Wednesday, February 6, 2013

အစိုးရနှင့် KIO ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ KNU ခေါင်းဆောင် တက်ရောက်



မြန်မာအစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင်များနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့-KIO တို့ အကြား ယမန်နေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၌ ငြိမ်းချမ်းရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးခဲ့ရာ တွင် KNU မှ ဥက္ကဌနှင့် အထွေထွေ အတွင်းရေးမှူးတို့က လေ့လာ သူအဖြစ် တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မှုတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း တို့ တက်ရောက်ခဲ့ကြခြင်းဖြစ်ပြီး KNU သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ခုဖြင့် ဖွဲ့ စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်သောကြောင့် ထိုသို့ သွားရောက်ခြင်းဖြစ်ကြောင်း KNU တွဲဘက် အထွေထွေ အတွင်းရေးမှူး(၂) ပဒိုမန်းမန်းမန်းက အခုလို ပြောသည်။


“UNFC အဖွဲ့ဝင် တိုင်းရင်းသားအားလုံးကတော့ ဒီကိစ္စမှာ ၀ိုင်းဝန်းလုပ်ဆောင်ကြဖို့ တာဝန်ရှိပါတယ်။ နောက်ပြီးကချင်ဘက်ကလည်း အဖွဲ့ဝင်တိုင်းရင်းသား အင်အားစုတွေအနေနဲ့ လေ့လာသူအဖြစ် ပါဝင်ပေးဖို့ လိုလားတယ်လေ။ အဲဒါကြောင့် KNU က တက်ရောက် တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIO ဘက်မှ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် အပါအ၀င် ကိုယ်စားလှယ် ၅ ဦးနှင့် အစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဒုဥက္ကဌ ၀န်ကြီးဦးအောင်မင်း ဦးဆောင်သော အဖွဲ့ဝင်များနှင့်အတူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များက ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ဆွေးနွေးပွဲတွင် လေ့လာသူအဖြစ် တက်ရောက်သော KNU အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံ ခြားရေးရာ ၀န်ကြီးဌာနမှ သံအမတ်ကြီး Mr. Luo Zhaohui၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)မှ ဗိုလ်မှူးချုပ်စိုင်းလူနှင့် အဖွဲ့ဝင် ၂ ဦး၊ ဦးဟန်ညောင်ဝေ၊ ဦးဗစ်တာဗျက်လျန်တို့မှ သက်သေများ အဖြစ် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

၎င်းဆွေးနွေးပွဲအပြီးတွင် အစိုးရနှင့် ကေအိုင်အိုတို့မှ အချက် ၅ ချက်ပါသည် ပူးတွဲကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ကြေညာချက်အရ ကေအိုင်အိုအနေဖြင့် UNFC နှင့် ဆွေးနွေးညှိနှိုင်း၍ ဖေဖော်ဝါရီလ မကုန်မှီ အစိုးရအား ထပ်မံဆွေးနွေးရန်၊ နှစ်ဖက်အကြား ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးအကောင် အထည် ဖော်ရန်တို့ ပါဝင်သည်။

(၁၇) နှစ်ကြာ အပစ်အခတ်ရပ်စဲထားသည့် KIA နှင့် အစိုးရတို့ ၂၀၁၁ ခုနှစ်၊ ဇွန်လမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် နှစ်ဘက်တပ်ဖွဲ့ အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာတွင် KNU အပြင် အခြားသော အဖွဲ့အစည်းများ မှ ခေါင်းဆောင်များက အသိသက်သေအဖြစ် ပါဝင်လာခြင်းမှာ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။