Thursday, May 30, 2013

တစ်နှစ်ပြည့် ပဋိပက္ခများ၏ နောက်ကွယ်

မေလ ၃၀ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

၂၀၁၃ ခုနှစ် မေ ၂၈ ရက်တွင် လားရှိုးမြို့၌ အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးအား ဓာတ်ဆီလောင်း မီးရှို့မှု ကျူးလွန်ခဲ့ပြီးနောက် မကျေနပ်သူများက အစ္စလာမ် ဘာသာရေး အဆောက်အအုံများကို မီးရှို့ခဲ့ကြပြီး ပုဒ်မ ၁၄၄ ထုတ်ပြန် ခဲ့ရသည်အထိ ဖြစ်ခဲ့ရသည်။ အဆိုပါ ကျူးလွန်သူနှင့် ကျူးလွန်ခံရသူသို့ တစ်ဦးနှင့်တစ်ဦး သိကျွမ်းခဲ့ဖူးခြင်း မရှိ၊ ရန်ငြိုးရန်စ မရှိဟု သိရသည်။ လားရှိုးဖြစ်စဉ်သည် ရခိုင်ပဋိပက္ခ၊ မိတ္ထီလာ ပဋိပက္ခများအပြီး ဖြစ်ပေါ်လာခဲ့သည့် နောက်ထပ်ပြဿနာ တစ်ခုဖြစ်သည်။ ကျောက်နီမော်တွင် မသီတာထွေး အသတ်ခံရသည့်ဖြစ်စဉ် တစ်နှစ်ပြည့်သည့် အချိန်တွင် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။ ယခုဖြစ်ပွားမှုသည် အစိုးရနှင့် ကေအိုင်အိုတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် တိုက်ဆိုင်နေပြန်သည်။


မြန်မာနိုင်ငံတွင် တိုင်းပြည်အတွက် အရေးပါသော အလှည့်အပြောင်းများ ဖြစ်ပေါ်သည့် အချိန်တိုင်းတွင် ယင်းသို့ပဋိပက္ခများ ဖြစ်ပွားခြင်းမှာ ဆက်တိုက် ဖြစ်နေသည်။ ၂၀၁၂ ခုနှစ် မေ ၂၈ ရက်တွင် ကျောက်နီမော်၌ မသီတာထွေး အသတ်ခံရမှု ဖြစ်စဉ်သည် အိန္ဒိယ၀န်ကြီးချုပ် မြန်မာနိုင်ငံသို့ လာရောက်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးနေသည့် အချိန်နှင့် တိုက်ဆိုင်နေသည်။

ထို့နောက် တောင်ကုတ်ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီး မောင်တော၊ စစ်တွေစသည့် ပျက်စီးဆုံးရှုံးမှု ကြီးမားသော ဘာသာရေး အဓိကရုဏ်းအသွင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်မြို့ရှိ သာကေတတွင်လည်း ဗလီတည်ဆောက်မှုအပေါ် မကျေနပ်၍ ပဋိပက္ခအချို့ ဖြစ်ပေါ်ခဲ့သေးသည်။ ၂၀၁၃ မတ် ၂၀ ရက်က စတင်သည့် မိတ္ထီလာ ပဋိပက္ခသည် လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်ရှိလာပြီးနောက် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်း အနောက်ခြမ်း မြို့နယ်များသို့ ကူးစက်ခဲ့သည်။

ယခု အချိန်တွင် မြန်မာနိုင်ငံသည် ဒီမိုကရေစီ အပြောင်းအလဲ လမ်းကြောင်းပေါ်၌ ရောက်ရှိနေချိန်တွင် ရိုးသားမှု မရှိသည့် ပြဿနာများ ထပ်ကာထပ်ကာ ဖြစ်ပွားနေခြင်းသည် တိုင်းပြည်အတွက် မျက်နှာပန်း မလှနိုင်သလို ရှေ့ခရီး အတွက်လည်း အဟန့်အတားများ ဖြစ်နေသည်။ ထို့ပြင် အပြောင်းအလဲ ဖြစ်ပေါ်သည့် အချိန်တိုင်းတွင် ပဋိပက္ခများ ချိန်ကိုက်ဖြစ်ဖြစ် နေခြင်းသည်လည်း တိုက်ဆိုင်မှုသက်သက် မဖြစ်နိုင်ပါ။ ပြဿနာများ၏ နောက်ကွယ်တွင် မည်သည့် အကြောင်းရင်းများ ရှိနိုင်သည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။ ထို့ကြောင့် ပဋိပက္ခများကို ပြည်သူများ အနေဖြင့် အထူးသတိပြု ရမည်ဖြစ်သလို တာဝန်ရှိသူများ အနေဖြင့်လည်း ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းဖော်ထုတ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်း ရေးသားအပ်ပါသည်။



(Naw Ding FB စာမျက်နှာမှ)

ဆက်စပ်သတင်းများ

ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တိုင်း အကြမ်းဖက်မှုများတိုက်ဆိုင်စွာပေါ်ပေါက် (Click Here)

စိန့်မေရီ ဘုရားကျောင်း တာဝန်ခံက ရဲတိုက်ကို စတိုက်ခိုက်ခြင်း မဟုတ်ဟု ငြင်းဆို (Click Here)

မူစယ်မြို့ အကြမ်းဖက်မှု အချိန်မီ တားဆီးနိုင်ခဲ့ (Click Here)

လားရှိုးပဋိပက္ခ မူဆယ်သို့ကူးစက်မည်ကို ဒေသခံများ စိုးရိမ်နေ (Click Here)

လားရှိုးသတင်းယူနေသည့် ရုပ်သံသတင်းသမား ၂ ဦး တိုက်ခိုက်ခံရ (Click Here)

လားရှိုးပဋိပက္ခတွင် သတင်းထောက်တဦး အတိုက်ခံမှုအပေါ် ရှုတ်ချကြောင်း အသိပေးကြေညာချက် (Click Here)

 

 

 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။