Friday, May 3, 2013

ဒီလအတွင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးပွဲများရှိ

(Democratic Voice of Burma)

ဒီလအတွင်းမှာ ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေဟာ KIO, UNFC, KNPP တို့နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ မြန်မာ ငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာက ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေကို ဆက်သွယ်မေးမြန်းထားပါတယ်။

KIO နဲ့ အစိုးရ အကြားဆွေးနွေးပွဲနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေကို ပြောပြပေးပါ။



ဝန်ကြီးချုပ်ဦးအောင်မင်းကတော့ ပြီးခဲ့တဲ့ လ ၂၅ ရက်က အဆိုပြုလွှာပေးထားတယ်။ KIO အဖွဲ့အစည်းဘက်ကလည်း သူတို့ဘက်က တက်ရောက်စေချင်တဲ့ (observer) လေ့လာသူတွေ တက်ရောက်နိုင်ဖို့ ကိစ္စကို ကျနော်တို့ ပြင်ဆင်ညှိနှိုင်းနေဆဲ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ဘက်က ပြောနိုင်တာကတော့ နောင်လာမယ့် အပတ်ပေါ့။ အဲလောက်တွေမှာ ဖြစ်နိုင်ဖို့ ဒီဟာကို မျှော်လင့်ပြီးတော့ ပြင်ဆင်တာ၊ ဒီလောက်ပဲရှိပါတယ်။

KIO ဘက်ကလည်း ဘယ်လိုသဘောထားရှိလဲ။ ဘယ်မှာ ဆွေးနွေးမယ်ဆိုတာနဲ့ ပတ်သက်လို့။

KIO ဘက်ကလည်း သူတို့ဘက်က သူတို့ရဲ့ လိုလားချက်နဲ့ သူတို့ရဲ့ လေ့လာသူ ကိစ္စကိုတော့ ဦးအောင်မင်းနဲ့ ညှိနှိုင်းနေဆဲပေါ့။

မြစ်ကြီးနားလား။ ရွှေလီ (တရုတ်နိုင်ငံ) လား။

ဦးအောင်မင်းကတော့ မြစ်ကြီးနားမှာ ကျင်းပဖို့ အဆိုပြုထားတယ်ပေါ့။ ဒါကတော့ တဖက်အဖွဲ့အစည်းသဘော၊ ညှိနှိုင်းလို့ သဘောတူရင်တော့ မြစ်ကြီးနားမှာ ဖြစ်မှာပေါ့။ ကျနော်ကတော့ မြစ်ကြီးနားဖြစ်နိုင်တယ်လို့ မျှော်လင့်ထားတာပေါ့။
အခုကတော့ ၀န်ကြီး ဦးအောင်မင်း ညှိနှိုင်းနေပါတယ်။ ဟိုဘက်ဒီဘက် အချက်အလက်တွေကြောင့်။

ကချင်နဲ့ မတိုင်ခင် ကရင်နဲ့တွေ့ပြီး နှစ်ဘက်လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်း (code of conduct) ညှိမယ်လို့ ကြားသိရပါတယ်။ အဲဒီ ကိစ္စ ပြောပြပါ။

ကရင်နဲ့က ဟိုးတလောတုန်းက ကျနော်တို့ ဘားအံမှာ လုပ်နေတဲ့ ကရင်ရေးရာ အစည်းအဝေးမှာ မတိုင်ခင်မှာ KNU ကိုယ်စားလှယ်အဖွဲ့ ၃ ဦးနဲ့ ဦးအောင်မင်းနဲ့ ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အချိန်မှာ KNU နဲ့ ကျနော်တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကြီး မလုပ်ခင်မှာ (code of conduct) အပါအ၀င် အခြားကြိုတင်ပြင်ဆင်ညှိနှိုင်းတဲ့ ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးတွေ လုပ်ဖို့ လိုပါတယ်။ အဲဒါတွေလုပ်ဖို့ အခု ဘယ်နေ့ ဘယ်ရက်လာမယ်၊ ဘယ်ဟာတွေ ပြောမယ်ဆိုတာတော့ လုပ်နေပါတယ်။ KIO နဲ့က အရင်ဖြစ်ပါလိမ့်မယ်။

ဦးလှမောင်ရွှေတို့ တက်ရောက်တဲ့ ချင်းမိုင်ပွဲ (တိုင်းရင်းသား မဟာမိတ် UNFC နဲ့ ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့အကြား နိုင်ငံရေး ဆွေးနွေးပွဲ အကြိုညှိပွဲ) က ဖေဖော်ဝါရီ ၂၀ မှာ ကျင်းပတယ်။ နောက် ၂ လ အတွင်း ထပ်တွေ့မယ်လို့ ကြေငြာပြီး ၂ လ ပြည့်တဲ့ ဧပြီ ၂၀ မှာ ဘာလို့ မကျင်းပဖြစ်တာလဲ။ အဲဒီအစည်းအဝေး ဘယ်တော့ ဖြစ်မလဲခင်ဗျာ။

ဟုတ်ကဲ့။ UNFC နဲ့က ၀န်ကြီး ဦးအောင်မင်းက မေလထဲမှာ သူဆောင်ရွက်နိုင်ဖို့ မြန်မာငြိမ်းချမ်းရေးစင်တာက အလုပ်အဖွဲ့ကို သူ့အနေနဲ့ ပြောထားတာကတော့ ဆွေးနွေးပွဲ ၄ ခုလောက်ဖြစ်ဖို့ သူပြင်ဆင်နေပါတယ်။ နံပါတ် ၁ ကတော့ ပထမ ဦးစားပေးကတော့ KIO ပါ။ ဒုတိယက KNU။ နောက်တတိယက UNFC နဲ့ KNPP ပါ။ အဲဒီ ၄ ခုလုံးကို မေလတွင်းမှာ ဆောင်ရွက်ဖို့တော့ လုပ်နေတယ်။ တဖက်က ဆွေးနွေးမယ့် အဖွဲ့အစည်းတွေနဲ့ ဆက်လက်ပြီးတော့ ညှိနှိုင်းနေပါတယ်။ UNFC ဘက်ကတော့ သူတို့ဘက်မှာလည်း နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် (political dialogue framework) ကို ဆွေးနွေးမှာ ဖြစ်တဲ့အတွက် သူတို့ဘက်မှာလည်း ပြင်ဆင်နေဆဲလို့ပဲ နားလည်တယ်လေ။ ရက်ကတော့ ကျနော်တို့လည်း ပြန်မညှိရသေးဘူး။ ၀န်ကြီးဦးအောင်မင်းကလည်း မနေ့ကမှ ခရီးသွားတာ။ ရက်ကတော့ ကျနော်တို့လည်း ပြန်မညှိရသေးဘူး။ ၀န်ကြီး ဦးအောင်မင်းကလည်း မနေ့ကမှ ခရီးသွားတာ၊ ပြန်လာတော့ သူလည်း အခုတော့ အလုပ်လုပ်နေပါတယ်။

နိုင်ငံတော်သမ္မတကြီး ပြောကြားတဲ့ ဇွန်လလောက်ဆို ကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ အလားအလာဖြစ်ကောင်းဖြစ်နိုင်တာက အခု နှုန်း အတိုင်းဆို ဖြစ်နိုင်ချေရှိပါလား။

ပထမအဆင့်ကတော့ တဖွဲ့ချင်းနဲ့ ပိုပြီး ရလဒ်တွေ ရှာဖွေ ဆွေးနွေးဖို့လိုတယ်လို့ မှတ်ယူပါတယ်။ ဒုတိယကတော့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေ မလုပ်ခင်မှာ အဲအတွက် မူဘောင်တွေ အထူးသဖြင့် UNFC လို အဖွဲ့တွေနဲ့ လုပ်ဖို့လိုတယ်။ အဆင့်လိုက်ကတော့ သွားနေရမှာပဲ။ ဒီဘက်က ပြင်ဆင်တာကတော့ မေလထဲ အစည်းအဝေး ၄ ခု လောက်လုပ်ဖို့ရှိတယ်။ ရက်နီးရင် ရှေ့တိုးနောက်ဆုတ်တွေ ရှိကောင်းရှိနိုင်ပါတယ်။


ရှမ်းပြည်တပ်မတော်နဲ့ အစိုးရအကြားမှာ ထပ်ခါထပ်ခါ ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတဲ့အပေါ်မှာ ဘာကြောင့်လဲဆိုတာ ဒေသခံတွေက နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ဒါကိုလည်း ရှင်းပြပေးပါ။

ကျနော်နားလည်သလောက် ပြောရရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ကျနော်တို့ နိုင်ငံလို အဖွဲ့ပေါင်းများစွာနဲ့ တပြိုင်တည်း လုပ်ရတာမျိုး ဖတ်ဖူး မမှတ်ဖူးသေးဘူး ပြောရမယ်။ နောက်စွမ်းရည် ပြသနာလည်း ရှိမယ်။ နောက် လက်နက်ကိုင်သူအချင်းချင်း ကြားမှာ လုပ်ရတဲ့ ငြိမ်းချမ်းရေး ဖြစ်လို့ အချိန်တစ်ခုလိုမယ်။ ရှမ်းပြည်နဲ့ ဖြစ်တဲ့ တိုက်ပွဲတွေ တချို့က ဘယ်တပ်ဖွဲ့ ဘယ်နားမှာ နေဆိုတဲ့ တိတိကျကျ ညှိနှိုင်းဖို့ကလည်း ကျန်တော့ ဒါကြောင့် လို့ ယူဆပါတယ်။ အပစ်အခတ်ရပ်စဲပြီးပေမယ့် ထိတွေ့မှုရှိကောင်းရှိနိုင်တယ်လေ။ မရှိရင်တော့ အကောင်းဆုံးပေါ့။ ဒါတွေကိုတော့ လျှော့ချဖို့ လုပ်နေတယ်။

မြန်မာ့တပ်မတော်က အရင်ကထက်စာရင် သတင်းတွေ ထုတ်ပြန်မယ့် အစီအစဉ်တွေ ရှိလာတယ်ဆိုတဲ့ သတင်းစလေး ကြားလိုက်ပါတယ်။ ဘယ်တော့လောက် စမယ် လို့ ကြားပါလဲ။

တပ်မတော်က ဆောင်ရွက်မယ်လို့ ကြားတယ်။ အသေးစိတ်တော့ ကျနော် မသိဘူး။ ကျနော်က မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ဆိုင်တာတွေကိုပဲ မီဒီယာတွေကို ရှင်းပြဖို့ပေါ့။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။