Monday, May 20, 2013

မြန်မာနိုင်ငံမှ အကျိုးစီးပွားများစွာတို့၏ စစ်ပွဲတစ်ရပ်

(The Voice Weekly)
 (အောင်ထွန်းရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်)


ယခုဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စု အခြေစိုက် မြန်မာ့အရေး လေ့လာသူ သတင်းစာဆရာအောင်ထွန်း ရေးသားသော A War of Many Interests in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။ ဘာသာပြန် ရာတွင် မူရင်းရေးသားသူ၏ အာဘော်နှင့် ကိုက်ညီရေးအတွက် အသုံးအနှုန်းအချို့ကို တိုက်ရိုက်ပြန်ဆို ထားပါသည်။ ဥပမာ- Quasi Civilian Government - အရပ်သားအစိုးရ။ သို့သော် ထိုသို့သော အသုံးအနှုန်းသည် The Voice Weekly ၏ အာဘော် မဟုတ်ကြောင်း အထူး ဖော်ပြလိုပါသည်။
ကချင်ပြည်နယ်တွင် ကချင် လွတ်လပ်ရေးတပ်ဖွဲ့ (ကေအိုင်အေ) နှင့် အစိုးရစစ်တပ် အကြား ဖြစ်ပေါ်နေသည့် တိုက်ပွဲများသည် မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်လျက် ရှိသော နိုင်ငံရေး အသွင်ကူးပြောင်းမှုများက အဆုံးသတ်တွင် ဖက်ဒရယ်နိုင်ငံတော် ထူထောင်နိုင်သည်အထိ ဦးတည်သွားနိုင် ခြင်း ရှိ၊ မရှိ ဟူသောကိစ္စအတွက် အရေးကြီးသည့် စမ်းသပ်ချက်ကြီးပင် ဖြစ်ပါသည်။
ကချင်ပြည်နယ်တွင်း အဆိုပါ တိုက်ခိုက်မှုများမှာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် ဦးဆောင်သော တပ်မတော် ကျောထောက်နောက်ခံ အရပ်ဘက် အစိုးရ အာဏာရရှိလာပြီးနောက် လပိုင်းအကြာတွင် စတင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ 

ဦးသိန်းစိန် အစိုးရသည် တပ်မတော် အနေနှင့် ကေအိုင်အေ တပ်ဖွဲ့များအပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွှန်ကြားချက်ပါရှိသည့် ကြေညာချက် (အနည်းဆုံး) နှစ်ရပ်လောက်တော့ ထုတ်ပြန်ထားပြီး ဖြစ်သည်။ 
သို့တိုင်အောင် တပ်မတော် သည် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို ရပ်ဆိုင်းခဲ့ခြင်း မရှိပေ။ အထူးသဖြင့် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများ၌ အစိုးရဘက်က လေကြောင်းအင်အား အသုံးပြုမှုများပင် ရှိခဲ့ပါသည်။ ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားနေသည့် ကာလတစ်လျှောက်လုံးတွင် အစိုးရက မိမိတို့ တပ်ဖွဲ့ဝင်များသည် သူပုန်စခန်းများအပေါ် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းထက် မိမိကိုယ်မိမိ ခုခံ ကာကွယ်ရေး အတွက်သာ တိုက်ခိုက် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း အာမခံ ပြောဆိုထားသည်။
ဝေးလံခေါင်သီပြီး စစ်၏ အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ယင်း ကချင်ပြည်နယ်ထဲသို့ မီဒီယာများ ဝင်ရောက် သတင်းရယူမှုကို ကန့်သတ် ပိတ်ပင်ရန် အစိုးရက ကြိုးပမ်းခဲ့မှုကြောင့် (ကေအိုင်အေနှင့် စစ်တပ်) နှစ်ဖက် စလုံးက ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိပါသည်ဟု အပြန်အလှန် စွပ်စွဲရန် ဖြစ်လာခဲ့သည်။ 

မြန်မာနိုင်ငံအပြင်ဘက် တရုတ်ပြည် ရွှေလီမြို့၌ လတ်တလော ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသော်လည်း ထိုသို့အပြန်အလှန် စွပ်စွဲမှုများက ကေအိုင်အေနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် ဖြစ်နိုင်ခြေမရှိအောင် ထိထိရောက်ရောက် ဖန်တီးထားခဲ့သည်။ 

ထိုးစစ်ပင်ဖြစ်စေ၊ ခံစစ်ပင် ဖြစ်စေ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သိသာထင်ရှားလာသော အချက်မှာ နေပြည်တော်ရှိ တိုင်းပြည်အုပ်ချုပ်ရေး အစိုးရအဖွဲ့ သို့မဟုတ် ဥပဒေပြု လွှတ်တော် နှစ်ရပ်စလုံးသည် စစ်တပ် အပေါ် အပြည့်အဝထိန်းချုပ်နိုင်မှု မရှိခြင်းပင်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာ မတူညီသော ဖိနှိပ်ချုပ်ချယ်မှု များဖြင့် မြန်မာနိုင်ငံအပေါ် အုပ်ချုပ်ခဲ့သည့် တပ်မတော်သည် လက်ရှိဒီမိုကရေစီ ဖွဲ့စည်း တည်ဆောက်ပုံစနစ်သစ်တွင် သူ၏ကိုယ်ပိုင် အာဂျင်ဒါဖြင့် မည်သူ မည်ဝါကမျှ ထိန်းချုပ်၍မရသော ကိုယ်ပိုင်အုပ်ချုပ်ရေး အဖွဲ့အစည်း တစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသည်။ အဆိုပါ အာဂျင်ဒါကို မသိရ သော်လည်း တပ်မတော်အနေနှင့် အစိုးရ၏ အခြားသောမည်သည့် အဖွဲ့ခွဲများနှင့် နိုင်ငံရေးအရသော် လည်းကောင်း၊ စစ်ရေးအရသော် လည်းကောင်း လိုက်နာဆောင်ရွက်ရန် မလိုအပ်သည် မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။ 

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် မြန်မာတပ်မတော်ကို သီးခြား အဖွဲ့အစည်းတစ်ရပ် အဖြစ် တလေးတစား ထိန်းသိမ်းပေးထားပြီး စစ်တပ် အနေနှင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မှုမပြုဘဲ ပါလီမန်လွှတ်တော်၌ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူခွင့် ပေးထားသည်။ 

မြန်မာနိုင်ငံရေးတွင် ကြီးမားသော အပြောင်းအလဲကြီးတစ်ရပ် ဖြစ်အောင် အဆိုပါဖွဲ့စည်းပုံ အခြေခံ ဥပဒေက မှတ်မှတ်ထင်ထင် ပြုလုပ်ပေးခဲ့သည်။ ယခင်ကဆိုလျှင် တပ်မတော်ကသာ အစိုးရ၏ အုပ်ချုပ်ရေးအာဏာ၊ တရားဥပဒေ ပြုရေးအာဏာနှင့် တရား စီရင်ရေးအာဏာကြီး သုံးရပ်စလုံးကို လွှမ်းမိုးထားခဲ့သည်။ ထိုမျှမက သေးပေ။ 

နိုင်ငံတော်သဘောတူ ခွင့်ပြုချက်များ၊ စီမံကိန်းကြီးများနှင့် လိုင်စင်များကို ထိန်းချုပ်ထားခြင်းဖြင့် စီးပွားရေး လုပ်ငန်းနယ်ပယ်ကိုပါ တပ်မတော်က လွှမ်းမိုးကြီးစိုးခဲ့ပါသည်။

မေးခွန်းကြီး သုံးခွန်း


ကချင်တို့၏ အဓိကပန်းတိုင်မှာ စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုတွင် ဖက်ဒရယ်နိုင်ငံတော် တစ်ရပ် ပေါ်ထွန်းရေးပင်ဖြစ်သည်။ အဆိုပါပန်းတိုင်၏ အဆုံးသို့ သွားရောက်ရာတွင် အရေးပါသည့် မေးခွန်းသုံးခုကို အလေးအနက်ထား ထည့်သွင်းစဉ်းစား အဖြေရှာကြရမည် ဖြစ်သည်။ ယင်းတို့ မှာ - 
(၁) လက်ရှိမြန်မာ့နိုင်ငံရေး အခင်း အကျင်းထဲတွင် အရပ်သား အယောင်ဆောင် အစိုးရအဖွဲ့က ကချင်တို့၏ တောင်းဆိုချက်များ ပြည့်ဝအောင် ဘာတွေ လုပ်ကိုင်ပေးနိုင်မည်နည်း။ 
(၂) သီးခြားအဖွဲ့အစည်း တစ်ရပ်အဖြစ် ပါရှိနေသည့် စစ်တပ်နှင့် အတူ ယင်းအစိုးရအဖွဲ့ အနေနှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် တို့နှင့် ရရှိမည့် သဘောတူညီချက် များ၏ လုံခြုံမှုနှင့် မွန်မြတ်သန့်စင်မှုတို့ အတွက် မည်သို့ အာမခံနိုင်မည်နည်း။ 
(၃) ထို့နောက် ယင်းအာမခံချက် များကို ကချင်တို့က မည်သည့်အတိုင်း အတာအထိ ယုံကြည်နိုင်မည်နည်း ဟူ၍ပင်ဖြစ်သည်။ 

ကချင်ပြည်နယ်တွင် စစ်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေရာ အဆိုပါ မေးခွန်းသုံးခွန်း အတွက် အဖြေမှာလည်း ရှင်းရှင်းလင်းလင်း မသိနိုင်ဘဲ ဆက်ရှိ နေပါလိမ့်မည်။ တိုင်းပြည်လူဦးရေ ထက်ဝက်နီးပါးခန့်ကို ကိုယ်စားပြု သည့် တိုင်းရင်းသားလူမျိုး ရာကျော် ပါဝင်သည့် နိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ်နိုင်ငံတော် တစ်ခု တည်ထောင် နိုင်ရေးအတွက် အယောင်ဆောင်အရပ် ဘက်အစိုးရ၊ ဥပဒေပြုလွှတ်တော်နှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် များအနေနှင့် အထက်ဖော်ပြပါ မေးခွန်းသုံးခွန်းကို နိုင်ငံရေးပွင့်လင်းမှု ရှိသော လက်ရှိအချိန်အခါ သမယတွင် အရေးတကြီး အဖြေရှာကြရမည်သာ ဖြစ်သည်။ ယခင်စစ်အစိုးရတို့သည် အဆိုပါ မေးခွန်းမျိုးကဲ့သို့သော အရေး ကိစ္စများကို ဖယ်ရှားပစ်ခဲ့ရာ တိုင်းရင်း သားလူမျိုးစုများနှင့် ပြည်တွင်းစစ်ကြီး ဖြစ်ပွားသည်အထိ ဖြစ်ခဲ့ရသည်။ ယခုဆိုလျှင် ယင်းပြည်တွင်းစစ်ကြီးမှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်ပါသည်။ 

အဆိုပါပဋိပက္ခတို့ ရလဒ်ကြောင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အရှေ့တောင်အာရှဒေသတွင် အခြားသော နိုင်ငံများထက် နောက်ကျကျန်ရစ် ခဲ့ရသည်။
ထိုးစစ်ပင်ဖြစ်စေ၊ ခံစစ်ပင် ဖြစ်စေ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ သိသာထင်ရှားလာသော အချက်မှာ နေပြည်တော်ရှိ တိုင်းပြည်အုပ်ချုပ်ရေး အစိုးရအဖွဲ့ သို့မဟုတ် ဥပဒေပြု လွှတ်တော် နှစ်ရပ်စလုံးသည် စစ်တပ် အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်မှု မရှိခြင်းပင် ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့သည် တိုင်းပြည်တွင် အင်အား အကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီးတစ်ခု ဖြစ်သော ကေအန်ယူ (ကရင်အမျိုးသားယူနီယံ) အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများကို အောင်အောင်မြင်မြင် တည်ဆောက် နိုင်ခဲ့ပါသည်။ 

ပင်မနိုင်ငံရေး ရေစီးကြောင်း ကြီးထဲတွင် တိုင်းရင်းသားလူမျိုးစုများ အတွက် နေရာ (Space) ပေးနိုင်သည့် အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ထုတ်ခြင်းကြောင့် ပေါ်ထွန်းလာသည့် ငြိမ်းချမ်းရေး တွန်းအားက တိုင်းရင်းသားကိုယ်စားလှယ်များ အနေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးဆွဲရေး၊ တိုင်းရင်းသားဒုက္ခသည် များနှင့် ပြည်တွင်းပြောင်းရွှေ့ နေထိုင် ရသူများ နေရာချထားရေး၊ တိုင်းရင်းသား လူမျိုးစုများ ဒေသ၌ စီးပွားရေးဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည်ဖော်ရေး အစရှိသည်တို့ ထုတ်ဖော်ပြောဆိုခွင့် ရရှိအောင် ဖန်တီးပေးလာနိုင်သည်။
အခြားသော တိုင်းရင်းသား အဖွဲ့အစည်းများက ဦးသိန်းစိန်၏ အယောင်ဆောင် အရပ်သားအစိုးရက ပေးသော အာမခံချက်များကို လက်သင့်ခံခဲ့ကြ သော်လည်း ကချင်တို့ကမူ ယင်းအာမခံချက် များသည် ၄င်းတို့၏ ပင်မပြဿနာများ ကို စိတ်ကျေနပ်လောက်သည် အထိ ဖြေရှင်းပေးနိုင်မည် မဟုတ်ဟု ယူဆခဲ့ကြသည်။ အမှန်စင်စစ် မြန်မာအစိုးရနှင့် ၁၉၉၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အပစ် အခတ်ရပ်စဲရေး သဘောတူညီချက်ကို ထိန်းသိမ်းထားနိုင်ခဲ့သော ကချင်တို့သည် အခြားသော တိုင်းရင်းသား အုပ်စုများနှင့် နှိုင်းယှဉ်မည်ဆိုပါက တစ်မူထူးခြားသော အနေအထားတွင် ရှိနေပါသည်။ ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာအစိုးရ၏ ကတိကဝတ်များက ပြဿနာသစ်များနှင့် အမြတ်ထုတ်မှု များကို မည်သို့မည်ပုံ ဆောင်ကျဉ်းလာသည် ဟူသောအချက်ကို ကချင်တို့က တိုက်ရိုက် တွေ့မြင်ခဲ့ကြသည်။

ရှုပ်ထွေးနက်နဲသော ဖက်တာများ


ပထမအချက်အနေနှင့် ဆိုရလျှင် ကချင်ပြည်နယ်သည် တိုင်းပြည်တွင် သဘာဝသယံဇာတ ရင်းမြစ် ပေါကြွယ်ဝ ဆုံးသော ပြည်နယ်ဖြစ်သည်။ ရွှေ၊ ကျွန်းသစ်၊ ကျောက်စိမ်းနှင့် အခြား သတ္တု အမြောက်အမြား ထွက်ရှိသည်။ 

ဒုတိယအချက်အနေနှင့် ဆိုပါက ကချင်ပြည်နယ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးပါဝါ နိုင်ငံ ဖြစ်သည့် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မဟာဗျူဟာ ဧရိယာထဲ တွင်ရှိသည်။ တရုတ်ဟူသည် ကုန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုတာကာလ အတွင်း မြန်မာနိုင်ငံကို စီးပွားရေးအရ အဓိက ထောက်ပံ့ပေးသည့် နိုင်ငံဖြစ်သလို နိုင်ငံတကာ အသိုင်းအဝိုင်းကြားတွင်လည်း ကျောထောက် နောက်ခံ ပေးသူလည်း ဖြစ်ခဲ့သည်။ 

တတိယအချက်အားဖြင့် ဆိုရလျှင် ကချင်တပ်မတော်သည် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ ထက်စာလျှင် ဗဟိုအစိုးရ အုပ်ချုပ်မှု လက်အောက်မှ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ရေး ရယူနိုင်ရေးအတွက် ကောင်းစွာ ပြင်ဆင်ထားသည်။ 

(အောင်ထွန်းရေးသားပြီး ချွန်ထူးဟန် ဘာသာပြန်ဆိုသည်)
(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။