Saturday, May 11, 2013

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် အခြားဆောင်းပါးများ

(Jinghpawkasa)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုသည့်အကြောင်း မရဲတရဲ ပြောဆိုဆွေးနွေးလာကြတာ မြင်ရသည်။ ကောင်းပါပေ့ .. ကောင်းပါပေ့။ Something is better than nothing ဟုပင် ဆိုကြတာကိုး။

ကျနော်ကတော့ အရေးတကြီး ပြင်ဆင်စရာအချက် တစ်ချက်ကို သတိထားမိသည်။ နိုင်ငံတော်သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တွင် စစ်ရေးအမြင်ရှိသူဖြစ်ရမည် ဟူသော အချက်ပင် ဖြစ်သည်။ လက်ရှိသမ္မတကြီးကို ကြည့်ပါ။

ကချင်တွေကို ထိုးစစ်မဆင်ရန် အမိန့်ပေးသည့်အခါ (အဲ ဟုတ်ပါဘူး) ညွှန်ကြားသည့်အခါ တပ်မတော်က နယ်မြေစိုးမိုးရေး ပြောင်းလုပ်သည်။ ထိုးစစ်ဆင်ခြင်းမရှိဟု သမ္မတက သတင်းထုတ်ပြန်သည့်အချိန် ကေအိုင်အေ ခြေကုတ်စခန်း(၃)ခုလောက်ကို သိမ်းထားပြီး ဖြစ်သည်။ ထိုးစစ်ဆင်သော်လဲ လေယာဉ်မသုံးပါဟု သမ္မတပြောသည့်အခါ တပ်မတော်၏ လေကြောင်းထိုးစစ် ရုပ်သံသတင်းကို နိုင်ငံခြားသတင်းဌာနများက ထုတ်လွှင့်ပြသနေသည်။ အသုံးပြုပါသော်လည်း အုပ်ချုပ်ရေးလုပ်ငန်းအတွက်သာ သုံးရခြင်းဖြစ်သည်ဟု သမ္မတက ပြောစဉ်၊ တပ်မတော်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ကေအိုင်အေက ပစ်ချလိုက်သည်။ မလွှဲမရှောင်သာသဖြင့် (တစ်နည်းဆိုရသော် အခြေအနေ မဟန်သဖြင့်) လေကြောင်းပစ်ကူယူရကြောင်း သတင်းရှင်းလင်းနေစဉ်တွင် ဒေါ်လာသန်းချီကုန်နှင့်ပြီ ဖြစ်သည်။ ကန့်သတ်ထိုးစစ်ကို ရပ်တန့်ကြောင်းကြေညာပြီး နှစ်ရက်၊ သုံးရက်အကြာတွင်မှ ခယာဘွမ်ပို့စ်ကို တပ်ရင်းလိုက်ရင်းပြီး တက်သိမ်းသည်။

တော်ရုံတန်ရုံ စစ်ရေးအမြင်ရှိရုံမက တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ လက်ရှိသမ္မတကြီး၏ အမိန့်ညွှန်ကြားချက်များသည်ပင် တပ်မတော်၏ အမိန့်နာခံမှုဆိုတာကြီးကို မမီမကမ်းဖြစ်နေသည်ဖြစ်ရာ စစ်ရေးအမြင် မရှိသူတစ်ဦးသာ သမ္မတဖြစ်လာပါက၊ သမ္မတနှင့် တပ်မတော်အကြား ရင်ကြားကော၊ ဖင်ကြားပါစေ့နိုင်မည် မထင်ပါ။
ထို့ကြောင့် ဖွဲ့စည်းပုံကို ပြင်ဆင်မည်ဆိုပါက သမ္မတ၏ အရည်အချင်းသတ်မှတ်ချက်တွင် “သမ္မတသည် စစ်ရေးအမြင်ရှိရမည်” ဟူသောအချက်အစား “သမ္မတသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမည်” သို့မဟုတ် “တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော် သမ္မတဖြစ်ရမည်” ဟု ပြင်ဆင်သင့်ကြောင်း နှက်ကြောင်းပေးလိုက်ရပါသည်။

သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ
 

ထာဝရငြိမ်းချမ်းရေး

ငြိမ်းချမ်ရေးဆွေးနွေးပွဲတွေ လုပ်ကြတာ အားရစရာ ကောင်းလှသည်။ သို့သော် အစိုးရက ထာဝရငြိမ်းချမ်းရေးဟု ပြောပြီး၊ ကေအိုင်အိုက စစ်မှန်သောငြိမ်းချမ်းရေးဟု ပြောသည်။

အစိုးရ၏ သဘောကတော့ စစ်မှန်သည်ဖြစ်စေ၊ အတုပင်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ ကောက်ကျစ်သည်ဖြစ်စေ၊ ဒီတစ်ခေါက်တော့ ထာဝရငြိမ်းချမ်းသွားရမည်ဟု ဆိုလိုပုံပေါ်သည်။ တစ်နည်းပြောရသော် သေနတ်ချိန်ထားပြီး ဆွေးနွေးပွဲလုပ်မည်၊ အဆင်မပြေပါက စစ်ရေးအရ ထာဝရငြိမ်းချမ်းပစ်လိုက်မည် ဆိုသည့်သဘောမျိုး ဖြစ်သည်။ ဒေါက်တာစိုင်းမောက်ခမ်းက ထာဝရငြိမ်းချမ်းရေး မရ ရအောင် ယူမည်ဟု ကြုံးဝါးထားပါ၏။ ဘူးလက်မြင့်ဆွေကလဲ လွှတ်တော်ထဲမှာ ဒီအတိုင်း ပြောထားသည်။

ဖြစ်တော့ ဖြစ်နိုင်သည်။ မြောက်ကိုးရီးယား၏ အနုမြူထိပ်ဖူးကြီးကို နေပြည်တော်တွင် လာဖောက်ခွဲလိုက်ပါက ဒင်းတို့တစ်သိုက်လုံး ထာဝရငြိမ်းချမ်းသွားနိုင်ချေ ရှိသည်။

သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ
 

မင်းတို့ရဲ့ ပြည်ထောင်စု

တိုင်းရင်းသားများက ပြည်ထောင်စုကို ဒီလို၊ ဒီလိုတည်ဆောက်မည်ဟု ပြောသည်။ ပြည်မက ဟိုလို၊ ဟိုလို တည်ဆောက်မှ ပြည်ထောင်စုဟု ပြောသည်။ နှစ်ဦးနှစ်ဘက်လုံးက ပြည်ထောင်စု အကြောင်းပြောနေပါလျက်နှင့် ညှိလို့ မရခြင်းသည် ပြည်ထောင်စုနှစ်ခု မတူလို့ပင် ဖြစ်ရမည်။

လက်ရှိပြည်ထောင်စုကြီးကို ကြည့်ရတာ ဗမာအနံ့အသက်ချည်းသာ ဖြစ်သည်။ ကျန်တဲ့ တိုင်းရင်းသားများရဲ့ အရိပ်အယောင် ဘာမှ မတွေ့ရ။ ဗမာတို့ရဲ့နိုင်ငံမှာ ကျန်တိုင်းရင်းသားများ လာရောက်နေထိုင်နေသလို ခံစားနေရတာ မဆန်းပါ။ နေပြည်တော်ဟုခေါ်သော မြို့ကြီးမှ ဗမာမင်းများ၏ လွှတ်တော်သဖွယ် နန်းပြသာဒ်ဆောင်များတွင် လွှတ်တော်တက်ရသည်။ ရှေးဗမာမင်းများ၏ အဆောင်အယောင် ကျိုင်းဆိုတာကြီးကို ထမ်းပြီး ဗမာတိုက်ပုံနှင့်လူ ၀င်လာလျင် မတ်တပ်ရပ်ပေးကြရသည်။ “မှန်ပါ့ ဘုရား” မထူးရသည်ပင် ကံကောင်းလှပြီ။

မိမိတို့ကိုယ်တိုင်က မဟာဗမာဝါဒစွဲကိုင်ပြီး၊ ဗမာယဉ်ကျေးမှုများဖြင့် နိုင်ငံတည်ဆောက်ထားပါလျက် ပြည်ထောင်စုဖြစ်ချင်သေးသည်။ ဒီပြည်ထောင်စုထဲမှာ တိုင်းရင်းသားတို့နှင့် ဆိုင်တာ ဘာမှ မတွေ့ရ။ ဗမာနှင့် တခြားတိုင်းရင်းသားများ၏ အမျိုးသားရေး အခွင့်အရေးကလဲ မိုးနှင့်မြေလို့ ကွာသည်။ တိုင်းရင်းသားများ၏ စိတ်ထဲတွင် မင်းတို့ရဲ့ပြည်ထောင်စုဟု သတ်မှတ်ထားသည်မှာ မဆန်းတော့ချေ။

သဗ္ဗေသတ္တာ ကမ္မတကာ။
မောင်ရေခဲ
 

မြွေမြွေချင်း ခြေမြင်

တိုင်းရင်းသားဒေသဆီ ဗမာတပ်တွေ ရောက်လာသည်မှာ နှစ် ၆၀ ကျော်ခဲ့ပြီ။ ဗမာတပ်ရောက်လျင် မကြာခင် ဗမာရပ်ကွက်၊ ဗမာရွာဖြစ်လာသည်။ သူတို့ဇာတိဆီ ဘယ်တော့မှ မပြန်တော့။ ရောက်သည့်နေရာမှာ အခြေချသည်။ ကြုံရာကျပန်း လုပ်ကိုင်စားသောက်သည်။ ဒေသခံ တိုင်းရင်းသူ၊ တိုင်းရင်းသားတွေနှင့် ညားသည်။ ကလေးရတော့ ကပြားလေးတွေ ဖြစ်ကုန်သည်။ နောက်မျိုးဆက် တစ်ဆက်လောက်ကြာတော့ ဘာလူမျိုးလို့ ပြောရမည်မှန်း မသိကြတော့။ ဗမာစကားပြော၊ ဗမာယဉ်ကျေးမှုထဲမှာနေပြီး ဗမာဖြစ်ကုန်သည်။ မှတ်ပုံတင်မှာ ရှမ်း-ဗမာ၊ ဗမာ-မွန်၊ ကချင်-ဗမာရေးထားပေမဲ့ ဘယ်ဘက်ကမှ လိုလိုချင်ချင် မရှိ ဖြစ်တတ်သည်။

သေချာသည်မှာ ဤပြည်နယ်၏ မှတ်ပုံတင်ကိုင်ထားသည်မို့ ဤဒေသမှာ မဲပေးနိုင်သည်။ ကိုယ်ကိုယ်တိုင်က တိုင်းရင်းသားသွေး နည်းနေပြီမို့ ကိုယ်မ၀င်ဆံ့သည့် တိုင်းရင်းသားပါတီများကို မဲပေးမည်လော။ ဖူးဖူးမှုတ်ပါတီကို မဲပေးမည်လော။

ဒီလို ဖြစ်နေတာ နှစ် ၆၀ ကျော်ပြီ။ အရင်က ဗမာမရှိသည့် တိုင်းရင်းသားဒေသတွေမှာ ယခု ဗမာရပ်ကွက်လိုက်ရှိသည်။ ဗမာအများစုနေထိုင်ရာ ဒေသတွေမှာ ဤသို့ တိုင်းရင်းသားများ အုပ်စုလိုက် ရွှေ့ပြောင်းအခြေချနေထိုင်သည်ဆို၍ မရှိချေ။ တိုင်းရင်းသားရွာ ရှိလျင်လည်း ရှေးယခင်ကတည်းက အခြေချနေထိုင်ခဲ့ခြင်းသာ ဖြစ်သည်။

(ရန်ကုန်လို ဒေသဆီ ရွှေ့ပြောင်းလာကြတာတော့ ရှိသည်။ သို့သော် ဒါက ဗမာဒေသဟု ပြောဖို့ ခက်သည်။ မွန်တွေဆီက ဗမာမင်းများ လုယက်သိမ်းပိုက်ထားတာသာ ဖြစ်သည်။ မွန်၊ ရခိုင်၊ ကရင်၊ ဗမာ စုပေါင်းနေထိုင်ကြသည်မို့ ပြည်ထောင်စုနယ်မြေစစ်စစ် ဖြစ်ထိုက်သည့် ဒေသသာဖြစ်သည်။)

ဗမာလူမျိုးများ တိုင်းရင်းသားဒေသဆီ ပြောင်းရွှေ့အခြေချသလို၊ အရှေ့ဆီက တရုတ်နှင့် အနောက်ဆီက ဘင်္ဂလီတို့ကလဲ တရွေ့ရွေ့ စိမ့်ဝင်လာကြပြီ။ ဗမာတွေ နယ်ချဲ့သလို၊ သိသိသာသာ စစ်တပ်လိုက် (လက်နက်ကိုင်ပြီး) ၀င်လာခြင်း မဟုတ်သေး၊ ဒေသခံတွေကို သေနတ်ပြပြီး ခြိမ်ခြောက်၊ အနိုင်ကျင့်၊ မုဒိမ်းကျင့်တာမျိုး မလုပ်သေး၊ သို့သော် တစိမ့်စိမ့် ငြင်သာစွာ ၀င်လာသည်ကိုပင် ဖင်ပြဲအောင် အော်နေကြပြီ။ မြွေမြွေချင်း ခြေမြင်နေကြသည်။ ဘင်္ဂလီတွေ မဲပေးခွင့်ရသွားမှာ၊ တရုတ်တွေ လွှတ်တော်ထဲ ၀င်ထိုင်မှာ ကြောက်နေကြပြီ။

နှစ်ပေါင်းများစွာ စိမ့်ဝင်ဝါးမျိုခံခဲ့ရသည့် တိုင်းရင်းသားများကို နည်းနည်းတော့ အားနာသင့်သည်ဟု ထင်သည်။

သဗ္ဗေသတ္တာ ကမ္မတကာ။
 မောင်ရေခဲ
 
 
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။