Monday, February 4, 2013

ကျောက်စိမ်းတူးကွက်တွင် နေထိုင်သူများကို ပြောင်းရွှေ့ရန် ညွှန်ကြား


Democratic Voice of Burma (Feb 4, 2013)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းတူးကွက် အနီးအနားမှာ ထောင်နဲ့ချီတဲ့ နေထိုင်ကြသူတွေကို နေအိမ်တွေကနေ ဖယ်ရှားပေးဖို့ ဒေသအုပ်ချုပ်ရေး အာဏာပိုင်တွေကနေ ညွှန်ကြား ထားတယ်လို့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်စိုးက ပြောပါတယ်။

“နိုင်ငံတော်ရဲ့ လုပ်ကွက်တွေမှာ ကုမ္ပဏီတွေ ၀င်လုပ်တော့ သာမန် အရပ်သား ပြည်သူတွေက တပိုင်တနိုင်ကျင်းလေးတွေ တူးနေကြတာ လေ။ သူတို့တွေက ကျင်းဘေးမှာ တဲလေးတွေထိုးပြီး လုပ်ရကိုင်ရလွယ် အောင် နေတာလေ။ အဲဒါကို တဲတွေ ဖယ်ရှားရှင်းလင်းဖို့၊ တူးတာကို ရပ်ဆိုင်းပေးဖို့ အမိန့်ထုတ်တာပါ။”

အဲဒီလို ပြောင်းရွှေ့ရမယ့် သူတွေဟာ ထောင်နဲ့ချီရှိနေပြီး သူတို့ကို မှီခို စားသောက်နေရတဲ့ မိသားစုဝင်တွေလည်း အကျပ်အတည်း ဖြစ်စေမယ် လို့ ဦးတင်စိုးက ဆိုပါတယ်။


“ရေမဆေးကျောက်ရှာကြသူတွေကတော့ ခါတိုင်းလုပ်ကွက်တွေကနေ သူုတို့စွန့်ပစ်မြေစာပုံကနေ ရှာဖွေပြီး စားသောက်ရတဲ့ အနေအထား ပေါ့။ အခုလက်ရှိကတော့ ကုမ္ပဏီလုပ်ငန်းတွေက ရပ်နားထားတော့ လုပ်ကွက်တွေမှာ တပိုင်တနိုင် သံတိုင်လေးနဲ့ မိရိုးဖလာ တူးခဲ့ကြတဲ့ ပုံစံအတိုင်း တူးကြတာတော့ ရှိပါတယ်။ ဒါကြောင့် မတူးခိုင်း မလုပ်ခိုင်း တော့ဘူးဆိုရင် ဒီနယ်မြေမှာ ၁ သိန်းကျော်လောက်ရှိတဲ့ ရေမဆေး တွေနဲ့ သူတို့ကို မှီခိုနေရတဲ့ ကျောက်သမားတွေအနေနဲ့ တော်တော် လေး အကျပ်အတည်းဖြစ်သွားနိုင်တဲ့ အနေအထားမျိုး မြင်နေရတယ်။”

အဖိုးတန် ကျောက်စိမ်းများထွက်ရှိတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာ မြန်မာတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ၂၀၁၂  ခုနှစ် မေလကစလို့ တရားဝင် ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားတာပါ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။