Friday, February 1, 2013

အရည်အချင်းရှိတဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ များများ ပေါ်ထွက်ပါစေ


မနေ့က ဘီဘီစီ ညနေပိုင်း စကား ဆွေးနွေးဝိုင်းကို နားထောင်ပြီး စိတ်ထဲ "ကျလိ ကျလိ" ဖြစ်လာလို့။ "စစ်ပွဲကိစ္စ အပြုတ်တိုက်မယ် ဆိုတာကို လွှတ်တော်မှာ အဆိုသွင်းသူရှိလာတယ်။ ဒါကို ... ဘယ်လို ထင်ပါသလဲ" ဆိုတဲ့ စကားဝိုင်းပါ။

(ဝင်ပြောဖို့ စဉ်းစားပေမယ့် အခုအချိန်က နိုင်ငံရေးကိစ္စမှာ ပြောရဲ ဆိုရဲသူတွေ များလာနေလို့ အခြားသူတွေ ပြောနိုင်ဖို့အတွက် မပြောဖြစ် ခဲ့ပါဘူး။)

ဒီဆွေးနွေးဝိုင်းမှာ ကြံဖွတ်ပါတီက လွှတ်တော် အမတ် ဖြစ်တဲ့ အဆိုတင် သွင်းသူ ဦးမြင့်ဆွေ ဆိုသူက နိုင်ငံရေးကို နားမလည်ဘူးဆိုတာ အင်မ တန် ထင်ရှားတယ်။ ဒီလို နိုင်ငံရေး နားမလည်ဘဲ ပြည်သူ့ကိုယ်စား လှယ်ဆိုပြီး လွှတ်တော်ထဲ ရောက်နေတာ မရှက်ဘူးလားမသိဘူး။


ဆွေးနွေးဝိုင်း မတိုင်ခင် အရင်လုပ်ခဲ့ဖူးတဲ့ သူ့ အင်တာဗျူးနဲ့ အခု ဆွေး နွေးဝိုင်းမှာ ပြောသမျှတွေဟာ စကားလုံး အတူတူပဲ ဖြစ်ပြီး ... သူ ဥပမာ ပေးတဲ့ .. မာလီနိုင်ငံမှာ အစ်စလာမ်မစ် သူပုန်တွေကို ပြင်သစ် ဦး ဆောင်ပြီး အပြုတ် တိုက်တယ်တို့၊ သီရိလင်္ကာမှာ တမီးလ်တွေကို အစိုးရက အပြုတ်ဆော်လိုက်တယ်တို့ .. စတဲ့အရေးအခင်းတွေကို နှိုင်းပြောတယ်။ ဒါကို သူတို့ကြတော့ အပြုတ်တိုက်ပြီး မြန်မာနိုင်ငံ ကျတော့ ဆွေးနွေးဖို့ ပြောတာ မတရားဘူးလို့ ကောက်ချက်ချတယ်။ ဒါ သူ့ ဆွေးနွေးမှု (Arguments) ပေါ့။

သူ့ ဆွေးနွေးချက်ထဲကိုပဲ လိုက်ပြီး ဆွေးနွေးရရင် ... အချက် ၂ ချက် တွေ့တယ်။

၁။ အပြည်အပြည်ဆိုင်ရာ နိုင်ငံရေး (World politics) နဲ့ ပြည်တွင်း နိုင်ငံရေး (Domestic Politics) ကို ခွဲပြီး နားမလည်ဘူးဆိုတာ ထင်ရှား တယ်။

သူပြောသမျှ ဥပမာတွေဟာ နိုင်ငံတကာ နိုင်ငံရေး ကိစ္စကို ပြည်တွင်း နိုင်ငံရေးနဲ့ နှိုင်းပြောပြီး အတူတူလို့ ဆွဲထည့် ပြောနေတာပဲ ဖြစ်တယ်။ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ဒီနှစ်ခုကို ခွဲမသိဘဲ အတူတူလို့ ထင်ပြီး ပြောနေတော့ ... သူကိုယ်တိုင်တော့ ဘယ်လို နေမလဲ မသိပေ မယ့် ...သူ့အစား ရှက်နေမိတယ်။

ကမ္ဘာနိုင်ငံရေး ရေစီးကြောင်းတွေဟာထင်ရှားတဲ့ ကိစ္စတွေရဲ့ နောက် ကွယ် ကနေ အပြောင်းအလဲ အမျိုးမျိုး ဖြစ်နေကြတယ်။

ပြင်သစ်တော်လှန်ရေး နောက်ပိုင်း၊ ပထမ ကမ္ဘာစစ်၊ ရုရှား တော်လှန်ရေး၊ ဒုတိယ ကမ္ဘာစစ်၊ စစ်အေးကာလ၊ စစ်အေးအလွန် နဲ့ နောက်ဆုံးမှာ 9/11 ဆိုတဲ့ အမေရိကန်က ကုန်သွယ်ညီနောင်တိုက်ကို လေယဉ်နဲ့ တိုက်ပြီး ကာလ ... စတဲ့ ဖြစ်ရပ်တွေ အပြီးမှာ ကမ္ဘာနိုင်ငံရေးဟာ ယူဆ တွေးခေါ် အာရုံစိုက်မှုတွေဟာ ပြောင်းလဲလေ့ရှိတယ်။

ပြင်သစ် တော်လှန်ရေး အပြီးမှာ ... လစ်ဘရယ် အတွေးအခေါ် လှုပ်ရှား မှု၊ ပထမ ကမ္ဘာစစ် အပြီးမှာ .. ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အတွေး အခေါ်၊ ရုရှား တော်လှန်ရေး အပြီး ... ဆိုရှယ်လစ် ကွန်မြူနစ် ဝါဒ
ဒုတိယ ကမ္ဘာစစ် အပြီး ... ငြိမ်းချမ်းရေး အတွေးအခေါ် ဒုတိယပိုင်း
စစ်အေး ကာလ ... စူပါ ပါဝါတွေ အားပြိုင်မှု စစ်အေး အလွန် .... အရင်းရှင် စီးပွားရေးနဲ့ နိုင်ငံရေးအတွေးအခေါ် 9/11 အပြီး ... အကြမ်းဖက် သမား တိုက်ဖျက်ရေး

စတဲ့ အာရုံစိုက်မှုတွေဟာ ကမ္ဘာ့နိုင်ငံရေး ဖြစ်တယ်။ ပြည်တွင်း နိုင်ငံရေး ကတော့ နိုင်ငံအလိုက် မတူပေမယ့် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းမှာ အကုန်လုံးဟာ အဓိက အတွေးအခေါ် နောက်ကနေ ဖြစ်ပေါ်နေတာ တွေပဲ ဖြစ်တယ်။ ဒီဖြစ်ရပ်ဖြစ်တဲ့... အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးနဲ့ ပြည်တွင်းရေးကို ပုံစံတူ တန်းတူ ညှိလို့ မရဘူး။

ဦးမြင့်ဆွေ ပြောသမျှ ဥပမာတွေဟာ ... နိုင်ငံတကာ အကြမ်းဖက်သမား တိုက်ဖျက်မှု မူဝါဒ အောက်မှာ ရှိတဲ့ အတွေးအခေါ်တွေကို ... ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာ့ နိုင်ငံရေးရဲ့ ပြည်တွင်းရေးမှာ လာပြီး ညီမျှခြင်းချ ပြောဆိုနေတာပဲဖြစ်တယ်။

တမီးလ် သူပုန်ဆိုတာ ကမ္ဘာမှာ ပထမဦးဆုံးသော အကြမ်းဖက် အဖွဲ့လို့ မှတ်တမ်းတင်ခံရသူတွေထဲမှာ ပါတယ်။ အိုစမာ ဘင်လာဒင် အတွေး အခေါ်ဆိုတာ သူတို့ နောက်မှ ပေါ်တာ။ ကမ္ဘာမှာ အခု ခေတ်စားနေတဲ့ ကိုယ့်ကိုကိုယ် သတ်သေပြီး ဗုံးခွဲတာဟာ တမီးလ်တွေက စခဲ့တာ။

မာလီကို ပြင်သစ်က ဝင်ကူတာဟာ ... အဲဒီ အကြမ်းဖက် သမား တိုက်ဖျက်ရေး ဆိုတဲ့ နိုင်ငံတကာ နိုင်ငံရေး ခေါင်းစဉ်အောက်မှာ။ ဒါ့အပြင် အခြားသော သူပြောသမျှ ကိစ္စ အကုန်လုံး နိုင်ငံတကာ အကြမ်းဖက်သမား တိုက်ဖျက်ရေး ခေါင်းစဉ် အောက်က ကိစ္စတွေကြီးပဲ။

ပြည်တွင်းရေး ဖြစ်တဲ့ ... အီဂျစ်မှာ ဆန့်ကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်မှု၊ ဆီရီးယားမှာ ပြည်တွင်းစစ် ကိစ္စကို ဆွေးနွေးခိုင်းမှု၊ လစ်ဗျား ကဒါဖီ ကိစ္စမှာ ပထမပိုင်း ဆွေးနွေးဖို့ တိုက်တွန်းပေမယ့် မရလို့ နိုင်ငံတကာက ဝင်မပါဘဲ နောက်ဆုံး လေယဉ် မပျံသန်းရေး ဇုံပဲ သတ်မှတ်မှု၊ ...စတဲ့ ပြည်တွင်းရေး ကိစ္စ ကိုင်တွယ်မှုတွေကို နှိုင်းမပြောဘူး။ အပြည်ပြည် ဆိုင်ရာ ကိစ္စ ကိုင်တွယ်မှုကို ပြည်တွင်းရေးနဲ့ နှိုင်းပြောတယ်။ ဒါဟာ သူ့ရဲ့ နိုင်ငံရေး အမြင် ဘယ်လောက် နည်းသလဲဆိုတာကို ထပ်ခါ ထပ်ခါ ပြောနေတဲ့ မသိနားမလည်မှုဘဲ။

၂။ လူကြားသူကြား ဆွေးနွေးတဲ့ ပုံစံအရ .. သူ့ ဆွေးနွေးမှုရဲ့ အဆုံးသတ် ကောက်ချက်ချတဲ့အခါ အကြုံးမဝင်တဲ့ အဆုံးသတ်မှု ဖြစ်နေတယ်ဆိုတာ နားလည်ပုံ မရဘူး

သူ့အပြောက "အပြုတ်တိုက်နေတဲ့ လူတွေကိုကျတော့ မပြောဘဲ မြန်မာနိုင်ငံကိုမှ ဆွေးနွေးဖို့ ပြောတာ မတရားဘူး" တဲ့။

ကလေးဆိုးကြီးကျနေတာပဲ။ ငါ့ကိုပဲလာလာ ဆူနေတယ် ... ဟိုကောင် တွေကိုကျတော့ မဆူဘူး ဆိုတဲ့ ဆွေးနွေးမှုမျိုး ... ဆွေးနွေးမှု (Arguments) မှာ အကြုံးမဝင်တဲ့ သူတပါးနဲ့ အပြစ်ကို ပြောပြီး ကိုယ့်ကိစ္စကို ပေါ့အောင် လုပ်တဲ့ ဆွေးနွေးတဲ့ ပုံစံနဲ့ အဆုံးသတ်တယ်။

ဒီလိုမျိုး ... ကိုယ်ပြောနေတာ နိုင်ငံရေး အရ မှန်ရဲ့လား၊ ဆွေးနွေးမှုက အကြုံးဝင်ရဲ့လား မသိဘဲ၊ နိုင်ငံရေးကို နားမလည်ဘဲ ... ပြောရင်ရာ ပြောနေတဲ့ ... လွှတ်တော်အမတ် ဆိုသူတွေ မြန်ပြည်မှာ ဘယ်လောက် များနေသလဲဆိုတာ တွေးမိပြီး တိုင်းပြည်အတွက် ရင်လေးမိတယ်။ ပြည်သူ့ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေထက် တော်တဲ့ လူတွေ ဖြစ်ရမှာ ... အခုကတော့ ဦးမြင့်ဆွေလို နိုင်ငံရေးအဆင့်အတန်း ချာတူးလန်တွေ များနေရင်တော့ မြန်မာပြည်တော့ ဒုက္ခပါပဲ။

ဒီကြားထဲ အခြား မှတ်ချက် ပေးသူ တစ်ယောက်က "ငြိမ်းချမ်းရေးနောက် ကွယ်မှာ စစ်ပွဲရှိတယ်။ ဒါကို နားလည်ရမယ်တဲ့" စစ်ဝါဒီ ဆန်ဆန် မှတ် ချက်ပဲ။ ပြည်တွင်းရေး ငြိမ်းချမ်းဖို့ ... ဘာစစ်ပွဲမှ ရှိစရာ မလိုဘူး။ နိုင်ငံ တကာ အရေး၊ နိုင်ငံတကာ စစ်ပွဲမှာ ... ဒီလို ပြောရင် မှန်ကောင်း မှန် လိမ့်မယ်။ ဒါတောင် နိုင်ငံတကာရဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ ဒါမျိုးတွေကို လက်မခံတော့ဘူးဆိုတာ နားလည်ပုံ မရကြဘူး။

ပြည်တွင်းစစ်မှာ ငြိမ်းချမ်းရေး အတွက် ... ငြိမ်းချမ်းတဲ့ နည်းနဲ့ပဲ ရယူနိုင် မယ်။

ဒီ ဆွေးနွေးခန်းကို နားထောင်ပြီး အရည်အချင်းရှိတဲ့ ပြည်သူ့ကိုယ်စား လှယ်တွေ များများ ပေါ်ထွက်ပါစေလို့သာ ဆုတောင်းနေမိတယ်။

(ကိုထိုက်)

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။