Monday, March 4, 2013

ကချင်စစ်ပြေး ဒုက္ခသည်များအား မွေးမြူရေး ချေးငွေများ ပေးသွားမည်


ရန်ကုန် (မဇ္ဈိမ)။   ။ ကချင်စစ်ပြေး ဒုက္ခသည်များအား ပြန်လည်ထူ ထောင်ရေးအတွက် မွေးမြူရေး ချေးငွေများပေးသွားမည်ဟု မွေးမြူ ရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က မြန်မာ့ ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲတွင်  မဇ္ဈိမသို့ ပြောသည်။

စားဝတ်နေရေး အတွက် အဓိက စိုက်ပျိုးရေး မွေးမြူရေး တွေကို ဆက်စပ်ပြီး အကောင်အထည်ဖော်သွား မှာ ဖြစ်သည်။ ချေးငွေ သဘောမျိုးနှင့် ငွေကြေး သက်သက်ပေးမည် မဟုတ်ပဲ မွေးမြူလိုသည့် ဝက်၊ နွားများကို မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာနက ဒေသခံများထံ အရောက်ပေးပို့သွားမည်ဟု သိရသည်။

 “ဒုက္ခသည် စခန်းတွေ ငြိမ်းချမ်းရေး ဆက်ဆံရေး ပုံစံ မဟုတ်ပဲနဲ့ တပ်မတော်နဲ့ ကေအိုင်အေ အတူတူ လက်တွဲပြီးတော့ ပြန်လည် တည်ဆောက်တဲ့ ပုံစံမျိုး အကောင်အထည်ဖော်ဖို့ ရည်ရွယ်ထားပါတယ် ” ဟုပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြောသည်။

 ဘုန်းကြီးကျောင်းများ ဒုက္ခသည် စခန်းများ တွင်နေထိုင်သည့် ကချင်စစ် ပြေး ဒုက္ခသည်များကို ၎င်းတို့၏ နေရပ် ဒေသသို့ ပြန်လည်နေထိုင် ခွင့်ရရန်နှင့် အသက်မွေး ၀မ်းကျောင်း လုပ်ငန်းများ အခြေချ လုပ်ကိုင် နိုင်အောင် ဆောင်ရွက် ပေးသွားမည် ဟုပြည်ထောင်စု ၀န်ကြီး ဦးအုန်း မြင့်က ပြောသည်။

ယခုအခါ ကချင်၊ ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ် တလျှောက်တွင် ကချင်စစ်ပြေး ဒုက္ခသည် တသိန်းကျော် ရှိနေရာ အမျိုးသမီးနှင့် ကလေးသူငယ်များ အများဆုံးရှိသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာက ပြောသည်။

၎င်းက “ မိုင်ဂျာယန်က ဒုက္ခသည် စခန်းတွေကို အထောက်အပံ့တွေ အဖွဲ့အစည်းတွေက မပို့နိုင်လို့ စစ်ပြေး ဒုက္ခသည်တွေ အစားအစာ မလုံလောက်မှုတွေ ရင်ဆိုင်နေရပါတယ် ” ဟုပြောသည်။

ကချင်စစ်ပြေး ဒုက္ခသည် ဦးရေကို ကေအိုင်အေနှင့် တပ်မတော် အဖွဲ့နှစ်ခု ကောက်ယူသွားရန် ရှိသည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က ပြောခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။