Friday, April 26, 2013

မြစ်ကြီးနားမှာ ဆင်းကတ် ၃,၀၅၀၊ မိုးညှင်းမှာ ၁,၄၅၀ မဲဖောက်

(MIzzima)

တန်ဖိုးနည်း ဆင်းကတ်များအတွက် မြစ်ကြီးနားမြို့နယ်အတွင်းမှ သာမန်ပြည်သူ ၉,၅၁၃ ဦး၏ လျှောက်လွှာများ လက်ခံရရှိခဲ့ပြီး ၎င်းတို့အနက် ၂,၀၅၀ ခုအတွက် ဗုဒ္ဓဟူးနေ့ ညနေမှစ၍ မဲနှိုက်ပေးနေသည်။

အစိုးရ ဝန်ထမ်းပေါင်း ၂,၀၀၀ ကျော်၏ လျှောက်လွှာများအနက် ဆင်းကတ် ၁,၀၀၀ ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့က မြို့နယ်ရုံးတွင် တာဝန်ရှိသူက လူထုအား ပြောဆိုခဲ့သည်။



မဲပေါက်သူများ စာရင်းအား မြို့နယ်ရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများတွင် ကပ်ထားမည် ဖြစ်ပြီး ဧပြီလ ၂၆ ရက်နေ့တွင် ဆင်းကဒ်များ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“မနေ့က မထုတ်ပေးတာက လူအရမ်းများလို့။ မဲဖောက်တာလည်း မပြီးသေးဘူး။ ကိုယ်စားလှယ်တွေက မဲဖောက်ပေးတယ်။ ဒီနေ့ မနက်ထိ ဖောက်နေတုန်းပဲ။ မနက်ဖြန်မှ ပေးမယ်လို့ ပြောတယ်” ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

မြစ်ကြီးနားမြို့ ရမ်ဘိုရပ်ကွက်မှ ဒေါ်တင်တင်ငြိမ်းက “ဒီဆင်းကဒ် အရမ်းလိုချင်တယ်။ တကယ်လို့ ပေါက်ခဲ့ရင် ကျမ အလုပ်အတွက် အများကြီး အကျိုးရှိမယ်။ နောက်ပြီး ကျမ သားသမီးတွေနဲ့လည်း ဖုန်းခေါ်လို့ ရမယ်ဆိုလို့ ရမယ်လို့ မျှော်လင့်ထားတယ်” ဟု ပြောသည်။

ကချင်ပြည်နယ်အတွက် တန်ဖိုးနည်း CDMA 800 Mhz ဆင်းကဒ်ပေါင်း ၄,၅၀၀ ပေးမည်ဖြစ်ပြီး မြစ်ကြီးနားမြို့နယ် အတွက် ၃,၀၅၀ ပေးမည်ဖြစ်ကာ ကျန်ရှိ ဆင်းကဒ်များကို မိုးညှင်းမြို့နယ်သို့ ပေးမည် ဖြစ်သည်။

မိုးညှင်မြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းမှ စတင်၍ မဲဖောက်နေပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။