Tuesday, May 28, 2013

ကိုယ်ပိုင်ချုပ်အုပ်ခွင့် တောင်းဆိုချက် အစိုးရ ကန့်သက်ချက် မထားဟု ဆို

(Democratic Voice of Burma)

တိုင်းရင်းသားတွေ အားလုံးတောင်းဆိုတဲ့ တန်းတူ ရည်တူ အခွင့် အရေး ရရှိရေး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပြဌာန်းခွင့် ရရှိရေး၊ စတာတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ ကန့်သက်ချက် မထားကြောင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောဆို လိုက်ပါတယ်။

ဒီနေ့ မြစ်ကြီးနားမှာ ကျင်းပတဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အိုတို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ဦးအောင်မင်းက အခုလို ပြောကြားလိုက်ပါတယ်။ 


"အစိုးရအနေနဲ့ ဒီဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး ဘာကန့်သတ်ချက်မှ မထားပါဘူး။ ကျနော်တို့ဘက်က တိုင်းရင်းသားတွေ အားလုံးတောင်းဆိုတဲ့ တန်းတူ ရည်တူ အခွင့်အရေး ရရှိရေး ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိရေး၊ ဒါတွေ အားလုံးနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ဘာကန့်သတ်ချက်မှ မရှိဘူးဆိုတာ ကျနော်တင်ပြပါတယ်။"

ဒါ့အပြင် ဒီဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို ကာကွယ်ရေး ဦးစီးချုပ်က သူ့ရဲ့ အာဏာကုန် လွှဲအပ်ပေးလိုက်တာ ဖြစ်တဲ့အတွက် ကြောင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် တက်တယ်လို့ ယူဆစေချင်ကြောင်းနဲ့ ဆွေးနွေးပွဲကနေ အောင်မြင်တဲ့ agreements (သဘောတူညီချက်) တရပ်ထွက်ပေါ်လာမယ်လို့ ယုံကြည်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။

အားလုံး ၀ိုင်းပြီး စောင့်ကြည့်နေကြတဲ့၊ လူထုတစ်ရပ်လုံး မြင်နေရတဲ့ အစည်းအဝေး ဖြစ်တဲ့အတွက် နောက်ပြန်ဆုတ်လို့ မရကြောင်း ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ဆွေးနွေးတင်ပြသွားပါတယ်။

"ကျနော်တို့ဟာ ဘယ်သူမှ မရိုးမသား မပြောဘဲနဲ့ နောက်မဆုတ်တဲ့ အစည်းအဝေးကို ကျနော်တို့ တက်ရောက်နိုင်ပြီ ဆိုရင် အရှေ့ကို သွားနိုင်မယ်လို့ မြင်ပါတယ်။ ကျနော်တို့ ဖြတ်သန်းလာခဲ့တဲ့ အကြိမ်ပေါင်းအများကြီးမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှု လွဲမှားတာတွေ၊ ရှိမှာတော့ ဧကန်မလွဲပါ။ သို့သော်လည်းပဲ ကေအိုင်အို အနေနဲ့ ဒါတွေကို သင်ခန်းစာယူပြီး ကောင်းမွန်တဲ့အဖြေတစ်ခုရှာဖို့ ကျနော်တို့ ကြိုးစားမှာ ဖြစ်ပါတယ်။"

အခု မြစ်ကြီးနားမှာ ပြုလုပ်နေတဲ့ ဆွေးနွေးပွဲကနေ အားလုံးပါဝင်နိုင်တဲ့ ပင်လုံကဲ့သို့ ညီလာခံကြီး ဖြစ်မြောက်ဖို့ မျှော်လင့်ကြောင်းလည်း ဗိုလ်ချုပ် ဂွမ်မော်က ဆွေးနွေးတင်ပြသွားပါတယ်။

အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး ပထမပိုင်းပြီးချိန် DVB သတင်းထောက် ဦးအောင်ထွန်းမြင့် ရဲ့ မေးမြန်းချက်ကို ဗိုလ်ချုပ်ဂွမ်မော်က "အဓိက တိုက်ပွဲတွေကို ဘယ်လို အရှိန်လျှော့သွားမလဲ၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်လိုသွားမလဲ ဆိုတာ အဓိကထားဆွေးနွေးမှာပါ" လို့ ပြောပါတယ်။

စစ်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး သီးသန့် ကဏ္ဍတစ်ခုအနေနဲ့ ဆွေးနွေးသွားမယ်လို့ လည်း ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

ကချင်ပြည်သူတွေရဲ့ ဆန္ဒတွေကိုလည်း ကေအိုင်အိုအနေနဲ့ မျက်ခြေမပြတ် လေ့လာလျက်ရှိပြီး နက်ဖြန် အစည်းအဝေးနားတဲ့အချိန်မှာ လူထုရဲ့
ဆန္ဒကို နားထောင်သွားမယ်လို့ ဆိုပါတယ်။

ဗို်လ်ချုပ်ဂွမ်မော်က ကုလသမဂ ကိုယ်စားလှယ် နမ်ဘီးယားနဲ့ အဖွဲ့အစည်းတွေ ၊ ရပ်မိရပ်ဖ တွေကို တွေ့ဆုံပေးစေချင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံရွှေလီမြို့မှာ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲတုန်းက နှစ်ဖက်ပြသနာဖြစ်ပွားနိုင်တဲ့ ဒေသက တပ်ကိစ္စနဲ့ တိုက်ပွဲတွေ ဆက်ပြီးလျှော့ချနိုင်ဖို့အတွက် အောက်ခြေတပ်အထိ ညွှန်ကြားသွားဖို့ သဘောတူခဲ့ကြပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။