Thursday, February 14, 2013

အစိုးရနှင့် KIO ထပ်မံတွေ့ဆုံရန် စီစဉ်နေ


Thursday, 14 February 2013 (Eleven Media Group)

အစိုးရနှင့် KIO ယခုလကုန်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်ရန် စီစဉ်နေကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်
ပြောကြားခဲ့သည်။


ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တရုတ်နိုင်ငံ၊ရွှေလီမြို့၌ နှစ်ဖက်တွေ့ဆုံမှု များ ပြုလုပ်ခဲ့ကြသည်။ 
ထိုသို့ တွေ့ဆုံမှုတွင် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများ တိုးတက်မှုရရှိခဲ့ပြီး ယခုကဲ့သို့ ထပ်မံတွေဆုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က''KIO နဲ့ အမြန်ဆုံး ထပ်မံတွေ့ဆုံနိုင်ဖို့ ကျွန်တော်တို့ဘက်က စီစဉ်နေပေမယ့် လောလောဆယ်တော့ မဖြစ်နိုင်သေးပါဘူး။ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်တော့ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံနိုင်ဖို့ စီစဉ်နေကြပါတယ်'' ဟု ပြောကြားခဲ့သည်။

နောက်ဆုံးတွေ့ဆုံခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နှစ်ဦးနှစ်ဖက် ဆက်သွယ်ရေးလမ်းကြောင်း ထားရှိရေး၊ နှစ်ဘက်စစ်ရေး တင်းမာမှုများ လျော့ချနိုင်ရေး ဆွေးနွေးခဲ့သည်။ယခုပြုလုပ်ရန်ရှိသည့် ဆွေးနွေးပွဲတွင် လေ့လာသူများနှင့် သက်သေများအဖြစ် ပါဝင်နိုင်သည့် အဖွဲ့အစည်းများအား ဖိတ်ခေါ်ရေး၊အစိုးရနှင့် KIO အကြား ခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ရန် ပဋိပက္ခဖြစ်ပွားရာ နေရာများသို့ လေ့လာစောင့်ကြည့် စိစစ်ရေးစနစ်များ ပေါ်ပေါက်ရေး စသည်များကို ဆက်လက် ဆွေးနွေးရန်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။