Thursday, May 23, 2013

တိုင်းရင်းသားလက်နက်ကိုင် ပြသနာသည် အစိုးရအဆက်ဆက် သွေးခွဲမှုကြောင့်ဖြစ်ဟု စစ်ရေးလေ့လာသူပြော



(သျှမ်းသံတော်ဆင့်)


ဒီကနေ့ MPC ရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ်၊ အစိုးရရယ် ဒီအဖွဲ့အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ပြီးတော့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆနမရှိဘူး၊ လှည့်လိုက် ဖဲ့လိုက် အမျိုးမျိုးမီးထိုးပြီးတော့ သဏ္ဍာန်တစ်မျိုးနဲ့ ပြည်တွင်း စစ်ကို ဆက်မွေးထားတာ နှစ်လုံးထဲပြောရရင် divide in rule ပဲ 

မြန်မာ အစိုးရ အဆက်ဆက်သည် တိုင်းရင်းသား လူမျိုးစုငယ်များအပေါ် သပ်လျှိုသွေးခွဲကာ အပေါ်စီးမှ ချုပ်ကိုင် အုပ်ချုပ်ခဲ့သလို လက်ရှိ သမတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင်လည်း အဆိုပါ နည်းလမ်းဟောင်းအတိုင်း ဆက်လက်ကျင့်သုံးနေဆဲ ဖြစ်ကြောင်း တရုတ် နယ်စပ် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက ဆိုသည်။

ယခုလ ၁၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒုဥကဌ ဦးသိန်းဇော်နှင့် UWSA အဖွဲ့တို့ ပန်ဆန်းမြို့တွေ့ဆုံခဲ့စဉ် UWSA  က ၀ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းမှ ပြည်နယ်အဆင့်သို့ တိုးမြှင့် တောင်းဆိုလိုက်သည့်အပေါ် သျှမ်းသံတော်ဆင့်မှ ဦးအောင်ကျော်ဇောအား သီးခြားတွေ့ဆုံ မေးမြန်းရာတွင် သူက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။


“ဗမာ အစိုးရ အဆက်ဆက်က တိုင်းရင်းသား လူမျိုးစုငယ်တွေကို သွေးခွဲရန်တိုက်ပေးထားပြီးတော့ အပေါ်စီးကနေ ချုပ်ကိုင်ထားတယ် အခုလည်း ဦးသိန်းစိန်အစိုးရက ဒီဟာကိုပဲ ဆက်လုပ်နေတယ် တစ်ပြည်လုံး အတိုင်းအတာနဲ့ လူမျိုးကြီးတွေနဲ့ လူမျိုးငယ်တွေကြားထဲမှာ သွေးထိုး သပ်လျှိုထားတယ်၊ သျှမ်း၊ ကချင် ဘယ်နေရာမှာပဲ ကြည့်ကြည့် လူမျိုးစုငယ်တွေကြားထဲမှာ ပြသနာတွေ ဖြစ်အောင် လုပ်ထားတယ်၊ စစ်မှန်တဲ့ ဖက်ဒရယ် .. ပြည်ထောင်စုစနစ်ကို သွားမယ်ဆိုလို့ရှိရင် အစိုးရရဲ့ အခြေခံကျတဲ့ ဒီ mind set ကို ဖြုတ်ရမယ်” ဟု ဆိုသည်။

UWSA ၀ တပ်ဖွဲ့က ပြည်နယ်အဆင့် တိုးတောင်းသည့် ကိစမှာလည်း အစိုးရတွင်သာ အဓိက တာဝန်ရှိပြီး ပြသနာ အားလုံးကို နိုင်ငံရေး အရ တာဝန်ယူဖြေရှင်းရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။

“အဲဒါနဲ့ တစ်ဆက်တည်းပဲ “၀သပ” က လက်နက်အင်အားတွေ ဖြည့်ဆည်းတယ်၊ ပြန်ကြည့်ရင် ပဏာမ အပစ်အခတ် ရပ်ဆဲရေးအဆင့် ခိုင်မာတဲ့ အဆင့် မဟုတ်သေးဘူး။ ဒီကနေ့ MPC ရယ်၊ လွှတ်တော်ရယ်၊ စစ်တပ်ရယ်၊ အစိုးရရယ် ဒီအဖွဲ့အစည်းအားလုံးဟာ လူမျိုးစုငယ်တွေကို စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ပြီးတော့ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဖို့ ဆနမရှိဘူး၊ လှည့်လိုက် ဖဲ့လိုက် အမျိုးမျိုးမီးထိုးပြီးတော့ သဏ္ဍာန်တစ်မျိုးနဲ့ ပြည်တွင်း စစ်ကို ဆက်မွေးထားတာ နှစ်လုံးထဲပြောရရင် divide in rule ပဲ” ဟု ဆိုသည်။

အကျိုးဆက်အားဖြင့် အစိုးရ၏ လုပ်ရပ်အပေါ် ယုံကြည်မှု မရှိသဖြင့် ကိုယ့်ဒေသကိုယ် ကာကွယ်ရန်အတွက် ၀ တပ်ဖွဲ့ အပါအ၀င် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့များက လက်နက်အင်အားများကို ဖြည့်တင်းနေခြင်း ဖြစ်သည် ဟု ဆိုသည်။

ထိုင်းနယ်စပ် အခြေစိုက် တောင်ပိုင်း ၀ တပ်ဖွဲ့နှင့် ပတ်သက်သူက ဆက်ပြောရာတွင် “၀သပ” အာဏာ စသိမ်းတုန်းက အင်အား ၂ သောင်းကျော်ပဲရှိတယ်၊ ဒီကနေ့ ၃ သောင်းကျော်သွားပြီ၊ ဘာကြောင့်လဲ ၁၉၉၅ ခုနှစ်လောက်က အစိုးရရဲ့ မူအောက်ကနေ ဗိုလ်ခင်ညွန့်က ၀ တပ်ဖွဲ့ကို လွယ်လန်းကို တိုက်ခိုင်းတယ်၊ ၀ ကလည်း သူ့အကျိုးစီးပွားအတွက် တိုက်တယ်၊ အစိုးရကလည်း ခွန်ဆာကို သူတို့ တိုက်လို့မရလို့ တိုက်ခိုင်းတယ်၊ မကြားဖူးတဲ့ ဇာတ်လမ်းတွေ ကြားရတယ်၊ နှစ်ပေါင်း ၂၀ လောက်က အစိုးရ စစ်တပ်ကို တိုက်ခဲ့တဲ့ ၀တပ်ဖွဲ့ ဒဏ်ရာရသူတွေကို မင်္ဂလာဒုံ၊ မိတီလာနဲ့ တောင်ကြီး စစ်ဆေးရုံတွေကို ပို့ပြီး ကုသပေးခဲ့တယ်၊ လက်နက် ကျည်ဆံ အားလုံး ထောက်ပံ့ပေးခဲ့တယ်၊ ခွန်ဆာ လက်နက်ချပြီး နောက်ပိုင်း မလွှဲသာ မရှောင်သာပဲ ဒီဒေသတွေကို ၀သပ ကို ပေးလိုက်ရတယ်၊ ဗိုလ်ခင်ညွန့် ထပ်ပြီး ဘာလုပ်သလဲဆိုရင် တရုတ်နဲ့ပေါင်းပြီး ၀ လူမျိုး ၈ သောင်းကျော်ကို တောင်ပိုင်းကို ပို့လိုက်တယ်’’ ဟု ဆိုသည်။

ဝ များ၏ အသက်သွေးချွေးများဖြင့် ရယူထားသော အဆိုပါ တောင်ပိုင်းဒေသမှ ၀ တပ်ဖွဲ့အား အစိုးရဘက်မှ ဖိအားပေး ပြောင်းရွှေ့ခိုင်းမည်ဆိုပါက ၀ အနေဖြင့် ပြောင်းရွှေ့မည် မဟုတ်ကြောင်း ၄င်း၏ အမြင်ကို ဆက်ပြောသွားသည်။

၁၉၄၇ ခုနှစ် လွတ်လပ်ရေး ရရှိချိန်မှစ  ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော်လာသည့် တိုင်အောင် တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်ပြည်ထောင်စုအား အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပေ။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။