Friday, March 22, 2013

ဇိုင်းအောင် ဒုက္ခသည်စခန်းတွင် ကလေးငယ်များ အတွက် အရေးတကြီး ဆေးဝါးများလိုအပ်

(ကချင်သတင်းဌာန)


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ်ရှိ ဇိုင်းအောင် (Zai Awng) ဒုက္ခသည် စခန်းတွင် ဝမ်းပျက်ဝမ်းလျှော၊ နှာစေးချောင်းဆိုး ခြင်းနှင့် အရေပြားရောဂါများဖြစ်ပွားနေသောကြောင့် ကလေးငယ်များ၏ ဆေးဝါးများ အရေးတကြီး လိုအပ်နေကြောင်းသိရသည်။

မတ်လဆန်းပိုင်းမှ ဖျားနာမှုပိုမိုများလာခြင်းဖြစ်ပြီး ယခုချိန်နှာစေးချောင်း ဆိုး ဖြစ်ပွားနေသူ အယောက် ၂၀ ကျော်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ ၁၀ ယောက်ခန့်ရှိကာ ၅ နှစ်အောက်ကလေးများ ၁၁ ယောက်တွင် လည်း ဝက်သက်ဖြစ်ပွားနေကြောင်း ဆေးပေးခန်းမှသိရသည်။

နေ့စဉ် ဇိုင်းအောင် (Zai Awng) ဆေးပေးခန်းသို့  လူနာ အယောက် ၃၀ ကျော် ကုသမှုခံယူနေသော်လည်း ဆေးဝါးများမလုံလောက်မှုကြောင့် အခက်ကြုံနေကြောင်း ကျန်းမာရေးမှ တာဝန်ရှိသူ ဆရာ ယော်ထုံ KNG ကချင်သတင်းဌာန သို့ပြောသည်။


 အခုနှာစေးချောင်းဆိုးနဲ့ ၀မ်းရောဂါဖြစ်နေတဲ့သူတွေများတယ်။ သူတို့ကိုပေးဖို့ဆေးက လုံလောက်မှုမရှိဘူး။ ၀က်သက်ဖြစ်နေတဲ့သူတွေ ကိုလည်း ဘာဆေးမှ မပေးတတ်ဘူး။ ကလေးငယ်က တစ်ညမှာ ၂ ကြိမ်လောက် အဖျား အရမ်းတက်တာတွေဖြစ်နေတယ်။ အဖျားတက် လာချိန်မှာ အဖျားကျဆေးတိုက်ပေးရုံနဲ့ ရေပတ်ပဲ တိုက်ပေးနေတယ်။ ကလေးတွေအတွက် အားဆေးတွေလိုအပ်နေတယ် ဟု ဆိုသည်။

ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖုံထူခြင်း၊ ရေများလုံလောက်စွာမရရှိသော 
အခက်ခဲများကြောင့် ရောဂါပျံ့ပွားလာခြင်းဖြစ်ကြောင်း ၎င်းဒုက္ခသည် ကျန်းမာရေးဌာနမှ သုံးသပ်သည်။

ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းအောက်ပိုင်း မဂါးယန် (Maga Yang) ဒုက္ခသည်စခန်းမှ ၄ နှစ် ကလေးငယ်တဦးတွင် တကိုယ်လုံး ကျောက်ပေါက် အရေကြည်ဖုများ ဖြစ်ပွားနေပြီး လိုင်ဇာ (Laiza) ပြည်သူ့ဆေးခန်းသို့ ပို့ဆောင်ထားကြောင်း ယမန်နေ့ ဒုက္ခသည်စခန်းသို့ ပြန်လည်ရောက်ရှိလာကြောင်း ဒုက္ခသည်စခန်းမှကျန်းမားရေး တာဝန်ရှိ သူတဦးပြောသည်။

အဆိုပါစခန်းများကို တရုတ်ပြည်မှ ကချင်နှစ်ခြင်းခရစ်ယာန်အသင်း တော်များက လာရောက်ကြည့်ရှု၍ ဆေးဝါးများအနည်း အကျည်း ထောက်ပံ့ပေးခဲ့သော်လည်း မလုံလောက်သောကြောင့် လူနာများကို
အချိန်မှီကုသပေးနိုင်ရန် ဆေးဝါးများလိုအပ်နေခြင်းဖြစ်ကြောင်း ပြောသည်။

မြစ်ကြီးနားမြို့အခြေစိုက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အစားအသောက်များကို ကူညီပေးနေသော်လည်း ဆေးဝါးများ ကူညီခြင်း မရရှိသည်မှာ ၅ လ ရှိပြီဖြစ်သောကြောင့် ဆေးဝါးပြတ်လပ် နေ ခြင်း ဖြစ်သည်ဟု သိရသည်။

ဇိုင်းအောင် (Zai Awng) ဒုက္ခသည်စခန်းတွင် လူဦးရေ ၂၅၅၆ ဦး ခိုလုံနေပြီး ဖျားနာနေသူများသည် ဆေးခန်းသို့နေ့စဉ် လူနာမပြတ် ဆေးဝါးအရေးတကြီးလိုအပ်နေခြင်းဖြစ်သည်ဟု စခန်းတာဝန်ရှိသူများ ပြောသည်။

အဆိုပါ ဒုက္ခသည်စခန်းသည် အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တင်းမာနေသော နယ်မြေများကိုဖြတ်သန်းရပြီး လမ်းခရီးများ ဝေးလံသောကြောင့် အကူညီပေးသော အဖွဲ့အစည်းများ လုံခြုံရေး အခက်ခဲရှိသော နေရာဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။