Sunday, May 12, 2013

မေ ၁၁ ရက်နေ့တွင် ဖားကန့်ဒေသ၊ ဆိုင်းတောင်ကျေးရွာ၊ မက်လင်ချောင်မှော်၌် ကျောက်စိမ်းတွင်း ပြိုကျရာ ငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

(Eleven Media Group)

ဖားကန့်ဒေသရှိ ကျောက်စိမ်းမှော် လုပ်ကွက်တစ်ခုကို ၂၀၁၂ ခုနှစ်ကုန်ပိုင်းက တွေ့ရစဉ်

ကချင်ပြည်နယ် ဖားကန့်ဒေသ၊ ဆိုင်းတောင်ကျေးရွာ၊ မက်လင်ချောင်မှော်၊ ရွှေခေါင်ခေါင် ကုမ္ပဏီလုပ်ကွက်တွင် မေ ၁၁ ရက် နံနက် ၃ နာရီခန့်က ကျောက်စိမ်းတွင်း ပြိုကျမှု ဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရရှိသည်။

 
သေဆုံးသူများမှာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့တွင် နေထိုင်သူများဖြစ်ပြီး မောင်ခိုင်ထွန်း (၁၉ နှစ်) (ဘ) ဦးထွန်းခင်၊ မောင်မြင့်စိုး (၂၂ နှစ်) (ဘ) ဦးခွေးဘို၊ မောင်ရဲဇော် (၂၂ နှစ်) (ဘ) ဦးကျော်ဇံ၊ မောင် ဆယ်ထွေးမောင် (၂၁ နှစ်) (ဘ) ဦးအောင်သိန်းတို့မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးကာ မောင်အောင်ထွန်းမင်း (၁၇ နှစ်) (ဘ) ဦးဝင်းမြင့်မှာ ဖားကန့်ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ မောင်ချိုအောင် (၂၀ နှစ်) (ဘ) ဦးဝင်းကျော်မှာ ရှေ့သွားကျိုးပြီး ဖားကန့်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်ဟု သတင်းရရှိသည်။

အဆိုပါ မြေပြိုကျမှုနှင့် ပတ်သက်၍ ရပ်မိရပ်ဖ တစ်ဦးက "ဒီမှာ မိုးတွေရွာတာ တစ်ပတ်ကျော်ပြီ။ နယ်မြေစစ်တပ်က သေနတ်တွေနဲ့ မောင်းထုတ်လို့ ညပိုင်းပဲ ခိုးတူးကြတယ်။ မြေစာပုံအဟောင်း ကျင်းအဟောင်းတွေက မိုးရွာရင် ပြိုလွယ်တယ်။ ရှေ့ဆက်ပြီးလည်း တူးနေရင် ပြိုဦးမှာပဲ" ဟု ဆိုသည်။

ယခုမြေပြိုကျမှုမှာ တစ်ပတ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် မေ ၆ ရက် ညပိုင်းကလည်း ဖားကန့်ဒေသ လုံးခင်းကျေးရွာ၊ ခိုင်လုံကုမ္ပဏီ လုပ်ကွက်တွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး တစ်ဦးထက်မနည်း သေဆုံးကာ နှစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။