Wednesday, March 20, 2013

သြစတြေးလျားသို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တိုင်းရင်းသားများ ဆက်တိုက် ကန့်ကွက် ဆန္ဒပြ

(ကချင်သတင်းဌာန)


သြစတြေးလျားနိုင်ငံသို့ ရောက်ရှိလာသော မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်အား သြစတြေးလျားတွင်ရောက်ရှိနေသော ကချင်နှင့် အခြား မြန်မာတိုင်းရင်းသားတို့သည် ယမန်နေ့ မတ်လ ၁၈ မှ ၁၉ အတွင်း  သမ္မတသွားလာသောနေရာများ၌ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ယနေ့တွင် ဆစ်ဒနီမြို့သို့ ရောက်ရှိလာသော သမ္မတအား နိုင်ငံခြား ရေးဌာနနှင့် ကုန်သွယ်ရေး အဆောက်အအုံရှေ့တွင် ဆန္ဒပြခဲ့ကြရာ ရိုဟင်ဂျာများအပါအ၀င် ကချင်တိုင်းရင်းသားများအဖွဲ့ ၂ဖွဲ့က ဆုံ၍ ဆန္ဒပြ စုရုံးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ဆန္ဒပြသူများသည် ပြည်တွင်းစစ် ပဋိပက္ခနှင့် ငြိမ်းချမ်းရေး တောင်းဆိုသည့် စာသားများကို ကိုင်ဆောင်ကာ နံနက်၁၁ နာရီမှ ၂ နာရီထိ စုရုံးခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြသည့်အထဲပါဝင်သူ ကိုမုန်ခေါင် နော် (Mung Hkawng Naw) က ပြောသည်။

“ဒီကနေ့ ဆန္ဒပြချိန်နဲ့ မနေ့က ကင်ဘာရာမှာ ဆန္ဒပြချိန်မှာ ရိုဟင်ဂျာ တွေကိုတွေ့ရတယ်။ ဒီကနေ့လဲ ကျနော်တို့သွားတဲ့နေရာမှာ သူတို့နဲ့ နေရာတူ အချိန်တူသွားတယ်။ အချိန်တူတယ်ဆိုတာက သူတို့နဲ့ ကျနော်တို့က ဦးသိန်းစိန်ရှိနေတဲ့ ချိန်သွားတဲ့အတွက်ကြောင့်မို့ အချိန် တူသွားတာ။ သူတို့က သူတို့ သပ်သပ်ပြတယ်။ ကျနော်တို့နဲ့မဆိုင်ဘူး။  ညှိနှိုင်းထားဒါလဲမရှိဘူး။  ဒါမဲ့ ဒီကနေ့ ဆန္ဒပြတဲ့ သူတွေအားလုံးက ၇၀ ကျော်ရှိမယ်” ဟု သြစတြေးလျားရှိ ကချင်အမျိုးသား ကိုမုန်ခေါင်နော် KNG ကချင်သတင်းဌာန သို့ပြောသည်။

ဆန္ဒပြရာတွင် သြစတြေးလျား အစိုးရကိုလည်း မြန်မာအစိုးရကို စစ် အင်အားပေါင်းပြီး မပြုလုပ်ရန်၊ မြန်မာအစိုးရအား fevour မပေးရန် စောင့်ကြည့်လေ့လာရန်နှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများအား စာနာထောက်ထားပေးရန်အပြင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု များရှိနေသည့်အတွက် ၎င်းကိစ္စကို ဦးသိန်းစိန်နှင့်ပြောဆို ရာတွင် ဆွေးနွေးနိုင်ရန် အဓိက တောင်းဆိုခဲ့ကြောင်းသိရသည်။

ပိုစတာများဖြင့် ကြွေးကြော်ခဲ့ကြပြီး  ထုတ်ပြန်ချက် များအား ပြည် သူများကို ပြောပြသည့် အနေဖြင့် သြစတြေးလျား ပါလီမန် အမတ် အချို့မှလည်း ကချင်ဖက်မှပါဝင်ခဲ့ကြောင်းသိရသည်။

ယမန်နေ့က သမ္မတသိန်းစိန်အား သြစတြေးလျား ကင်ဘာရာမြို့ရှိ  သြစတြေးလျား ပါလီမန်ရုံးရှေ့နှင့် သမ္မတအိမ်ရှေ့ ၂ နေရာတွင် ၁၂ နာရီခွဲ မှ ၃ နာရီခွဲချိန်ထိ တိုင်းရင်းသား ညီအစ်ကိုများက စပေါင်းကာ စုရုံး၍ ဆန္ဒပြခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန်ကို ကင်ဘာရာမြို့ အစိုးရအိမ်တွင် တွေ့ဆုံပွဲ တွင် ပူးတွဲ သတင်းစာရှင်းလင်းပွဲလုပ်ကာ ဧည့်ခံကျွေး မွေးပြီးနောက် ၎င်းအစိုးရအိမ်မှအထွက် ပါလီမန်ရုံးသို့အလာ တွင်ဆန္ဒပြခဲ့ခြင်းဖြစ်ဟု ၎င်းဆန္ဒပြပွဲတွင်ပါဝင်လှုပ်ရှားသော ကိုနော်ဆိုင်းအောင် (Naw Seng Awng) KNG ကချင်သတင်းဌာန သို့ပြောသည်။

ယမန့်နေ့ ဆန္ဒပြရာတွင် ကချင်အမျိုးသားများမဟုတ် အခြားတိုင်း ရင်းသား များလည်းပါဝင် ဆန္ဒပြရာတွင် မွန်၊ ကရင်၊ ချင်း၊ ၈၈ ကျောင်း သားများ၊ သံယာတော်များ အယောက် ၈၀ ကျော်ရှိကြောင်း သိရသည်။

အင်္ဂလိပ်စာသားထိုးသော ပိုစတာများကိုင်ပြီး စစ်မှန်သောဒီမိုဂရေစီ ရရှိရေး၊ သိန်းစိန်အစိုးရအလိုမရှိ၊ ထိုးစစ်ရပ် ဟုအင်္ဂလိပ်လို မြန်မာ လိုအော်ပြီး တောင်းဆိုဆန္ဒပြက ကချင်အမျိုးသားသီချင်းဆိုခဲ့ ကြောင်း သိရသည်။

ထို့အတူ မတ်လ ၁၆ ရက်နေ့တွင် နယူးဇီလန်နိုင်ငံသို့ ရောက်ရှိလာ ချိန်တွင်လည်း သမ္မတတည်းခိုသော ဟိုတယ်တွင် ကချင်အမျိုးသားများ ၃၀ ကျော်သည် ကချင်ပြည်နယ်တွင်း စစ်မှန်သောနိုင်ငံရေးဆွေး နွေးမှုနှင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရန် နှင့် ဆွေးနွေးမှုတွင် တရုတ်အပါဝင် အခြား နိုင်ငံတကာမှ နိုင်ငံကြီးများလည်းသက်သေ အဖြစ်ပါဝင်နိုင်ရေးအပြင် ဒုက္ခသည်များကို နိုင်ငံတကာ၏အကူအညီများ လွပ်လပ်စွာပေးရန် နှင့် မတရားဖမ်းဆီးထားသူများကို လွှတ်ပေးရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

၁၉၇၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံခေါင်းဆောင်တဦး၏ ပထမဆုံး ခရီးစဉ် အဖြစ် သမ္မတ ဦးသိန်းစိန် သြစတြေးလျနိုင်ငံသို့ မတ်လ ၁၇ ရက်နေ့မှ သွားရောက်လည်ပတ်စဉ်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းနိုင်ငံရှိ တိုင်းရင်း သားများက အဆက်မပြတ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။