Tuesday, May 28, 2013

ကချင်အရေး နောက်ဆုံးရ သတင်း သုံးသပ်ချက် - အပိုင်း (၂)

(စည်းလုံးခြင်းရဲ့အင်အား)

ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဦးအောင်မင်း

နောက်ထပ် အစာမကြေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကတော့ KIO က မြန်မာနိုင်ငံအတွင်းမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ ဆွေးနွေးပွဲတွေကို မကျင်းပလိုဘဲ ပြင်ပနိုင်ငံတွေမှာသာ ကျင်းပ ခိုင်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ဆိုးတာက ဆွေးနွေးပွဲ လေ့လာသူများအနေနဲ့ အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့အား ထပ်ပြီး ထည့်သွင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အဓိကတော့ KIO က ယုံကြည်မှု မရှိလို့ အဲဒီနိုင်ငံတွေကို အားကိုးခေါ်တာ ပေါ်လွင်တာကြောင့် အစိုးရအနေနဲ့ မကျေနပ်တာ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ အမေရိကန်ကို ခေါ်ရာမှာ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တယ်လို့ သတင်းများ ပေါ်ထွက်ခဲ့ပေမဲ့ တရုတ်အစိုးရက ချက်ချင်း ငြင်းပယ်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး စစ်ဖက် နီးစပ်သူများက သုံးသပ်ရာမှာ အင်္ဂလန်နဲ့အမေရိကန် ပါဝင်လာတာကို တရုတ်နိုင်ငံ ဘဝင်မကျ တာထက် မြန်မာအစိုးရ ကိုယ်တိုင်က ဘဝင်မကျ အစာမကြေဖြစ်ခဲ့ပြီး သံတမန်ရေးရာ လှုပ်ရှားမှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ ဝန်ကြီးဦးစိုးသိန်းက နိုင်ငံအရေးကို လွှမ်းမိုး ချုပ်ကိုင်တဲ့အပေါ် ဘယ်သူ့မှ လက်မခံဘူးလို့ ထုတ်ဖေါ်ခဲ့ဖူးပါတယ်။ ဦးအောင်မင်းဟာ အင်္ဂလန်သို့ သွားရောက်ခဲ့သလို အမေရိကန် နယူးယောက်တွင် သမ္မတကိုယ်စား ဆုလက်ခံ ရယူဖို့လည်း သွားရောက်ခဲ့ပါတယ်။ အဲဒီလိုသွားရောက်ခဲ့ရာမှာ သက်ဆိုင်ရာ တာဝန်ရှိ အစိုးရတွေကို KIO ကိစ္စ ဝင်ပါရင် ဘဝင်မကျတဲ့ သဘောထားမျိုး သံတမန်ရေးရာ စကားလုံးနဲ့ ပစ်သွင်းခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံရေး မဟာဗျူဟာ လှည့်စားတဲ့ အနေနဲ့ KIO က ဖိတ်ရင် ကန့်ကွက်ရန် မရှိပေမဲ့ အစိုးရက တရားဝင် မဖိတ်တာကြောင့် အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံတို့ အနေနဲ့ KIO က ဖိတ်လို့ လာခဲ့ရင်တောင် အစိုးရကို တရားဝင် မျက်နှာချင်းဆိုင်ခွင့် မရသလို အနေအထားမျိုး အကြပ်ရသွားပါတယ်။

ကချင် စစ်ပြေး ဒုက္ခသည်များ

တရုတ်နိုင်ငံ အနေနဲ့ KIO အပေါ် တရားမဝင် ထောက်ခံ အားပေးနေရာမှ ယခုအခါ အေးတိအေးစက် အနေအထား ရောက်နေပြီလို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဗဟိုအစိုးရက မကြာမှီကာလအတွင်း Gas ပိုက်လိုင်း ဖွင့်လှစ်မှာမို့ စိုးရိမ်ပူပန်နေပြီး လိုရင်းတင်ပြရရင် အစိုးရဘက်ကို အလေးသာသလို ယူနန်ပြည်နယ် တရုတ်အစိုးရကတော့ နယ်စပ်ချင်း ထိတွေ့ ဆက်ဆံမှုအရ KIO ဘက်ကို အလေးပေးတာကြောင့် တရုတ်မှာတောင် သဘောထား ကွဲလွဲမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

အနောက်နိုင်ငံကြီး အင်္ဂလန်၊ အမေရိကန်ပိုင်းကို ပြန်သုံးသပ်ရရင် အမေရိကန် အနေနဲ့ စိတ်ပါဝင်စားမှု သိပ်မရှိတာ တွေ့ရပါတယ်။ KIO ဘက်က သံတမန်ရေးရာ လှုပ်ရှားမှုအရ သွားရောက် ထိတွေ့ ဆက်ဆံပေမဲ့ အမေရိကန် အစိုးရအနေနဲ့ တရုတ်နိုင်ငံနှင့် ထိပ်တိုက်တွေ့မှာကို ရှောင်ရှားလိုဟန် ရှိတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ စစ်ဖက်နီးစပ်သူများက KIO ကို ထောက်ပြ သုံးသပ်ရာမှာ အဓိက အားနည်းချက်အနေနဲ့ ပြည်တွင်း ထောက်ခံမှု အင်အား ရရှိနေသလို ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ဖို့ လိုသွားတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမကို တရားဝင်ဖိတ်မှ တက်မယ်လို့ ဆိုထားတာကြောင့် KIO အနေနဲ့ မူလက သူမအပေါ် သဘောမကျတာ ရှိခဲ့ရင်တောင် သင်ပုန်းချေသင့်ပြီး ဆွေးနွေးပွဲမှာ ပါအောင် ခေါ်သင့်တယ်လို့ ဆိုပါတယ်။ အင်္ဂလန်နဲ့ အမေရိကန်က ဒေါ်အောင်ဆန်းစုကြည်ကို အမှတ်ပြည့် ထောက်ခံ အားပေးမှု ရှိနေတာကြောင့် KIO က တိုက်ရိုက် ဆက်သွယ်မယ့်အစား သူမ ပါလာရင် အနောက်နိုင်ငံကြီးတွေရဲ့ အင်အား အလိုလို ပါလာနိုင်တယ်လို့ ဆိုပါတယ်။

ကချင် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ

အစိုးရအတွင်း ဇာခန်းဆီး နောက်ကွယ်ဇာတ်လမ်း တစ်ပုဒ်ကတော့ တပ်ချုပ်နဲ့ ဦးအောင်မင်း ဆက်ဆံရေး အဆင်မပြေမှုဟာ တပ်နေရာချထားရေး ကိစ္စနှင့် စစ်ရေးစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းဖို့မှာ အဖုအထစ်များ ဖြစ်သွားနိုင်တယ်လို့ စစ်ရေးနီးစပ်သူများက ဆိုပါတယ်။ ယခုပါလာတဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုးဟာ ဦးအောင်မင်းနှင့် တပ်ချုပ်အကြား ကြားညှပ်သွားနိုင်ပါတယ်။ ယခင်က ပါဝါ အပြည့်ရှိတဲ့ ဒုတပ်ချုပ်နှင့် ကာချုပ် (ကြည်း) ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ဦးအောင်မင်းနှင့် ထည့်ပေးပေမဲ့ နောက်ပိုင်း မထည့်တော့တာတွေဟာ ဆက်ဆံရေး အဆင်မပြေမှု ပေါ်လွင်စေပါတယ်။ တပ်စခန်းတွေ ရုတ်သိမ်းဖို့ KIA က တောင်းဆိုခဲ့ရင် အဲဒီစခန်းတွေ ကိစ္စအပေါ် ပြဿနာ ရှိနိုင်ပြီး စောင့်ကြည့်ရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အနေအထားနဲ့ စစ်တပ်မှ အမြင်မကြည်လင်တဲ့ ပုဂ္ဂိုလ်တွေ ထည့်သွင်းခဲ့ရင် အကြိတ်အနယ် ဖြစ်သွားရမဲ့ အနေအထား ရှိတယ်လို့ သုံးသပ်ပါတယ်။

နိဂုံးချုပ် တင်ပြရရင် ယခု ဆွေးနွေးပွဲဟာ အစိုးရက အပစ်ရပ် လက်မှတ်ရေးထိုးခိုင်းဖို့ KIO အား ဖိအားပေးကာ KIO လိုလားတဲ့ နိုင်ငံရေးအရ ဆွေးနွေးပွဲကတော့ ဆွေးနွေးရမဲ့ ခေါင်းစဉ်များနှင့် ကျေနပ်နှစ်သိမ့်စေပြီး နောက်ဆွေးနွေးပွဲကို ရွေ့သွားနိုင်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ် တင်ပြ သွားပါတယ်။

ဗိုလ်ချုပ် ဂွမ်မော်နဲ့ ဦးအောင်မင်း

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။