Sunday, May 19, 2013

မိုးကျတော့မည် ... ၊ ကျောင်းဖွင့်တော့မည် ... ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင်မှာ ဒုက္ခသည် စခန်းများတွင်သာ ခိုလှုံနေရ

(Eleven Media Group)

မိုင်းနား ဘက်စုံဖွံ့ဖြိုးရေးခြံ KBC ဒုက္ခသည် စခန်းအတွင်း မြင်ကွင်းကို မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)

မြန်မာနိုင်ငံ၏ မိုးဦးရာသီသည် လာမည့် ဇွန်လဆန်းတွင် စတင်မည်ဖြစ်ပြီး အခြေခံ ပညာကျောင်းများလည်း စတင်ဖွင့်လှစ်တော့မည် ဖြစ်သော်လည်း ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးဒုက္ခသည် များမှာမူ နှစ်နှစ်နီးပါး ကြာမြင့်လာသည့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် စခန်းများတွင် နေထိုင်နေရဆဲဖြစ်ကြောင်း သိရသည်။


ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် စတင်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန် ၉ ရက်တွင် နှစ်နှစ် ပြည့်မြောက်တော့မည် ဖြစ်သည်။

"အခုအချိန်အထိ စခန်းတွေမှာ နေရတဲ့ သူဦးရေဟာ အားလုံးပေါင်း တစ်သိန်းဝန်းကျင် ရှိပါတယ်။ 
သူတို့အတွက် လတ်တလော အရေးတကြီး လိုအပ်ချက်က နံပါတ် (၁) အစားအစာ၊ နံပါတ် (၂) ပညာရေးပါ" ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဒေါ်ခွန်ဂျာက မေ ၁၈ ရက်တွင် ပြောကြားသည်။

၂၀၁၁ ခုနှစ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားရာ ဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် တာပိန်ရေအားလျှပ် စစ်တည်ရှိရာ ဒေသတစ်ဝိုက်တွင် ဖြစ်သည်။ နောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားမှုသည် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်၊ မန်စီမြို့နယ်များသို့ပါ သက်ရောက်မှုများ ရှိလာခဲ့သည်။    

၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်ကာ ဒေသခံများသည် နေထိုင်ရာ ကျေးရွာများကို စွန့်ခွာမှုများ ရှိလာခဲ့သည်။ မြို့ပေါ်ကယ်ဆယ်ရေး စခန်းများ၊ ကျေးရွာများမှ သာသနိက အဆောက်အအုံများတွင် ဖွင့်လှစ်သော ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံမှုများအပြင် တောတွင်းကယ်ဆယ်ရေး စခန်းများသို့ ရောက်ရှိခိုလှုံသူများလည်း ရှိလာခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ဒေသများ၌ တောတွင်းကယ်ဆယ်ရေး စခန်းများ မရှိတော့ဘဲ မြို့ပေါ်စခန်းများနှင့် မြို့နှင့် အလှမ်းမဝေးသော စခန်းများ၌ ဆက်လက် နေထိုင်နေကြသည်ဟု သိရသည်။

ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ဒုက္ခသည် စခန်းပေါင်း ၁၀၅ ခုရှိပြီး ကျေးရွာပေါင်း ၂၉၉ ရွာမှ ဒုက္ခသည်ပေါင်း ၃၉၀၀၀ ကျော်မှာ ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည်။ လိုင်ဇာမြို့အနီးရှိ ဒုက္ခသည် စခန်းများမူ ဒုက္ခသည်ပေါင်း ၆၅၀၀၀ ကျော်ရှိပြီး ကချင်ပြည်နယ် အစိုးရ လက်အောက်တွင် ရှိသော စခန်းများထက် လိုအပ်ချက် များနေကြောင်းလည်း သိရသည်။

မိုးရာသီ ၀င်လာတော့မည်ဖြစ်၍ ဒုက္ခသည် စခန်းအချို့တွင် အမိုးအကာ လိုအပ်ချက်များ၊ ဆေးဝါး၊ ကျောင်းသူကျောင်းသားများ၏ ကျောင်းထားနိုင်ရေး ကိစ္စရပ်များကို ပူပန်နေရကြောင်း သိရှိရသည်။

"အခု လောလောဆယ်မှာ စခန်းတွေရဲ့ တချို့မိုးကာတွေ ပေါက်ပြဲကုန်ပြီး အဲဒီထက် အရေးတကြီး လိုအပ်တဲ့ အိမ်သာနဲ့ ကျောင်းသားကိစ္စတွေ ဦးစားပေးနေရတယ်။ မိုးရောက်ရင် အဖျားအနားထူတော့ ဆေးဝါးလည်း လိုအုံးမယ်" ဟု ၀ိုင်းမော်မြို့နယ် KBC ဒုက္ခသည် စခန်းမှ တာဝန်ခံ ကိုဒေါင်ခေါင်က ပြောကြားသည်။

ဝိုင်းမော် သာဂရ ဘုန်းကြီးကျောင်း ဒုက္ခသည်စခန်းမှ ကလေးငယ်တစ်ဦးအား မေ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - ထွန်းလင်းအောင်)

နေရပ်မှ တိမ်းရှောင်ရသူ ဒေသခံ ကချင်၊ ရှမ်းနှင့် အခြားတိုင်းရင်းသား ဦးရေသည် လက်ရှိတွင် တစ်သိန်းဝန်းကျင် ရှိနေရာ၌ ကျောင်းနေအရွယ် ကလေးဦးရေမှာ လေးသောင်းမှ ငါးသောင်းဝန်းကျင် ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ သိရသည်။

"မနှစ်ကတောင် ပညာဆက်သင်ခွင့် မရတဲ့ ကျောင်းသားကျောင်းသူတွေ ရှိခဲ့ပါတယ်။ 
တချို့ကူညီကြတယ်ဆိုတာ မူလတန်းကိုပဲ အဓိက ကူညီကြတာမျိုးပါ။ မနှစ်က ကလေးတွေရဲ့ ကျောင်းစာအုပ်ကအစ အကုန်ကူညီလိုက်တဲ့ လူမှုရေးအဖွဲ့တွေ လိုမျိုးလည်း ဒီနှစ် အခုအချိန်အထိ ကူညီတာ မရှိသေးပါဘူး" ဟု ဒေါ်ခွန်ဂျာက ဆိုပါသည်။

ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ ကျောင်းနေအရွယ် ကလေးများဖြစ်ပြီး ကျောင်းသားဦးရေပေါင်း ၂၀၁၂ ခုနှစ်အတွင်း ၈၀၀၀ ကျော် ရှိခဲ့သည်ဟု ပြည်နယ်ပညာရေးမှူး၏ ပြောကြားချက်အရ သိရသည်။

"လွန်ခဲ့တဲ့ နှစ်ကတော့ စာသင်ခန်း မလုံလောက်မှုတွေ၊ ဆရာ ဆရာမ မလုံလောက်မှုတွေ ရှိခဲ့ပါတယ်။ ပညာရေးဘက်မှာ ကျွန်တော်တို့ ပညာရေး ဌာနဘက်က ကူညီသလို ကျောင်းသားတွေရဲ့ ဗလာစာအုပ်၊ ၀တ်စုံ စတာတွေကိုတော့ ပြည်နယ်အစိုးရနဲ့ UNDP၊ UNICEF တို့ ပူးပေါင်းပြီး ပံ့ပိုးမှုတွေ လုပ်ပါတယ်။ ဒီနှစ်တော့ ယာယီစာသင်ဆောင် အလုံအလောက် ရှိထားပါပြီ" ဟု ပြောပါသည်။

စစ်၏ သက်ရောက်မှုများကြောင့် ကချင်ပြည်နယ်တွင်းရှိ ကျေးရွာပေါင်း ၃၀၀ ကျော်မှ ဒေသခံများသည် နေရပ်ကို စွန့်ခွာခဲ့ရသည်။  

"လွန်ခဲ့တဲ့ လကတည်းက ထောက်ပံ့ကြေး မရတော့ဘူး။ အပြင်ကို အလုပ်ထွက်လုပ်နိုင်ရင်တော့ ကလေးတွေအတွက် မုန့်ဖိုး ရသေးတယ်။ ကျွန်မမှာ ကျောင်းသားတွေ များတော့၊ ကျောင်းဖွင့်မှာကို စိတ်ပူနေရတယ်" ဟု မြစ်ကြီးနားမြို့ ဆွတ်ငိုင်တောင်ဒုက္ခသည် စခန်းမှ ကျောင်းသားမိဘတစ်ဦးက ပြောပါသည်။  

ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြသူ အများစုမှာ တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ခြံလုပ်ငန်း လုပ်ကိုင်သူအများစု ဖြစ်ပြီး မိုးမကျမီ ရွာပြန်ရန် ဆန္ဒရှိနေကြကြောင်း ၎င်းတို့၏ ပြောပြချက်အရ သိရှိရသည်။

ဝိုင်းမော်မြို့ ဒုက္ခသည် စခန်းမှ ဦးအိုက်စံက "ဒီအချိန်ပြန်ရင်တော့ နည်းနည်းမီသေးတယ်။ ဒါပေမဲ့ မျိုးလည်းမရှိဘူး၊ ခိုင်းစရာ နွားလည်း မရှိတော့ဘူးဆိုတော့ ဘယ်လိုလုပ်မလဲ" ဟု ပြောကြားသည်။

KBC ဒုက္ခသည် စခန်းတွင် နေထိုင်သူ တစ်ဦးကမူ "ဒီနှစ်တာ စိုက်ထားတဲ့ လိမ္မော်ပင်တွေ မရှင်းရလို့ကတော့ အားလုံးသေပြီ၊ ရွာကိုမြန်မြန်ပြန်ရမှ ကောင်းမှာ" ဟု ပြောပြသည်။  

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ အဓိက လုပ်ကိုင်ရာ စီးပွားရေးမြို့ဖြစ်သော ဖားကန့်မြို့နယ်၌လည်း ၂၀၁၁ ခုနှစ် ဇန်န၀ါရီလတွင် တိုက်ပွဲများ ဖြစ်ပွားမှု ရှိခဲ့ကာ လုပ်ငန်းနှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့သည်။
ဖားကန့်မြို့နယ်တွင် သြဂုတ်လကုန်ပိုင်း၌ တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ မူရင်းနေရပ်မှ စစ်ဘေးရှောင်၍ ဒုက္ခသည် စခန်းများသို့ ခိုလှုံရောက်ရှိသူများလည်း ရှိခဲ့သည်။

ယခုအခါ ဒုက္ခသည် စခန်းများသည် မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်၊ ၀ိုင်းမော်မြို့နယ်တို့တွင် တည်ရှိနေသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းကမူ ဒုက္ခသည် စခန်းများ၏ လိုအပ်ချက်များကိုမူ အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးကူညီလျက် ရှိသည်ဟု ဆိုသည်။

"အဓိက ကူညီကတော့ UNDP၊ UNICEF နဲ့ အသင်းအဖွဲ့ အများ ဖြစ်ပါတယ်။ အဲဒီ အသင်းအဖွဲ့တွေ လစ်ဟာတဲ့ နေရာကိုပဲ ပြည်နယ်အစိုးရက ကူညီတာပါ" ဟု ဆိုသည်။


"မိုးကာလရောက်ရင် အဓိက လိုလာတဲ့ လိုအပ်ချက်ကတော့ ကလေးတွေ ကျောင်းနေဖို့ပဲ။ ဒါတစ်ခုကတော့ ကသီလင်တ ဖြစ်နိုင်တယ်။ ကျန်တဲ့ နေရေးအပိုင်းကတော့ အဆင်ပြေပါတယ်။ စားရေးကလည်း အထိုက်အလျောက် အဆင်ပြေတယ်လို့ ပြောနိုင်ပါတယ်။ အဓိက လိုအပ်တာကတော့ ကလေးတွေ ကျောင်းဖွင့်ချိန်ပဲ" ဟု ရှမ်းတိုင်းရင်းသား စစ်ဘေးဒုက္ခသည်များ ခိုလှုံနေထိုင်ရာ ၀ိုင်းမော်မြို့နယ် သာဂရကယ်ဆယ်ရေး စခန်းမှ ဦးစိုင်းအောင်က ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ၁၉၉၄ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကာ နှစ်ပေါင်း ၁၇ နှစ်အကြာ၌ တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်သည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်မျိုးစုံ၊ အဖွဲ့အစည်းမျိုးစုံ ပေါ်ပေါက်လာပြီး ပြည်တွင်းလက်နက်ကိုင် ဆူပူမှုများ ဖြစ်ပွားရာတွင် ကချင်ပြည်နယ်လည်း ပါဝင်လာခဲ့သည်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းချက်အရ ၁၉၆၃ ခုနှစ် ဇွန် ၁၁ ရက်တွင် ကချင်လွတ်မြောက်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ လာရောက်ဆွေးနွေးသော်လည်း သဘောတူညီမှု မရရှိခဲ့ဘဲ တိုက်ပွဲများသာ ဆက်လက်ဖြစ်ပွားခဲ့သည်။

၁၉၈၀ ပြည့်နှစ် သြဂုတ်လမှ ၁၉၈၁ ခုနှစ် မေလအထိ ၁၀ လကြာ နှစ်ဖက်အပြန်အလှန် အပစ်အခတ် ရပ်စဲခဲ့သည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် တပ်မတော်ထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံခဲ့သည်။ ၁၉၉၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် အစိုးရနှင့် ကေအိုင်အိုတို့ ပြန်လည်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရှိရသည်။

၁၉၉၄ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင်မူ တပ်မတော်နှင့် ကေအိုင်အေတို့အကြား တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိ ကာလသည် စစ်ဖြစ်ပွားသည့်ကာလ နှစ်နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး ကချင်ပြည်နယ်တွင်း စီးပွားရေး၊ လူမှုရေးပိုင်းဆိုင်ရာ သက်ရောက်မှုများစွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုပါသည်။ 
ကချင်ပြည်နယ်တွင်း ဒုက္ခသည်များကို လူသားချင်းစာနာသော ထောက်ပံ့မှုများ ရနိုင်ရန်၊ စိတ်ဓာတ်ရှင်သန်လာရန်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်၊ အခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ရန်၊ ကလေးငယ်များ၏ ပညာရေးအတွက် စီစဉ်ပေးနိုင်ရန်တို့လို အပ်နေသည်ဟု သိရှိရသည်။
 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။