမှ ရဲတပ်ဖွဲ့ဝင်များသာ ထူထပ်စွာ လုံခြုံရေးတာဝန် နေရာချထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မနောကွင်း မဂျွယ်ခန်းမ ပတ်ပတ်လည်ကို Police လို့ ရေးထားတဲ့ ရဲကင်းတဲ အနည်းဆုံး (၁၀) ခုခန့်ဖြင့် ဝိုင်းပတ်ကာ လုံခြုံရေးအတွက် နေရာယူထားကြောင်း သိရှိရပါတယ်။ တပ်မတော် စစ်ကြောင်းတွေကတော့ ဆွေးနွေးပွဲလုပ်မည့် ယခုအချိန်ကာလမှာ အလစ်ငိုက် စစ်ရေးနည်းဗျူဟာမြောက် အမြတ်ထုတ်လာကြောင်း၊ ဝိုင်းမော် အခြေစိုက် ခလရ (၅၈) မှ အင်အား (၂၀၀) ခန့် စစ်ကြောင်းတစ်ကြောင်းဟာ ကန်ပိုက်တီး၊ ဆဒုံးဒေသဘက်သို့ ရိက္ခာအပြည့်အစုံနှင့် အင်အားဖြည့်တင်းဖို့ ချီတက်သွားကြောင်း ဝိုင်းမော်ဒေသခံများထံမှ သတင်း ရရှိပါတယ်။ နောက်ဆုံး ဝင်လာတဲ့ သတင်းအရ ကြိုဆိုရေး အပိုင်းအနေနဲ့ ဗလမင်းဒင်တံတားရဲ့ အပြင်ဘက်ခြမ်း ဝိုင်းမော်ဘက်မှာတော့ ကချင်စစ်ပြေး ဒုက္ခသည်တွေ ကချင်ပြည်သူတွေက ကြိုဆိုကြမှာဖြစ်ပြီး ဗလမင်းဒင်တံတားရဲ့ အတွင်းဘက်ခြမ်းဖြစ်တဲ့ မြစ်ကြီးနားဘက်မှာလည်း တံတားကနေ မနောကွင်းအထိ ကချင်စစ်ပြေး ဒုက္ခသည်များ၊ ကချင်လူငယ်များ၊ ခရစ်ယာန်အသင်းတော် လူကြီးများနှင့် ကချင် ရပ်မိရပ်ဖများ ပြည်သူများဟာ ယနေ့ နေ့လည်ပိုင်းမှာ ရောက်ရှိလာမှာဖြစ်တဲ့ KIO ကို ကြိုဆိုဖို့ ပြင်ဆင်ထားကြကြောင်း သိရှိရပါတယ်။

KIA မှ ဗိုလ်ချုပ်ဂွမ်မော်

အစိုးရအနေနဲ့ KIO အပေါ် ဘဝင်မကျစရာ ဇာခန်းဆီးနောက်ကွယ်မှ ဇာတ်လမ်းများ ရှိနေတယ်လို့ စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားသို့ သတင်းပေးပို့ လာပါတယ်။ ဇာခန်းဆီး တစ်ခုကတော့ (နေပြည်တော်ကို KIO အား လာရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတဲ့စာ) နဲ့ ပတ်သက်ပြီး KIO က ငြင်းပယ်ခဲ့တဲ့အပေါ် ဘဝင်မကျ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ဖက်နီးစပ်သူများက ဝေဖန်ရာမှာ သမ္မတဦးသိန်းစိန်ဟာ သဘောရိုးနှင့် ဖိတ်တယ်လို့ ယူဆပေမဲ့ ထိုစဉ်က ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွက် နယူးယောက်မြို့ကို ထွက်ခွာမယ့် ခရီးစဉ်ရှိနေပြီး KIO နဲ့ သမ္မတကိုယ်တိုင် ငြိမ်းချမ်းရေး ဆွေးနွေးနေပါတယ်ဆိုတဲ့ ငြိမ်းချမ်းရေး လိုလားပါတယ် အသွင်မျိုး နိုင်ငံတကာမှာ နိုင်ငံရေး ဂုဏ်သိက္ခာ အမှတ်ယူဖို့ ရှိဟန်တူတယ်လို့ ဆိုပြန်ပါတယ်။  နောက်ဇာတ်လမ်းကတော့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေကို ရိက္ခာပို့လို့ မရအောင် KIA က ဝိုင်းဝန်း ပိတ်ဆို့ထားခဲ့တဲ့အပြင် ရွှေလီဆွေးနွေးပွဲမှာ KIA ဒုချုပ် ဗိုလ်ချုပ်ဂွမ်မော် လာမယ်လုပ်ပြီးမှ ပျက်ကွက်ခဲ့တဲ့အပေါ် စစ်တပ်က အမြင်မကြည်လင်တာ ဖြစ်တယ်လို့ သိရပါတယ်။

အစိုးရအနေနဲ့ အစာမကြေတဲ့ နောက်ဇာတ်လမ်း တစ်ပုဒ်ကတော့ နောက်ဆုံး ရွှေလီဆွေးနွေးပွဲ ပြုလုပ်ခဲ့တုန်းက အပစ်ရပ် လက်မှတ်ထိုးဖို့ KIO က ဥပါယ်တမျဉ် ငြင်းပယ်ခဲ့လို့ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို ခေတ္တရပ်ကာ တနေကုန် စောင့်ဆိုင်းခဲ့ရပြီး ညပိုင်းကျမှ ဗိုလ်ချုပ်ဂွမ်မော်ရဲ့ အထက်မှ လာတဲ့ တုံ့ပြန်ချက်အပေါ် အစိုးရအဖို့ မကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လာမဲ့ ဆွေးနွေးပွဲတွေကျတော့ အစိုးရက စိတ်မပါတပါ ဖြစ်နေကြောင်း ပေါ်လွင်နေပါတယ်။

မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသတင်းများ ထပ်မံ ဝင်ရောက်ရန်ရှိရာ သုံးသပ်ချက်များနဲ့အတူ မနက်ဖြန်မှာ အပိုင်း (၂) ကို ဆက်လက် တင်ပြပေးပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။