Friday, March 22, 2013

မြေမြှုပ်မိုင်းတွေ ရှင်းလင်းပေးဖို့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ တိုက်တွန်း


2013-03-21 (RFA)

ကချင်စစ်ဘေးဒုက္ခသည်တွေ ပြန်ပြီးအခြေချနေထိုင်မယ့် နေရာတွေ အနီးမှာ မြေမြှုပ်မှိုင်းတွေ ရှိနေသေးတာတွေကို အစိုးရနဲ့ KIA နှစ်ဖက် စလုံးက အမြန်ဆုံးရှင်းလင်းပေးဖို့ ရန်ကုန်ကနေ လိုင်ဇာမြို့ကို ငြိမ်းချမ်း ရေး လမ်းလျှောက်ခဲ့သူတွေက တိုက်တွန်းလိုက်ပါတယ်။

မြစ်ကြီးနားမြို့ကနေ လိုင်ဇာမြို့ကိုသွားတဲ့ လမ်းတလျှောက်မှာ မြေမြှုပ် မိုင်းတွေ တွေ့ခဲ့ရတာကြောင့် အခုလို တိုက်တွန်းတာလို့ ငြိမ်းချမ်းရေး လမ်းလျှောက်ရာမှာပါဝင်တဲ့ ကိုစည်သူက RFA ကို ပြောပြပါတယ်။


"ကျွန်တော်တို့သွားတဲ့အချိန်ထိကို မိုင်းတွေတွေ့ခဲ့တယ်၊ အဲ့မိုင်းက ကားမိုင်း၊ တိုက်မိုင်း လေး၊ ငါးမျိုးလောက် တွေ့ခဲ့တယ်ခင်ဗျ၊ ကျွန်တော် တို့ မမြင်ဖူးတဲ့ပုံစံမျိုး၊ ဥပမာ စတီးချိုင့်ထဲမှာ ထောင်ထားတဲ့ဟာမျိုး၊ ထမင်းဘူးလို ကော်ဗူးကြီးထဲမှာရှိတဲ့ မိုင်းမျိုး၊ အဲ့ဒီလိုမိုင်းတွေ မိုင်းတွေ တွေ့တာတော့ အစုံမြင်ခဲ့တယ်ခင်ဗျ၊ KIA ဘက်မှာလည်း ထိုနည်း ၄င်းပဲဗျ၊ ကျွန်တော်တို့သွားတဲ့အခါမှာလဲ ကျွန်တော်တို့တွေရဲ့ လက် ကိုင်ဖုန်းတွေဆို ပိတ်ပေးခဲ့ရတယ်ခင်ဗျ၊ ဘာကြောင့်လဲဆို ကျွန်တော်တို့ လက်ကိုင်ဖုန်းတွေရဲ့ Wave တွေနဲ့ဆို ပေါက်မှာစိုးလို့ဆိုပြီး လိုင်ဇာမြို့ အဝင်နားလောက်ထိကို ကျွန်တော်တို့ ဖုန်းတွေ ပိတ်ပြီးသွားခဲ့ရတယ်၊ ဒီမြေမြှုပ်မိုင်းတွေကို စစ်တပ်ဘက်ကပဲထောင်ထောင် KIA အဖွဲ့ကပဲ ထောင်ထောင် တာဝန်ရှိသူတဲ့သူနှစ်ဘက်လုံးက ဒါတွေကို အရှင်းလင်း ဆုံးဖြစ်အောင် ဆောင်ရွက်ပေးရမယ်"

လမ်းလျှောက်အဖွဲ့ဟာ သူတို့ကိုင်ဆောင်လာတဲ့ ငြိမ်းချမ်းရေးအလံကို KIO အဖွဲ့ကို ပေးအပ်ခဲ့ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်လို့ ဆိုပါတယ်။

ဒီအဖွဲ့ဟာ လိုင်ဇာမြို့ကနေ မြစ်ကြီးနားမြို့ကို မနေ့က ပြန်လည်ရောက် ရှိခဲ့ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။