Monday, May 20, 2013

မီးစတဘက် ရေမှုတ်တဘက်ပေါ်လစီကြောင့် ပြည်ထောင်စု တစစီ ပြိုကွဲနိုင်



သက္ကရာဇ် ၂၀၁၃ မေလ ၉ ရက်နေ့တွင်ဖြစ်ပွါးသော နမ့်ခမ်းမြို့နယ်အခြေစိုက် RCSS/SSA စစ်စခန်း ၇၀၁ အတိုက်ခံရခြင်းအပေါ် သုံးသပ်ခြင်း။

၁။ နမ့်ခမ်းမြို့နယ် အခြေစိုက် RCSS/SSA စစ်စခန်း ဘာကြောင့်တိုက်ခိုက်ခံရသလဲ ။

(က) SSA တပ်စခန်းအတိုက်ခံရခြင်းမတိုင်မှီ ပန်းဆေးပြည်သူ့စစ်၏ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် စခန်း ၃ ခုအား တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုမှ ဝင်ရောက်တိုက်ခိုက်ဖျက်ဆီးခံလိုက်ရခြင်း။


(ခ) နမ့်ခမ်းမြို့နယ် နောင်မတာရွာ အခြေစိုက် အမှတ် ၇၀၁ စစ်ဒေသ SSA တပ်များက ဖမ်းဆီးရမိ ထားသော မူးယစ်ဆေးဝါးများအား ပြည်သူလူထုတို့၏ ရှေ့မှောက် တွင်မီးရှို့ဖျက်ဆီးသည့် အခမ်းအနား ကျင်းပပြုလုပ်ခြင်း။

(ဂ) နမ့်ခမ်းမြို့နယ် နောင်မတာ အခြေစိုက် RCSS/SSA သည် မူးယစ်ဆေးဝါးသုံးစွဲသူများ ပြန်လည် ထူထောင်ရေး စခန်းတစ်ခုကို ဆောက်လုပ်၍ မူးယစ်ဆေးဝါး ရောင်းဝယ်သူများအားဖမ်းဆီးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများအား ဆေးဖြတ်စခန်းသွင်း၍ ဆေးဖြတ်စေခြင်း၊ ပြန်လည်ထူထောင်ခြင်း လုပ်ငန်းများလုပ်ကိုင်လျှက်ရှိခြင်း။

(ဃ) RCSS/SSA သည် ကချင်ပြည်နယ်နှင့်တရုတ်ပြည်သို့ မူးယစ်ဆေးဝါးဖြတ်သန်း သယ်ဆောင် နေသော လမ်းကြောင်းပေါ်တွင်ခွနေပြီး မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်သူများအား ရှာဖွေ ဖမ်းဆီးဟန့်တားနေခြင်း။

(င) RCSS/SSA သည်နမ့်ခမ်းမြို့မှ တဆင့်တရုတ်ပြည်သို့ ခိုးထုတ်နေသော သစ်များသယ်ဆောင်ဖြတ် သန်းခြင်းကိစ္စနှင့်ပတ်သက်၍ နမ့်ခမ်းအခြေစိုက် အစိုးရ၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော တပ်၊ ပြည်သူ့ရဲ၊ ပြည်သူ့စစ်များနှင့်ညှိနှိုင်းမှုအဆင်မပြေ၍ သစ်ကားများ လနှင့်ချီ၍ ရပ်နားထားရခြင်း၊။ (SSA တပ်စခန်း ကျသွားပြီးနောက် သစ်ကားများ နမ့်ခမ်းကိုဖြတ်၍ တရုတ်ပြည်သို့ နေ့ရောညပါ ဒလဟော ဝင်ရောက်သွားကြပါသည်။

(စ) SSA ၏ မူးယစ်ဆေးဝါးရောင်းဝင်သူများအား ရှာဖွေဖမ်းဆီးဟန့်တားခြင်း ၊ မူးယစ်ဆေးဝါးသုံးစွဲ သူများအား ဆေးဖြတ်စေခြင်း၊ ပြန်လည်ထူထောင်ရေးစခန်း ထူထောင်ခြင်း စသည်တို့သည် ပန်းဆေး ပြည်သူ့စစ် အဖွဲ့အတွက် ကြီးစွာသော အနှောင့်အယှက် အဟန့်အတားနှင့်ယင်းတို့၏ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းဖြစ်သော အဓိက စီးပွါးရေးလုပ်ငန်းကိုအထူးထိခိုက်စေခြင်း။

(ဆ) ပန်းဆေးပြည်သူ့စစ်၏ မူးယစ်ဆေးဝါးထုတ်လုပ်၊ ဖြန့်ဖြူး ရောင်းဝယ်ခြင်း လုပ်ငန်းကို SSA မှ နှောင့်ယှက်ဖျက်ဆီး၊ ဟန့်တားမှုများကြောင့် ယင်းတို့၏ စီးပွါးရေးကို ပျက်စီးစေပြီး ၎င်းတို့နှင့်အတူ အမြီးစားဘက်၊ ခေါင်းစားဖက် ဖြစ်သည့် ဗမာ့တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တစ်ချို့၏ အကျိုးစီးပွါး အား အထူးထိခိုက်လာခြင်း။

(ဇ) SSA မှမူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲသူများအား ဖမ်းဆီးခြင်း၊ ပြန်လည်ထူထောင် ရေးစခန်းများ ပြုလုပ်ခြင်းသည် အစိုးရဘက်မှ လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အုပ်ချုပ်သူ အဖွဲ့ အစည်း များအတွက် သိက္ခာကျစရာဖြစ်လာခြင်း။

အထက်ပါအကြောင်းများကြောင့် သိန္နီမြို့အခြေစိုက် (စကခ) မှူးကိုယ်တိုင် နမ့်ခမ်းမြို့ ကိုလာထိုင်၍ RCSS/SSA ၏ အမှတ် ၇၀၁ စစ်ဒေသ ဌာနချုပ်အား ပန်းဆေးပြည်သူ့စစ်နှင့် ပူးပေါင်းထိုးစစ်ဆင် တိုက်ခိုက် ခြင်းဖြစ်ကြောင်းသုံးသပ်ရပါသည်။

RCSS/SSA စခန်းကျသွားသည့်အတွင်း ပန်းဆေးပြည်သူ့စစ်နှင့်ယင်း၏ အမြီးစားဘက်ခေါင်းစားဘက် ဗမာ့တပ်မတော်မှ အကြီးအကဲအချို့အတွက် စီးပွါးရေးချောင်လည်လာမည်ဖြစ်ပါသည်။ (တိုက်ပွဲဖြစ်ပြီးလျှင်ပြီးချင်း နောက်တရက် နှစ်ရက်အတွင်း မှောင်ခိုသစ်ကားများ တရုတ်ပြည်သို့ ဒလဟော ဝင်ရောက်သွားကြပါသည်။ ဝင်ရောက်ဆဲဖြစ်ပါသည်။)

မူးယစ်ရာဇာပန်းဆေးကျော်မြင့် ဦးဆောင်သော ပြည်သူ့စစ် အဖွဲ့သည် မူးယစ်ဆေးဝါးများ အဓိက ထုတ်လုပ်ရောင်းချခြင်းဖြင့် အင်အားတောင့်တင်းလာခြင်းကို အစိုးရမှတားဆီးရန် တာဝန်ရှိသော်လည်း အရေးမယူသည့်အပြင် ဗမာ့တပ်မတော်မှ ဆက်လက်အားပေးအားမြှောက် ပြုနေခြင်းသည် အလေး အနက် စဉ်းစားတွေးတောစရာဖြစ်ပါသည်။

သုံးသပ်ချက်

၁။ ဤတိုက်ပွဲတွင် SSA  စခန်းကျသွားသည့်အတွက် ပန်းဆေးပြည်သူ့စစ်နှင့်အမှတ် ၁၆ (စကခ) မှူးတို့အတွက် မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးရန်အသက်ရှူချောင်သွားပါသည်။

၂။ မူးယစ်ရာဇာပန်းဆေးကျော်မြင့်၏ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းအတွက် ဗမာ့တပ်မတော်၏ သားကောင်းများက ဘုမသိ ဘမသိ အသက်စတေးခံရခြင်းနှင့် ပြည်ပရန်ကာကွယ် ရန် အသုံးပြုရမည့် လက်နက်ခဲယမ်းမီးကျောက်များကို တိုင်းရင်းသားအချင်းချင်းနှိမ်နှင်းရာတွင် အသုံး ပြု သုံးဖြုန်း လိုက်ခြင်းဖြစ်ပါသည်။

၃။ နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖော်နေသော ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် တိုင်း ရင်းသား လက်နက်ကိုင်များက အကြီးအကျယ် သံသယဝင်လာပါသည်။

၎။ ဤတိုက်ပွဲကြောင့် KIO/KIA နှင့်အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တနည်းတဖုံ ဂယက်ရိုက်နိုင် ပါသည်။

၅။ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်များအား အစိုးရတပ်များက တစ်ဖက်သတ်အကြောင်း မရှိ အကြောင်းရှာ၍ ရန်မူတိုက်ခိုက်နေခြင်းသည် ယုံကြည်မှုတည်ဆောက်ခြင်းကိုအထူးထိခိုက်စေပါသည်။

၆။ ဤသို့ တိုက်ခိုက်ခြင်းသည် အစိုးရက တဖက်မှထာဝရငြိမ်းချမ်းရေးဟု ကြွေးကြော်နေစဉ် အစိုးရစစ်တပ်က တဘက်လှည့်ထိုးစစ်ဆင်သည်။ အစိုးရနှင့်စစ်တပ်သည် အချင်းချင်းနားလည်မှုယူ၍ ရေမှုတ်တဘက် မီးစတဘက် ပေါ်လစီ ကိုကျင့်သုံးခြင်းလောဟု မေးခွန်းမေးစရာ ဖြစ်လာပါသည်။

၇။ ယခုကဲ့သို့ အစိုးရမှ ထာဝရငြိမ်းချမ်းရေးဟာ ကြွေးကြော်ပြီး အပစ်ရပ်ရေး ဆွေးနွေးနေစဉ် စစ်တပ် ကမူ တဘက်၌ အဆက်မပြတ် ထိုးစစ်ဆင်နေခြင်းသည် တချိန်က သီရိလင်္ကာ အစိုးရ ကျင့်သုံးခဲ့သော တမီးလ် ကျားသူပုန်များကို နှိမ်နင်းသည့် လုပ်ရပ်နှင့်အလွန်ဆင်တူလွန်းလှပါသည်။ ယင်းအချိန်က သီရိလင်္ကာအစိုးရသည် တဘက်က နိုင်ငံခြားစေ့စပ်ညှိနှိုင်းသူများမှ အပြီးတိုင်ချေမှုန်းခဲ့ပါသည်။ ယခုလည်း မြန်မာအစိုးရသည် သီရိလင်္ကာအစိုးရ အသုံးပြုခဲ့သည့် မီးစတဘက် ရေမှုတ်ဘက်ပေါ်လစီကို ပုံတူကူးချ၍ အကောင်အထည်ဖော်နေပြီလား။

၈။ နိုင်ငံတော်အစိုးရအနေဖြင့် မီးစတဘက် ရေမှုတ်တဘက် ပေါ်လစီကိုအမှန်တကယ် လျှို့ဝှက် ကျင့်သုံးခြင်း ဖြစ်ပါက ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တစ်နေ့နေ့ တချိန်ချိန်တွင် တစစီ ပြိုကွဲပျက်စီးနိုင်ပါကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။


(စိုင်းထက်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။