Tuesday, March 5, 2013

“အမျိုးသားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ် တစ်ခုလှမ်းနိုင်ခဲ့ပြီ” လို့ ဆိုနေပြန်ပါလား


တူမောင်ညို  (၂၀၁၃ ခုနှစ်၊ မတ်လ ၄ ရက်) 

သမ္မတ (ဗိုလ်) ဦးသိန်းစိန်က  မတ်လ ၁ ရက် ရေဒီယိုမိန့် ခွန်းထဲမှာ (၆၆)နှစ်မြောက် “ပြည်ထောင်စုနေ့ညစာစားပွဲ” ကို သူက ဖိတ်ခေါ်ခဲ့ပေမယ့် KIO/KIA တစ်ဖွဲ့ပဲ မတက်ခဲ့လေသယောင် ပြောခဲ့ပါတယ်။ 

တကယ်တော့“ပြည်ထောင်စုနေ့ညစာစားပွဲ”သို့ ပဏာမ သဘောတူလက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း (၄) ဖွဲ့တက်ရောက်ခြင်းမရှိပါဘူး။ 

            ၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၃) ဖွဲ့နှင့် ပဏာမသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။ အောက်ပါဇယားကိုကြည့်ပါ။ 


စဉ်
အဖွဲ့အစည်းအမည်
ပဏာမ သဘောတူ လက် မှတ်ရေးထိုးသည့်နေ့ရက်
၁။
“ဝ” အထူးဒေသ(၂)
၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၁ ရက်
၂။
မိုင်းလားအထူးဒေသ (၄)
၂၀၁၁ ခုနှစ်၊  အောက်တိုဘာ ၉ ရက်
၃။
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်
၎။
ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ/ ရှမ်းပြည် တပ်မ တော် (RCSS/ SSA)
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်



၅။
ချင်းအမျိုးသားတပ်ဦး (CNF)
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၆ ရက်
၆။
ကရင်အမျိုးသားအစည်းအရုံး (KNU)
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၁၂  ရက်
၇။
ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်း ပြည် တပ်မတော် (SSPP/SSA)
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ  ၂၈  ရက်
၈။
မွန်ပြည်သစ်ပါတီ (NMSP)
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁  ရက်
၉။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA)
၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီ ၇  ရက်
၁၀။
ကရင်နီ အမျိုးသားတိုးတက် ရေး ပါတီ (KNPP)
၂၀၁၂ ခုနှစ်၊ မတ် ၇   ရက်
၁၁။
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)
၂၀၁၂ ခုနှစ်၊ ဧပြီ ၅    ရက်
၁၂။
နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ NSCN (K)
၂၀၁၂ ခုနှစ်၊ ဧပြီ  ၉    ရက်
၁၃။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)
၂၀၁၂ ခုနှစ်၊ သြဂုတ် ၂၅ ရက်

ဇယားတွင်ဖေါ်ပြထားသည့် အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း  ၁၃ ဖွဲ့အနက် “ပြည်ထောင်စုနေ့ညစာစားပွဲ” သို့ အဖွဲ့ (၉) ဖွဲ့သာတက်ရောက်ခဲ့ပါတယ်။  အောက်ပါ အဖွဲ့ ၄ ဖွဲ့တက်ရောက်ခြင်း မရှိပါ။
၁။  “ဝ”အထူးဒေသ(၂)
၂။  မိုင်းလားအထူးဒေသ(၄)
၃။  ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)
၎။  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) 

ဖေါ်ပြပါ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့တက်ရောက်ခြင်းမရှိတာကို သမ္မတ (ဗိုလ်)ဦးသိန်းစိန်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားခြင်းမရှိပါဘူး။  ဖိတ်ကြားခြင်းမရှိတာလား၊ ဖိတ်ကြားသော်လည်း တက်ရောက်ခြင်းမရှိတာလား။ 

ကချင်ပြည်နယ်ကစစ်ပွဲတွေကိုအကြောင်းပြုပြီး(၆၅)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတက်ရောက်ခြင်းမပြုတဲ့နိုင်ငံရေး ပါတီ အချို့ရှိခဲ့ပါတယ်။ 

ဖေါ်ပြပါ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း များက ပြည်ထောင်စုနေ့အခမ်းအနားတက်ရောက်ခြင်းမပြုတာ ဘာ ကြောင့်လဲ။ 

“ပြည်ထောင်စုနေ့ညစာစားပွဲ” တက်ရောက်နိုင်ခြင်းမရှိ တာဟာ(ဗိုလ်)ဦးသိန်းစိန် ရေဒီယိုမိန့်ခွန်းထဲမှာပါသလို “ကျန်ရှိနေသေး တဲ့ အခက်အခဲအမျိုးမျိုး၊အကြောင်းအမျိုးမျိုး”ထဲမှာ “၂၀၀၈ အခြေခံ ဥပဒေ” ကိစ္စနဲ့ သူတို့လက်နက်ကိုင်တပ်ကို စစ်တပ်ထံ လွှဲပြောင်း ပေးရ မယ့်ကိစ္စတွေလည်းပါဝင်မယ်လို့ယူဆပါတယ်။ 

KIO/KIA အဖွဲ့ တက်ရောက်ခြင်းမရှိတာကိုပဲ ရည်ညွန်းပြော ဆိုပြီး ဖေါ်ပြပါအဖွဲ့များတက်ရောက်ခြင်းမရှိတာကို သမ္မတ (ဗိုလ်) ဦးသိန်းစိန်က ထည့်သွင်းပြောဆိုခြင်းမရှိတာဟာ ထူးခြားချက်ဖြစ် ပါတယ်။ 

KIO/KIA အဖွဲ့မတက်ရောက်တာဟာ ပဏာမအဆင့် သ ဘောတူလက်မှတ်မထိုးရသေးတဲ့အတွက် တက်ရောက်ခြင်းမရှိတာလို့ စဉ်းစားနိုင်ပေမယ့် ပဏာမသဘောတူလက်မှတ်ထိုးထားတဲ့အဖွဲ့ ၄ ဖွဲ့ မတက်ရောက်တာကတော့ မေးစရာနဲ့ တွေးစရာဖြစ်ပါတယ်။

 ဒါ့အပြင် “ဝ”အထူးဒေသ(၂)နဲ့ မိုင်းလားအထူးဒေသ (၄) တို့ဟာ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ကြပြီး (နဝတ-နအဖ) စစ်အစိုးရနဲ့ပထမဆုံးအပစ်ရပ်ခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။

 သမ္မတ(ဗိုလ်)ဦးသိန်းစိန်အစိုးရနဲ့လည်း ပထမဆုံး ပဏာမ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့အဖွဲ့တွေဖြစ်ပါတယ်။ အပစ်ရပ် အဖွဲ့တွေအနက်လက်နက်ကိုင်အင်အားအများဆုံးရှိတဲ့အဖွဲ့တွေလည်းဖြစ်ပါတယ်။KIO/KIAနှင့်အစိုးရဆွေးနွေးနိုင်ရေးအတွက်“ပန်းဆန်း” မှာ လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပန်ကြားခဲ့တဲ့ အဖွဲ့တွေလည်း ဖြစ်ပါ တယ်။ 

ဒီလိုအဖွဲ့တွေပါဝင်တက်ရောက်လာခြင်းမရှိဘဲနဲ့ “အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် မြန်မာပြည်သူတွေ အနေ နဲ့ ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင်တစ်ခုလို့ ပြောလို့ရတဲ့ အမျိုး သားသွေးစည်းညီညွှတ်ရေးရရှိနိုင်ဖို့ ခိုင်မာတဲ့ခြေလှမ်းသစ် တစ်ခု လှမ်း နိုင်ခဲ့ပြီ” လို့ သမ္မတ(ဗိုလ်) ဦးသိန်းစိန် ပြောတာဟာ သက်သက်မဲ့ ကြွား လုံးထုတ်တာ မဟုတ်ရင် လိမ်ညာတာပဲဖြစ်ရမယ်။ 

(နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ “တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ” နဲ့ ဘယ်အစိုးရ လက် ထက်မှာမှ မရရှိဖူးတဲ့ငြိမ်းချမ်းရေးရခဲ့ပြီလို့ ကြွားလုံးထုတ်ခဲ့ဖူး ပါတယ်။ သမ္မတ (ဗိုလ်) ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ (၁၂ – ၈ – ၂၀၁၁) အထိ “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ” ဆိုတဲ့ စာရင်းကို ပြောနေခဲ့ပါသေး တယ်။ အခုတော့ “၁၁ ဖွဲ့ရှိတဲ့အနက် ၁၀ ဖွဲ့” နှင့်ပဏာမသဘောတူညီခဲ့ ကြပြီ၊ KIO/KIA အဖွဲ့သာ ကျန်တော့တယ်လို့ ပြောနေပြန်ပါတယ်။

 “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး (၁၇) ဖွဲ့၊ အဖွဲ့ငယ် (၂၃) ဖွဲ့ ” က ဘယ်ရောက်သွားတာလဲ။ သူ့အလိုလိုဖျက်သိမ်းလိုက် တာလား။ (ဗိုလ်)ဦးသိန်းစိန်အစိုးရအဖွဲ့က ဖျက်သိမ်းလိုက်တာလား။ အဆိုပါ အဖွဲ့စာရင်းတွေ အမျိုးမျိုးဖြစ်နေတာ ဘာကြောင့်လဲ။ လော လောဆယ်မှာ ပဏာမ သဘောတူလက်မှတ်ထိုးပြီးတဲ့အဖွဲ့ ၁၃ ဖွဲ့ရှိ နေပါတယ်။ 

စာဖတ်သူ ယခုဖတ်နေရတဲ့ ဆောင်းပါးဟာ သမ္မတ (ဗိုလ်) ဦးသိန်းစိန်ရဲ့ မတ်လ ၁ ရက် ရေဒီယိုမိန့်ခွန်းထဲမှာပါရှိတဲ့ “ပြည် ထောင်စုနေ့ ညစာစားပွဲဟာ နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား ကျင်းပနိုင်ခဲ့တာဖြစ်တယ်” ဆိုတဲ့အချက်ကိုသာ ရွေးထုတ်ပြီး ရေးသား တင်ပြခဲ့တာဖြစ်ပါတယ်။ 

“မတူညီတဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားများကြောင့် ခေတ်စနစ် အခြေအနေအရ အကျဉ်းချခံခဲ့ရသူများ”  ဆိုတဲ့ကိစ္စကို ဆက်လက်ရေးသာတင်ပြပါဦးမယ်။ 

ညွန်း
- နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း (၁ မတ် ၂၀၁၃ )
- သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁) (၁၃ သြဂုတ် ၂၀၁၁ )
           

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။