Friday, April 19, 2013

နိုင်ငံသား တိုင်း နိုင်ငံ့အရေးမှာ လွတ်လပ်စွာ ပါဝင်ခွင့်ရှိမှ နိုင်ငံ တိုးတက်ပါမည်။

(Kachinduwa)

မြန်မာနိုင်ငံမှာ ဗမာ လူမျိုးကလွဲပြီး ဗမာ မဟုတ်တဲ့ တိုင်းရင်းသားများ အပါအ၀င် မြန်မာ ပြည်ပွါး တရုတ် နဲ့ ကုလားမျိုးနွယ်စု များဟာ မြန်မာ နိုင်ငံသား မှတ်ပုံတင် လက်မှတ် အစစ်များ ကိုင်ထားရင်းနဲ့တောင် ကိုယ့် နိုင်ငံ ကိုယ် ချစ်ပိုင်ခွင့်ကော ရှိပါသလား.... ဆိုတာ မသေမခြာ ဖြစ်နေခဲ့တာ ကြာပါပြီ။

ဒီလို စိတ်ဓါတ်မျိုးကိန်းအောင်း နေတာကလဲ အတွေ့အကြုံအရ မြန်မာအစိုးရ အဆက်ဆက်ဟာ ဗမာ လူမျိုးကလွဲပြီး ကျန် တိုင်းရင်းသားများကို ဒီ နိုင်ငံရဲ့ ဧည့်သည် ပုံစံမျိုး (၀ါ) အစိုးရ ဆိုတာ ဗမာ မဟုတ်သူ အထက်ပါ လူမျိုးစု များ နဲ့ လားလားမျှ မဆိုင်သလို ဥပက္ခာ ပြုထားခြင်း ကြောင့် ဖြစ်ပါတယ်။




ဗမာ မဟုတ်သူ တိုင်းရင်းသားမျိုးနွယ်စုများဟာ အုပ်ချုပ်ခံ လူတန်းစားဘ၀မှာ အနယ်ထိုင်လာသလို အစိုးရ အလုပ် နဲ့ အုပ်ချုပ်မှု ယန္ဒရားဟာ သူတို့နဲ့ မဆိုင်သကဲ့သို့ ဖြစ်နေတာ ကြာပါပြီ။ ကိုယ့်ရပ် ကိုယ့်ရွာ အရေးတောင် အတင်းအဓမ္မလုပ်အားပေး ခိုင်းစေတာကလွဲလို့ ဆုံးဖြတ်ပိုင်ခွင့်တွေ ပါဝင်ပိုင်ခွင့်တွေ ဆုံးရှုံးနေခဲ့တာ ရာစု နှစ်ဝက်ကျော်ခဲ့ပြီလေ။ ကိုယ့်အားကိုယ်ကိုး ကျောင်းဆောက်၊ လမ်းလုပ်တာကလွဲလို့ ဒေသဆိုင်ရာ အစိုးရ ဘက်ဂျက်ကို စည်ပင်သာယာ ဘက်ဂျက်တောင် ဒေသခံ ရပ်မိ ရပ်ဖများ ဆုံးဖြတ်ပိုင်ခွင့် ရှိတာ မဟုတ်။ ပြည်သူပါဝင်မှု (lack of Public participation) အနည်းဆုံး နိုင်ငံဘ၀ ကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံသို့ တရိပ်ရိပ် ကျဆင်းလာတာကိုတောင် စကားတခွန်း အပြုသဘော ဆောင်တဲ့ ဝေဖန်ပိုင်ခွင့်ရှိတာမဟုတ်၊ ထိုင်ကြည့်နေခဲ့ရသူများ ဖြစ်ပါတယ်။ (အခုလို ကချင်လူမျိုး မြန်မာ နိုင်ငံသား ဖြစ်တဲ့ ဒူဝါ က ဗမာ စာ စစ်စစ်နဲ့ မြန်မာပြည်အရေး ကိစ္စ တွေ ရေးနေတာတောင် မြန်မာနိုင်ငံနဲ့ မဆိုင်တဲ့လူတစ်ယောက်က လျှာရှည်တယ် လို့ ထင်နေတဲ့ လူတွေ တပုံကြီးပါ။) ဒီတော့ အစိုးရ နဲ့ ပတ်သက်လာလျှင် တိုင်းရင်းသား အရေး မဟုတ်၊ ဗမာ အစိုးရ လို့သာ မြင်လာတာ အဆန်း မဟုတ်ပါ။

ပိုဆိုး စေတာက အဲဒီ နိုင်ငံသားများကို စိတ်ညစ်အောင် အမျိုးမျိုး လုပ်နေခြင်း ဖြစ်သည်။ ကိုယ့်ဘာသာ၊ ကိုယ်ယဉ်ကျေးမှုများကို လွတ်လပ်စွာ ထိန်းသိမ်းပိုင်ခွင့်မရှိ၊ ကျောင်းစာများမှာလဲ မထည့်ပေး။ ကချင်လူမျိုးများဟာ တစ်နှစ်နေမှ တခါလောက် ကချင်ပြည်နယ်နေ့ မနောပွဲ ကို ကိုယ့် ဘက်ဂျက်နဲ့ ကိုယ် ကျင်းပတာ အစိုးရ မင်းများကို အထပ်ထပ် ရှိခိုး ပူဇော်မှသာ လုပ်ခွင့်ရနေတဲ့ အချိန်၊ ဗမာ့ယဉ်ကျေးမှု ဆိုင်ရာ ပွဲလမ်းသဘင် ဆိုတာ အစိုးရ မင်းများ ဦးဆောင်လျှက် ဗိုလ်ပါ မင်းများ နဲ့ ခန့်ခန့်ညားညား ကျင်းပလေ့ရှိပြီး ဘာမှ နားမလည်တဲ့ ဗမာ မဟုတ်သူ ကျောင်းသား၊ သူ များကိုတောင် အတင်းအဓမ္မ ရံပုံငွေထည့်ခိုင်း၊ ချီတက်ခိုင်းသေးတာလေ။ မြစ်ကြီးနားမြို့ပေါ်က မနောပွဲတောင် စစ်မဖြစ်တဲ့ ကာလမှာပဲ အစောင့်အကျပ်တွေကြား ခဏလေး လုပ်ခွင့်ရတာပါ။ ပြီးခဲ့တဲ့ စစ်ပွဲကာလမှာ မလုပ်ဖြစ်တော့ပါ။

ထိုနည်း၎င်းပဲ၊ ကျန်တိုင်းရင်းသားများနဲ့ မြန်မာပြည်ပွါး တရုတ် နဲ့ ကုလား နွယ်ပွါးများ အပါအ၀င် မြန်မာ နိုင်ငံသား စစ်စစ် ဖြစ်နေပါလျှက်နဲ့ ကိုယ့် နိုင်ငံ မဟုတ်သလို အနည်းနဲ့ အများ ခံစားနေရသည်မှာ ဘယ်လိုမှ ငြင်းပယ်လို့ မရတဲ့ အချက် ဖြစ်ပါတယ်။ ဒီတော့ ကိုယ့် နိုင်ငံတိုးတက်ဖို့ စိတ်မ၀င်စားတော့ပါ။ ဝေဖန်ပိုင်ခွင့် ရှိမှန်းတောင် မသိကြတော့၊ အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား သမားများ များလာရခြင်း ဖြစ်ပါတယ်။

ဘယ်သူမှ ကိုယ်နေတဲ့ ရပ်ရွာကို ကိုယ်ပိုင်မှန်း မသိကြပါဘူး။ ပိုင်လဲ မပိုင်ဘူးလေ။ ရပ်ရွာတွေလဲ ခဏခဏ ပြောင်းခိုင်းတယ်၊ ရွာဝန်းကျင် စားကျက် ဆိုလဲ မြေလွတ်မြေရိုင်း သတ်မှတ်ပေးလိုက်တာ ဒေသခံ ရွာသားတွေ မဟုတ်။ တခါမှ မတွေ့ဖူးတဲ့ သူဌေး၊ စစ်ဗိုလ်တွေကို ကိုယ့်ရဲ့ ဘိုးဘွားပိုင် လယ်တောတွေ အစိုးရ ရုံးက အာဏာပိုင်တွေ ခွဲဝေ ပေးလိုက်တာ ပိုင်ရှင် အစစ်တွေတောင် မသိလိုက်ဘူး။ ဒီတော့ ကိုယ့်ရပ် ကိုယ့်ရွာ တိုးတက်အောင် လုပ်ဖို့ သံယောဇဉ်တွေ ထားမနေနိုင်တော့ဘူး။ လွတ်ရာ ကျွတ်ရာသို့ ကြုံသလို ရွက်လွင့်နေတဲ့ လူငယ်တွေ များလာတာ သဘာဝပါ။ ဒီလို နိုင်ငံမှ မဆင်းရဲ ရင် ဘယ်လို နိုင်ငံ ဆင်းရဲတော့မလဲ။

ဒီလို အဖြစ်မျိုးနောက်ထပ် ရာစု နှစ်ဝက်လောက် ဆက်သွားရင်တော့ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း တော်တော်များများဟာ ပိုင်ရှင်မရှိတဲ့ ပြည့်တန်ဆာ လို လူတိုင်း ကြုံသလို ၀င်ဆော်သွားတဲ့ ဖါသည် ပြည်နယ်တွေ ဖြစ်လာမှာပါ။ မြစ်ကြီးနားမြို့ စည်ပင်သာယာရေးမှူးက မော်လမြိုင်က ဗိုလ်မှူး လာလုပ်သွားတော့ ရှိသမျှ သင်္ချိုင်းတွေ အကုန်သိမ်းတယ်။ သူ့ဘာသာနဲ့ သူ မြုပ်တဲ့ ဓလေ့ ကို နားမလည်တော့ တနေရာထဲ ပေါင်းပြီး နေရာချပေးသွားတယ်။ သုံးနှစ်လောက် ခရစ်ယာန်ဘုရားကျောင်းတိုင်း သင်္ချိုင်းမြေနေရာ ရှာယူရတဲ့ ပြဿနာ နဲ့ ကြုံခဲ့ရတယ်။

ဒီတော့… မြန်မာ နိုင်ငံသား တိုင်းကို နိုင်ငံ့အရေးမှာ ပါဝင်ခွင့်၊ ဝေဖန်ပိုင်ခွင့်တွေ ပေးရမှာပါ။ အဲဒီလို ပါဝင်ခွင့် ဆိုတာ ဗဟိုချုပ်ကိုင်မှု စနစ်နဲ့ မရပါ။ အခုအတိုင်း ဗဟိုချုပ်ကိုင်မှု စနစ် နဲ့ ဆိုရင် ဗမာ လူမျိုးတွေတောင် လူတိုင်း ပါဝင်ခွင့်ရှိတာ မဟုတ်။ အဆုံးစွန် ပြည်နယ် ၀န်ကြီးချုပ်တွေတောင် ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ ရှိသူတွေ မဟုတ်ပါ။ ဒါ့ကြောင့်လဲ သမ္မတ အဆင့်က ဖုန်းဈေး သတ်မှတ်ပေးတဲ့သူ၊ ရန်ကုန်မီးပွိုင့် ကိစ္စ ကော်မီတီ ဖွဲ့ပေးတဲ့သူ၊ တိုင်းဒေသ ဆေးရုံက အရေးပေါ် လူနာသင်ယဉ် စီရင်ပေးရတဲ့သူ၊ ပြည်သူ့လွတ်တော် ဥက္ကဌ ဆိုသူက မြစ်ကြီးနားမြို့ပေါ်က လမ်းပြင် တံတားပြင် ကိစ္စ လာဆွေးနွေးသွားတဲ့သူတွေ ဖြစ်လာရပါတယ်။

ဒီနိုင်ငံကို အမြန် တိုးတက် စေချင်ရင် လူနည်းစုနဲ့ လုပ်လို့မရပါ။ အားလုံးပါဝင်နိုင်တဲ့ (inclusive) နိုင်ငံရေး ဇာတ်ခုံရှိဖို့ လိုပါတယ်။ ဒီလို ပြောလိုက်ရင် ခင်များက နိုင်ငံတော်အတွက် ကောင်းတာ ဘာလုပ်ဖူးလို့လဲ လို့ အမေးခံရမှာ သေခြာပါတယ်။ စစ်အုပ်စုများ ပြောပြောနေတာက နိုင်ငံ့အရေးမှာ ပါဝင်ခွင့် ဆိုတာကို တဖက်တလမ်းက မြေသယ် ကျောက်သယ်လုပ်အားပေး (သူတို့ တပ်ထဲက ဖက်ထိပ်) ကိစ္စလောက်ကို ပြောပြောနေတာ သတိထားမိပါတယ်။ အထက်က ခိုင်းလို့ လုပ်နေရတာ ပါဝင်ခွင့် မဟုတ်ပါဘူး။ ပါဝင်ခွင့် ဆိုတာ ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရပ် ကိုယ့်ရွာ အရေး ကိုယ်ပိုင်ဆုံးဖြတ် ပိုင်ခွင့်ရှိဖို့ အရေးကြီးတာပါ။

အထက်က လုပ်ပေးမယ်…. ဆိုတာ ပါဝင်ခွင့်မဟုတ်…. အောက်ခြေပြည်သူတွေကို လုပ်ပိုင်ခွင့် ပေးဖို့ပဲ အရေးကြီးတာပါ။ ဒီတော့ ၂၀၀၈ အခြေခံ ဥပဒေ ကို ပြောင်းပြန် ပြန်ရေး ရမယ်။ အောက်ခြေက တက်လာတဲ့ အစိုးရ ရှိဖို့ လိုပါတယ်။ နိုင်ငံသားတိုင်း လူမျိုးမရွေး၊ ဘာသာမရွေး၊ ဧည့်သည်၊ အိမ်ရှင် ဆိုတာ မရှိသင့်ဘူး။ အဲဒါမှ လူတိုင်း လူတိုင်းရဲ့ စိတ်ထဲမှာ ငါတို့ နိုင်ငံ ဖြစ်တယ်၊ လို့ ခံယူချက် ရှိလာရင် တခဏထဲနဲ့ အောင်မြင်တဲ့ နိုင်ငံ ဖြစ်လာမှာပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။