Monday, February 18, 2013

တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အနာဂတ် ပြည်ထောင်စု တပ်မတော် (ဆောင်းပါး)


(နိရဉ္စာရာ)


— တိုင်းရင်းသား တစ်ဦး
ယခုအချိန်မှာ မြန်မာပြည်ဟာ ဒီမိုကရေစီစံနစ်သစ်ဆီသို့ ဦးတည်သွားနေပြီလို့ ဆိုပါတယ်။ ဒီမို ကရေစီ  စံနစ်ကို ထူထောင်မယ် ဆိုလိုက်တာနဲ့ တရားဥပဒေ စိုးမိုးရေးဟာ အင်မတန် အရေးကြီးတာလဲ လူတိုင်း သိကြပါတယ်။ (အဲဒီလို အရေးကြီးလို့ကို လွှတ်တော်ထဲမှာ ဒေါ်စုက တရားဥပဒေ စိုးမိုးရေး တာဝန်ကို ယူထားတာပေါ့။) ဥပဒေ စိုးမိုးရေး ဆိုရာမှာလဲ ယခုလက်ရှိမှာ ဥပဒေပြင်ပ ရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို ဥပဒေ ဘောင်ဝင်အောင် ဘယ်လို legalize လုပ်မလဲ၊ အနာဂတ် ပြည်ထောင်စု တပ်မတော်နဲ့ ဘယ်လို ပေါင်းစည်းကြမလဲ ဆိုတဲ့ ပြဿနာ တွေဟာ အရေး တကာ့ အရေးအကြီးဆုံး ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စတွေအတွက် အစိုးရရော အတိုက်အခံဖက် ကပါ ရေရေရာရာ စီမံချက် ရှိသေးပုံ မရဘူး၊ ရှိတယ်ဆိုရင်လဲ ပွင့်လင်းမြင်သာမှုမရှိသေးဘူး။ အဲဒီကိစ္စ္စ တွေနဲ့ ပတ်သက်လို့ ပြည်သူတဦးရဲ့ အမြင်ကို တင်ပြချင်တဲ့အတွက် ဒီဆောင်းပါးကို ရေးရတာ ဖြစ်ပါ တယ်။

ပထမဆုံးအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဥပဒေဘောင်ထဲ ရောက်လာအောင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို ကြည့်ကြရအောင်ပါ။


လက်နက်ချခိုင်းတဲ့နည်း
အစိုးရအဆက်ဆက်က တိုင်းရင်းသားလက်နက်ကိုင်တွေ ဥပဒေဘောင်ဝင်အောင် နှစ်ပေါင်းများစွာ ကျင့်သုံး ခဲ့တာ ကတော့ လက်နက်ချခိုင်းတဲ့နည်း ဖြစ်ပါတယ်။ လက်နက်ချ အလင်းဝင်လိုက်တာနဲ့ ဥပဒေဘောင် ၀င်သွားပြီပေါ့။  ဒီနည်းနဲ့ မအောင်မြင်ခဲ့တာ အထူးပြောစရာမလိုပါဘူး၊ ဒါပေမယ့် ဘာလို့ မအောင်မြင်ခဲ့တာလဲ ဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါတယ်။

အစိုးရနဲ့ဆွေးနွေးပြီး သဘောတူညီချက်ရလို့် လက်နက်ချခဲ့တာ ဖဆပလအစိုးရ လက်ထက် နိုင်အောင်ထွန်း ခေါင်းဆောင်တဲ့  မွန်လက်နက်ကိုင် အဖွဲ့က ပထမဆုံးလို့ ဆိုပါတယ်။ နိုင်အောင်ထွန်း အဖွဲ့ဟာ အဲဒီအချိန်တုံး ကဆိုရင်  ယခုလက်ရှိ  မွန်ပြည်သစ်ပါတီထက်တောင် လူအင်အား၊ လက်နက် အင်အား တောင့်တင်းပါသတဲ့။  ၀န်ကြီးချုပ် ဦးနုနဲ့ ဆွေးနွေးပြီး သဘောတူညီချက်ရတဲ့အတွက် လက်နက် ချခဲ့တာပါတဲ့။ လက်နက်လဲ ချပြီးရော သဘောတူထားတဲ့ အချက်တွေ ဘာမှ ဖြစ်မလာတဲ့အပြင် ဦးနုနဲ့ သွားတွေ့ပြီး အခြေအတင် ပြောတဲ့အတွက် နိုင်အောင်ထွန်း ထောင်ထဲ ရောက်သွားပါသတဲ့။ အဲဒီ အဖြစ်ကို နမူနာ ယူပြီး တော့ ကျန်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေမှာ “ဘာပဲဖြစ်ဖြစ် လက်နက်တော့ မချနဲ့၊ ဗမာတွေ ကတိမတည်ဘူး” ဆိုတဲ့ သဘောထား ခံယူချက် သံမှိုစွဲသလို မြဲသွားတာပါတဲ့။ (နိုင်အောင်ထွန်း အဖွဲ့ရဲ့ ဖြစ်ထွေကို သူငယ်ချင်း တဦးက ပြောပြခဲ့တာပါ။ စာရေးသူ မမွေးခင်က ကိစ္စ ဖြစ်လို့ ပိုသိတဲ့သူတွေက ပြင်ဆင် ဖြည့်စွက်ပေးကြစေလိုပါတယ်။)

နိုင်အောင်ထွန်းတို့အကြောင်းကို စာရေးသူတို့မမှီလိုက်လို့ အတိအကျ မပြောနိုင်ပေမယ်လို့ န၀တ/ နအဖလက်ထက် ဖြစ်ပျက်ခဲ့တာတွေကတော့ ကိုယ်တွေ့မျက်မြင် ဖြစ်ပါတယ်။ န၀တလက်ထက်မှာ ဗိုလ်ခင်ညွန့်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လိုက်လံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်တွေ လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။  အခြေခံဥပဒေရယ်လို့ မရှိဘဲ ကာကွယ်ရေး ဦးစီးချုပ် ရဲ့ အမိန့်အာဏာနဲ့ အုပ်ချုပ်တဲ့ စစ်အုပ်ချုပ်ရေးကာလမို့လို့လဲ အဲဒီလိုလုပ်လို့ ရတာပါ။ အရင် အစိုးရ တွေ လက်ထက်ကတော့ ဒီလိုလုပ်ရင် ဖြစ်နိုင်မှန်း မသိလို့ မဟုတ်လောက်ပါ၊ တည်ဆဲ ဖွဲ့စည်းပုံ ဥပဒေနဲ့ ငြိစွန်း နေလို့သာ လုပ်မရခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် န၀တ/နအဖ လက်ထက် မှာတော့ နယ်စပ်ဒေသ အတော်များများမှာ အနှစ် (၂၀) နီးပါး ငြိမ်းချမ်းခဲ့တာ အမှန်ပါပဲ။

ဒါပေမယ့် အဲဒီငြိမ်းချမ်းရေးဟာ အင်္ဂါမစုံဘဲ မွေးလာတဲ့ ကလေးနဲ့တူနေပါတယ်၊ ကြီးမားတဲ့ ချို့ယွင်းချက် ရှိနေပါတယ်။ ဘယ်လိုချို့ယွင်းချက်လဲ။ ဗိုလ်ခင်ညွန့်က အရေးတယူ လာဆွေးနွေးတယ် ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေမှာ တူညီတဲ့ အတွေး တခု ၀င်သွားစေခဲ့လို့ပဲ။ ဘယ်လို အတွေးလဲ ဆိုတော့ “ကြည့်စမ်း၊ ဒေါ်စု ခေါင်းဆောင်တဲ့ NLD ကို တပြည်လုံးက လူများစု ထောက်ခံမဲ ပေးထားပါ ရက်နဲ့ ဒီလူတွေ NLD နဲ့ ဆွေးနွေးဖို့ စိတ်ကူးရှိပုံ မရဘူး။ ဒေါ်စုကို အကျယ်ချုပ်ထား၊ NLD အမတ်တွေကို ထောင်ထဲ ထည့်ထားပြီး ငါတို့နဲ့ အရေးတယူ လာဆွေးနွေးနေတယ်။ ဒါ ငါတို့ သေနတ် ကိုင်ထားလို့ပဲ။ ငါတို့မှာသာ လက်နက်မရှိတော့ရင် ငါတို့ကို ဂရုစိုက်ပါဦးမလား၊ ပေးထားတဲ့ ကတိတွေ တည်ပါဦး မလား” ဆိုတဲ့ အတွေးပါ။

စဉ်းစားကြည့်ပါ။ လက်နက်မရှိတဲ့ ဒေါ်စုနဲ့ NLD ကို ဆွေးနွေးရမယ့်အစား အပြုတ်တိုက် ချေမှုန်းဖို့ ကြိုးစားခဲ့တာ နှစ် (၂၀) ကြာခဲ့တယ်။ ဒီမိုကရေစီအရေး  လှုပ်ရှားသူတွေ ရာပေါင်း များစွာ အသက် ပေးခဲ့ရ၊ ဘ၀ပျက်ခဲ့ကြရတယ်။ တိုင်းရင်းသားတွေမှာ လက်နက်မရှိတော့ရင် NLD ရဲ့  ကံကြမ္မာမျိုး သူတို့ဖက် လှည့်မလာဘူးလို့ ဘယ်သူက အာမခံမှာလဲ။ ဒါဟာ  တိုင်းရင်းသား တွေ လက်နက်မချနိုင်ရခြင်းရဲ့ အဓိကအကြောင်းပဲ။ တနည်းအားဖြင့် ပြောရရင် လက်နက်မရှိတဲ့ NLD ကို ဖိနှိပ်ခဲ့တာဟာ တိုင်းရင်းသားတွေ လက်နက် မစွန့်ချင်အောင်၊ မစွန့်ရဲအောင် လုပ်လိုက်တာနဲ့ အတူတူ ပါပဲ။

နယ်ခြားစောင့်တပ်လုပ်ခိုင်းတဲ့နည်း
တဖက်ကကြည့်ပြန်တော့ အပစ်အခတ် ရပ်စဲပြီး ကိုယ့်နယ်မြေကိုယ်နေ၊ ကိုယ့်စီးပွား ကိုယ်လုပ် ဆိုတာက စစ်အစိုးရလက်ထက်မှာသာ ဖြစ်နိုင်တာကိုး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေလုပ်ပြီး အရပ်သားအစိုးရ အနေနဲ့ အုပ်ချုပ်တော့မယ်ဆိုရင်တော့ (၂၀၀၈) ဥပဒေဖြစ်ဖြစ်၊ အတိုက်အခံတွေ ပြောနေတဲ့ ဖက်ဒရယ်မူ ပဲဖြစ်ဖြစ် တိုင်းပြည် တခုတည်းမှာ ဥပဒေပြင်ပ လက်နက်ကိုင်တပ်တွေ သူတလူ၊ ငါတမင်း ရှိနေလို့ မဖြစ်ပြန်ဘူး။ အဲဒါကြောင့် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြား စောင့်တပ် (BGF) အသွင် ပြောင်းဖို့ စည်းရုံးလာပါတယ်။ လက်နက်မချချင်ရင် မချနဲ့၊ နယ်ခြားစောင့်တပ် အနေနဲ့ တပ်မတော် အောက်မှာ နေပါ ဆိုတဲ့ သဘောပဲ။ 
တပ်မတော်လက်အောက်ရောက်တယ်ဆိုတာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ဥပဒေဘောင်ဝင်သွားပြီ၊ တရားဝင် ရပ်တည်လို့ ရပြီပေါ့။
ဒီနေရာမှာ ပြောချင်တာက တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်တပ်အနေနဲ့ လက်ခံတယ် ဆိုတာ အစိုးရစစ်တပ် အနေနဲ့ အတော်စွန့်စားရတဲ့ ကိစ္စ ဖြစ်တယ်ဆိုတာပါပဲ။ နယ်ခြား စောင့်တပ်ထဲက လူတွေဟာ တချိန်က ကိုယ်နဲ့ သူသေကိုယ်သေ တိုက်ခဲ့တဲ့သူတွေ ဖြစ်သလို နောင်လဲ အခြေအနေ အကြောင်းကြောင်း ကြောင့် အချိန်မရွေး အရောင်ပြောင်းပြီး ကိုယ့်ကို ပြန်တိုက်နိုင်တဲ့သူတွေ ဖြစ်တယ် (ဒါ ကရင်ပြည်နယ်မှာ လက်တွေ့ပဲလေ)။ အစိုးရတပ်မမှူး၊ တိုင်းမှူး တွေမှာ အရေးအကြောင်း ပေါ်လို့ နယ်ခြားစောင့်တပ်ကို ခိုင်းရမယ်ဆိုရင် ”ဒီလူတွေ ငါ့အမိန့်ကို နာခံပါ့မလား။ သူတို့ တိုင်းရင်းသား အချင်းချင်း ပင်းပြီး ငါ့ကို နောက်ကျော ဓါးနဲ့ ထိုးလေမလား”လို့ တွေးမိကြမှာ ဖြစ်သလို နယ်ခြားစောင့် တပ်မှူးတွေ ကိုယ်တိုင်ကလဲ “ဒီ တပ်မမှူး/တိုင်းမှူး ခိုင်းတိုင်း ငါလုပ်လို့ ဖြစ်ပါ့မလား၊ သူ့အမိန့်ကို နာခံလိုက်လို့ ငါတို့ တိုင်းရင်းသားချင်း  ပြန်ပစ်ရတဲ့ အခြေအနေရောက်သွားရင် ငါ့ဇာတိ ရပ်ရွာမှာ၊ ငါ့ဆွေမျိုးတွေ ကြားမှာ သူများတံတွေးခွက် ပက်လက်မျောရချည်ရဲ့” လို့ တွေးမိ ကြမှာ အမှန်ပါပဲ။ စစ်တပ် ဆိုတာက ရဲဘော်ရဲဘက်ချင်း အသက်ပေး ယုံကြည်စိတ်ချနိုင်မှသာ ထက်မြက် ပါတယ်။ အထက်လူနဲ့ အောက်လူ မယုံသင်္ကာဖြစ်ပြီး သံသယတွေ များနေရင်တော့ လူများပြီး ပွဲမစည်တဲ့ တပ်စုတ်တပ်ပဲ့သာ ဖြစ်နေမှာပဲ။

တိုင်းရင်းသားတွေဖက်က ကြည့်ပြန်တော့ ပြဿနာက “နယ်ခြားစောင့်တပ် တပ်ရင်းတရင်းစီမှာ တပ်သား ဦးရေ ၃၂၆ ဦး ရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်မှ စစ်သား ၃ဝ ဦး ပါဝင်မည်။ ထို့ပြင် တပ်ဖွဲ့ဝင် များ၏ လစာ ကို ဗဟိုအစိုးရက ထုတ်ပေးမည်ဖြစ်ပြီး အုပ်ချုပ်မှုအရလည်း မြန်မာ့တပ်မတော် လက်အောက် ၌ပင် ထားရှိ မည်ဖြစ်သည် ဆိုတာကိုး။ တိုင်းရင်းသားတွေမှာ သူတို့ နှစ်ပေါင်းများစွာ တောင်းဆိုလာတဲ့ အခွင့်အရေး တွေ ဘယ်ဆီနေမှန်းမသိသေးခင် အစိုးရစစ်တပ် အုပ်ချုပ်မှုအောက်မှာ နေရမယ် ဆိုတော့ အစုလိုက် အပြုံလိုက် လက်နက်ချခိုင်းတာနဲ့ အတူတူဖြစ်နေတယ်။ တိုင်းရင်းသား အချင်းချင်းပေါ် သေနတ်ပြောင်း လှည့်ရမယ့် အခြေအနေမျိုးများ ဖြစ်လာခဲ့ရင်  လက်နက်ချတာထက်ကို ပိုဆိုးသွားပြီ။ နောက်ပြီး နယ်ခြား စောင့်တပ်ရင်းတိုင်းမှာ အစိုးရ စစ်သား တွေ လာထည့်ထားတဲ့အတွက် ကိုယ့်မှာရှိတဲ့ လက်နက်အင်အား၊ လူအင်အား၊ လေ့ကျင့်မှု၊ လှုပ်ရှားမှု စတဲ့ အတွင်းရေးတွေကို အစိုးရစစ်တပ်ကို အကုန် ဖွင့်ပြရတာနဲ့ အတူတူပဲ။ နောင် နိုင်ငံရေး ညှိနှိုင်းတာ အဆင် မပြေလို့ မလွှဲသာ မရှောင်သာ ပြန်တိုက် ရမယ် ဆိုရင်တောင် ကိုယ့်အကြောင်း အကုန်လုံး ရန်သူဖက်က သိပြီး ဖြစ်နေလို့ ဒုက္ခ တော်တော် ရောက်သွား နိုင်တယ်။ ဒါကြောင့် ကေအိုင်အေ၊ ဒီကေဘီအေ၊ မွန်ပြည်သစ်ပါတီ စတဲ့ အပစ်ရပ် အဖွဲ့တွေက နယ်ခြားစောင့်တပ် မလုပ်ပဲ ငြင်းဆန်ခဲ့ကြတာပဲ။

ဒါဆိုရင် ဘာဖြစ်လို့ အစိုးရက ဒီလို စီစဉ်ရသလဲ။ “တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးကို တဖက်လှည့်နည်းနဲ့ ဖြိုခွဲချေမှုန်းဖို့ ကြိုးစားတာပါ” လို့ ဖြေချင်ကြပါလိမ့်မယ်။ ဒီအဖြေ မှားတယ်လို့ စာရေးသူ မပြောလိုဘူး၊ ဒါပေမယ့် ဒီအဖြေနဲ့ ရပ်သွားမယ် ဆိုရင်တော့ မြန်မာ့ တပ်မတော်ရဲ့ mindset ကို နားမလည်ရာ ရောက်ပါတယ်။

ဒီနေရာမှာ နည်းနည်း အကျယ်တ၀င့် ပြောဖို့ လိုလိမ့်မယ်။ နိုင်ငံတကာ တပ်မတော် တွေမှာ မရှိတဲ့ စည်းကမ်း တခု  မြန်မာ့တပ်မတော်မှာ ရှိသတဲ့။ တစ်ပွင့်နဲ့ အထက် ပြန်တမ်းဝင်အရာရှိတွေဟာ တပ်တတပ် မှာ (၃) နှစ်ထက် ပိုမနေရ ဆိုတဲ့ စည်းကမ်းပဲ။ စည်းကမ်းအရ (၃) နှစ်ဆိုပေမယ့် လက်တွေ့မှာ တစ်နှစ်၊ နှစ်နှစ်နဲ့ ပြောင်းကြရတာက များတယ်။ စစ်သက် (၁၀)နှစ်လောက်ဆို မြန်မာပြည် နှံ့သွားပြီပေါ့။

ဒီစည်းကမ်းဟာ အကျိုးထက် အပြစ်ကပိုများပါတယ်။ တပ် ခဏခဏပြောင်းကြရတဲ့ အရာရှိတွေ ခမျာ ဘယ်နေရာမှာမှ နေသားကျအောင် မနေရတဲ့အတွက် နယ်မြေကျွမ်းကျင်မှုမရ၊ ကိုယ့်လက်အောက်က ရဲဘော်တွေအကြောင်း၊ နယ်မြေခံလူထုနဲ့ ရန်သူအကြောင်းကို လေ့လာချိန် မရကြရှာဘူး။ အဲဒီလို နယ်မြေ ကျွမ်းကျင်မှု မရှိတဲ့၊ ကိုယ့်ရဲဘော်တွေ အကြောင်းရော ရန်သူအကြောင်းရော ကောင်းကောင်းနားမလည်တဲ့ အရာရှိ အမိန့်ကို နာခံရတဲ့ ရဲဘော်တွေဟာ မနာသင့်ဘဲနာ၊ မသေသင့်ဘဲသေ ဆိုတာမျိုး မကြာခဏ ကြုံကြရတယ်။

ဒီအကြောင်းကို ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းလာတဲ့ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ မသိဘဲ မနေပါဘူး။ ဒါဆိုရင် ဒီစည်းကမ်း ဘာလို့ တည်မြဲနေသလဲ။ သမိုင်းပေး သင်ခန်းစာကြောင့်လို့ ဆိုပါတယ်။ လွတ်လပ်ရေး ရခါစ ရောင်စုံသူပုန်တွေ ထကြွတဲ့ အချိန်တုံးက တပ်မတော်ထဲက တပ်ရင်း လိုက် တောခိုသွားတာ အတော်များများ ရှိခဲ့ပါတယ်။ အဲဒီလို တောခိုတဲ့ကိစ္စတွေမှာလဲ များသောအားဖြင့် တကယ် တောခိုတာက  တပ်ရင်းမှူး ဖြစ်ပြီး လက်အောက်ခံ ရဲဘော်တွေကတော့ ခေါင်းဆောင် အမိန့်နာခံ ရင်း သူပုန် ဖြစ်မှန်းမသိ ဖြစ်ကုန်ကြရတာပါတဲ့။ အဲဒီအဖြစ်ကို သင်ခန်းစာယူပြီးတော့ အရာရှိတွေ ကိုယ် တာဝန်ထမ်းဆောင်တဲ့ တပ်အတွင်းမှာ ပုဂ္ဂိုလ်ရေးအရ သြဇာအာဏာ ထူထောင်လို့ မရနိုင်အောင် ဒီစည်းကမ်းကို လုပ်ထားခဲ့တာလို့ ဆိုပါတယ်။

အဲဒီတော့ စဉ်းစားကြည့်ပါ။ ကိုယ့်တပ်ထဲက အရာရှိတွေကိုတောင် ခဏခဏ တပ်ပြောင်းခိုင်းတဲ့ စည်းကမ်းမျိုး ကျင့်သုံးတဲ့ တပ်မတော်ဟာ နယ်ခြား စောင့်တပ်တွေကို တိုက်ရိုက် အုပ်ချုပ်ခွင့်မရဘဲ ဘယ်လို လုပ်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ။ အဲဒီလို ယုံကြည် စိတ်ချနိုင်မှု မရှိတာကြောင့်ပဲ နယ်ခြား စောင့်တပ် အစီအစဉ် မအောင်မြင်ဘဲ ဖြစ်ခဲ့ရတာပါ။

(လွတ်လပ်ရေး ခေတ်ဦးမှာ တပ်ရင်းမှူး ခေါင်းဆောင်မှုနောက်လိုက်ရင်း စစ်သည်တွေ သူပုန်ဖြစ်မှန်းမသိ ဖြစ်ကုန်တာ အမှန် ဖြစ်ခဲ့ပေမယ့် ဒီဖြစ်ရပ်ကို ကြည့်ပြီး တပ်မတော်ခေါင်းဆောင်တွေ သင်ခန်းစာ ယူခဲ့ပုံကတော့ မှားယွင်း တယ်လို့ ယူဆပါတယ်။ တိုင်းပြည်တပြည်ရဲ့ စစ်တပ်ဆိုတာဟာ မိုးကျရွှေကိုယ်မဟုတ်ပါဘူး၊ ဒီတိုင်းပြည်ထဲက ပြည်သူ ပြည်သားတွေနဲ့ပဲ တည်ဆောက်ထားတာပါ။ 
ကြီးမားနက်ရှိုင်းတဲ့ နိုင်ငံရေး ပြဿနာတွေကြောင့် ပြည်သူလူထု အကြား ညှိမရအောင် ကွဲကြတဲ့ အခါ လူထဲကလူ၊ ပြည်သူထဲကပြည်သူသာ ဖြစ်တဲ့ စစ်တပ်ပါ လိုက်ကွဲရတာဟာ မဆန်းပါဘူး၊ စစ်ခေါင်းဆောင်တွေရဲ့ အပြစ်လဲ မဟုတ်ပါဘူး။ ဒါပေမယ့် နောက်ထပ် ဒီလို မကွဲရအောင် ဆိုပြီး စစ်တပ်နဲ့ မသင့်တော်တဲ့ စည်းကမ်းဥပဒေမျိုးကို ထုတ်ပြန်ကျင့်သုံးတာကတော့ စစ်ခေါင်းဆောင်တွေရဲ့ အမှား လုံးလုံး ဖြစ်ပါတယ်။

ပုံစံယှဉ်ပြရရင် ဒီမိုကရေစီ ဘိုးအေကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံကိုပဲ ကြည့်ပါ။ (၁၉) ရာစုတုံးက ကျေးပိုင် ကျွန်ပိုင်စံနစ် ဆက်ထားသင့်မသင့်ကိစ္စနဲ့ ပတ်သက်လို့ ညှိမရအောင် သဘောထားကွဲကြတဲ့အခါ တောင်ပိုင်း ပြည်နယ်တွေက အမေရိကန်ပြည်ထောင်စုက ခွဲထွက်ဖို့ ဆုံးဖြတ်ကြတဲ့အတွက် စစ်တပ်ပါ (၂) ခြမ်းကွဲပြီး ပြည်တွင်း စစ် အကြီးအကျယ် ဖြစ်ခဲ့ပါတယ်။ စစ်ကာလ (၄) နှစ်အတွင်းမှာ နှစ်ဖက်စစ်သား ခန့်မှန်းခြေ (၇) သိန်းခွဲ လောက် ကျဆုံး ခဲ့ပါတယ် (တိုက်ပွဲမှာ ပွဲချင်းပြီး ကျဆုံးတာကိုက (၂) သိန်းကျော် ရှိတယ်၊ ကျန်တာက ဒဏ်ရာရလို့ တိုက်ပွဲ ပြီးမှ ကျဆုံးတာ၊ ဒဏ်ရာကနေ အဖျားအနာရောဂါဝင်ပြီး သေကြတာတွေ ဖြစ်ပါတယ်။ ဒါ အရပ်သားတွေ သေတာ မပါသေးဘူးနော်။ အဲဒီစစ်ပွဲမျိုးနဲ့ နှိုင်းယှဉ်ကြည့်ရင် မြန်မာပြည်က ပြည်တွင်းစစ် ဆိုတာ ကြက်တိုက်ပွဲ သာသာပဲ ရှိတယ်)။ အဲဒီလောက် ကြီးကျယ်တဲ့ စစ်ပွဲအပြီး  နိုင်ငံကို ပြန်ထူထောင်ကြတဲ့အခါကျတော့ အဓိက ပြုပြင် ပြောင်းလဲ မှုတွေ လုပ်ကြတာ နိုင်ငံရေးအပိုင်းမှာ ဖြစ်ပါတယ်၊ လူသိအများဆုံးကတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ချက် (၃) ခုထည့်ခဲ့တာပါ။ 
စစ်တပ်ကွဲတဲ့ ကိစ္စမျိုး ထပ်မဖြစ်ရအောင် အရာရှိတွေကို ခဏခဏ တပ်ပြောင်း ခိုင်းတဲ့ စည်းကမ်းမျိုးတော့ မြန်မာပြည်မှာလို ဖြစ်မလာပါဘူး။ ဒါပေမယ့်  နိုင်ငံ ညီညွတ်မှုကို နိုင်ငံရေးနည်းနဲ့ ထိန်းသိမ်း နိုင်တဲ့အတွက် ကမ္ဘာစစ် (၂)ခု တိုက်ပြီးတာတောင် အမေရိကန်စစ်တပ်ဟာ ညီညွတ်ဆဲပါပဲ။

ဒီနေရာမှာ “ဒီလို စည်းကမ်းမျိုး အခြားတပ်မတော်တွေမှာ မရှိပေမယ့် ဒီလို ထိန်းချုပ်ထားတဲ့အတွက် (၁၉၈၈) အရေးအခင်း၊ (၂၀၀၇) သံဃာ့အရေးအခင်းမျိုး ကြုံခဲ့တာတောင် စစ်တပ်ဟာ ညီညွတ်မှု မပျက်ခဲ့ဘူး၊ ဒါကိုက ဒီစည်းကမ်းရဲ့ အကျိုးပဲ လို့ တပ်မတော် ခေါင်းဆောင်များက ချေပချင်ပါလိမ့်မယ်။ မှန်ပါတယ်၊ ဒါပေမယ့် စဉ်းစားကြည့်ပါဦး။ ကိုယ့်တပ်ထဲ ညီညွတ်နေရုံနဲ့ မပြီးပါဘူး။ 
တိုင်းပြည်သာ အေးချမ်းညီညွတ်နေမယ်၊ နိုင်ငံရေး ပြဿနာ ကြီးကြီးမားမား မရှိဘူး ဆိုရင် အခု တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လက်နက်မကိုင်ပဲ ကောင်းရောင်း ကောင်းဝယ် လုပ်ကိုင်စားသောက်သူတွေ၊ ဒါမှမဟုတ် ၀ါသနာပါရင် ပြည်ထောင်စုတပ်မတော်ထဲမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်သားကောင်းတွေ ဖြစ်နေမှာပဲ။ အဲဒီလိုလူတွေက လက်နက်ကိုင်ပြီး တော်လှန်နေတယ်ဆိုတာ ကိုက တကယ်ရှိသင့်တဲ့၊ တကယ် ရှိရမယ့် ပြည်ထောင်စု တပ်မတော်ကြီး အစိတ်စိတ်အမွှာမွှာ ကွဲနေတဲ့ သဘော ပါပဲ။)

အဲဒါဆိုရင် ဘယ်လိုလုပ်သင့်သလဲ။ တိုင်းရင်းသားအခွင့်အရေးတွေ အပြည့်အ၀ ရမှသာ တိုင်းရင်းသား အဖွဲ့တွေက လက်နက် စွန့်မှာ ဖြစ်တဲ့အတွက် အဲဒီ အခွင့်အရေးတွေ အပြည့်အ၀ ပေးနိုင်အောင် (၂၀၀၈) ဥပဒေကို ပြင်မှ ဖြစ်မယ်လို့ ယူဆသူ များပါတယ်။ ဒါပေမယ့် အခုထိ ဘယ်သူမှ မပြင်နိုင်ကြ သေးဘူး။ အဲဒီတော့ ထိုင်စောင့်နေရမယ့်အတူတူ လက်ရှိ ဒီ ဥပဒေဘောင်ထဲမှာပဲ လုပ်လို့ရတာကို လုပ်ကြရမှာပါ။ လုပ်လို့ ရတာတွေ ရှိပါတယ်။

လက်ရှိအချိန်မှာ လုပ်လို့ ရတဲ့ လုပ်ငန်းစဉ်များ
ပထမဆုံးလုပ်သင့်တာက တိုင်းရင်းသားတပ်ဖွဲ့တွေကို လက်ရှိအနေအထားအတိုင်း နယ်ခြားစောင့် တပ်များအဖြစ် ကာကွယ်ရေးဦးစီးချုပ်က အသိအမှတ် ပြုပေးဖို့ ဖြစ်တယ်။ တိုင်းရင်းသားတွေဖက်က တံဆိပ် လောက်တော့ ပြောင်းပေးရမှာပေါ့။ လက်ရှိ တိုင်းရင်းသားတပ်ဖွဲ့ တွေကို ဟောသလို ကမ်းလှမ်း သင့်ပါတယ်။

“ဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ် လက်အောက်ရှိမှသာ ဖထီးတို့ တပ်က တရားဝင်မှာ။ ဒါကြောင့် ဖထီး တို့ကို နယ်ခြားစောင့်တပ်အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က အသိအမှတ်ပြုပေးမယ်။ တံဆိပ်တော့ ပြောင်းတပ်ပေးပါ။ ဒါပေမယ့် ကျွန်တော်တို့ဖက်က ဖထီးတို့တပ်ထဲ လာရောက်စွတ်ဖက်တာ မရှိစေရဘူး။ ဖထီးတို့ အရင်တုံးကလိုပဲ ကိုယ့်နေရာကိုယ်နေပြီး ပြည်သူကို စောင့်ရှောက်ပါ၊ စီးပွားရေး၊ ပညာရေး တိုးတက်အောင် လုပ်ပေးပါ။ နိုင်ငံတော်ကလဲ တတ်နိုင်သလောက် ပံ့ပိုးပေးမယ်။ တိုင်းရင်းသား အခွင့် အရေးကိစ္စ ကတော့ နိုင်ငံရေး  ပြဿနာ ဖြစ်လို့ နိုင်ငံရေးသမားတွေ ဖြေရှင်းကြပါစေ။ နိုင်ငံရေး ဖက်က ပြေလည်ရင် တပ်ကိစ္စက စီစဉ်ရတာ မခက်ပါဘူး။ နိုင်ငံရေးမပြေလည် လို့ ပြန်တိုက် ချင်တယ် ဆိုလဲ နယ်ခြားစောင့်တံဆိပ်ဖြုတ်ပြီး မူရင်း တံဆိပ် ပြန်တပ်တာ ငါးမိနစ် မကြာ ပါဘူး။”

တံဆိပ်ပြောင်းရုံနဲ့ ဘာထူးမှာလဲ မေးစရာ ရှိတယ်။ သိပ်ထူးတာပေါ့။ ကာကွယ်ရေး ဦးစီးချုပ်က နယ်ခြား စောင့်တပ်အဖြစ် အသိအမှတ် ပြုလိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေရော (ဥပမာ KIA)၊ သူတို့နဲ့ ဆက်စပ်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေပါ (ဥပမာ KIO) မတရားသင်း ပုဒ်မနဲ့ လွတ်ပြီး တရားဝင် အဖွဲ့အစည်းတွေ ဖြစ်သွားပြီ။ အဲဒီလို အခြေအနေ ရောက်တာနဲ့ ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းကို စလို့ရပြီ။ အဲဒီလုပ်ငန်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆိုပြီး (၃) ပိုင်းပါသင့်ပါတယ်။

(၁) နိုင်ငံရေး။ ။ ပထမဆုံး လုပ်သင့်တာက ဆိုင်ရာ ပြည်နယ်လွှတ်တော်တွေမှာ တပ်မတော်က ယူထား တဲ့ (၂၅) ရာခိုင်နှုန်း အမတ် နေရာထဲက အချို့အ၀က်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေ အတွက် ခွဲဝေပေးဖို့ ဖြစ်ပါတယ်။ 
ဘယ်နှစ်နေရာပေးမယ်ဆိုတာကတော့ အကြေအလည် ဆွေးနွေးပြီး တိုင်းရင်း သား နယ်ခြားစောင့်တပ်ဖွဲ့က အမည်စာရင်းတင်သွင်း၊ ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမှာပါ။ ဒီလို ခန့်အပ်လိုက်တဲ့ အတွက် ကိုယ့်ပြည်နယ်ကိစ္စ၊ ဒေသခံပြည်သူ့ကိစ္စတွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ပြောရေးဆိုခွင့်၊ မဲပေးခွင့် ရှိသွားသလို ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ဒူးတိုက်ဆွေးနွေးလို့ရ၊ အလုပ်အတူလုပ်လို့ ရတဲ့ အခြေအနေကို ရောက်သွားမှာပါ။

နောက်ပြီး ပြည်သူ့လွှတ်တော်ထဲမှာလဲ တပ်မတော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်းရထားတဲ့ အထဲက တိုင်းရင်းသား လက်နက်ကိုင် တစ်ဖွဲ့ကို တစ်ဦးစီ၊ ဒါမှမဟုတ် နှစ်ဦးစီ ခန့်အပ်ပေးသင့်ပါတယ်။ သူတို့က လိုအပ်သလို ပြည်ထောင်စုအစိုးရနဲ့ ဆွေးနွေးနိုင်တယ်၊ အခြားလွှတ်တော် ကိုယ်စားလှယ် တွေနဲ့လဲ ဆွေးနွေးနိုင်တယ်၊ မဲလဲ ပေးနိုင်တယ်။ အခုကချင်ဒေသ စစ်ပွဲကိစ္စမျိုးဆိုရင် ဒေါ်စု ကြားဝင်ပေးပါ လို့ အထူး ပြောစရာမလို၊ လွှတ်တော်ထဲ နေ့တိုင်းတွေ့နေရမှာကိုး။ (စာရေးသူ အထင် တကယ်လို့သာ ပြည်နယ် လွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေထဲမှာ KIA ကိုယ်စားလှယ်သာ နဂိုကတည်းက ပါခွင့် ရခဲ့မယ်ဆိုရင် ကချင်ဒေသမှာ ဒီလောက် အခြေအနေဆိုးခဲ့မှာ မဟုတ်ဘူး။)

တခုရှိတာကတော့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေကို ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုပေမယ့် သူတို့ အမြင်နဲ့သူတို့ လွတ်လွတ်လတ်လတ် ပြောဆိုဆွေးနွေးမဲပေး ကြမှာ ဖြစ်တယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေလိုတော့ ဦးစီးချုပ်အမိန့်အတိုင်း တသွေမတိမ်း လိုက်နာမှာ မဟုတ်ဘူး။ ဒါကိုတော့ ကာကွယ်ရေးဦးစီးချုပ်က နားလည်ပေးနိုင်ရမှာပါ။

နောက်ပြီး တိုင်းရင်းသားတပ် ကိုယ်စားလှယ်တွေ ပြည်သူ့လွှတ်တော်ထဲ ရောက်သွားတာကို တပ်မတော် ဖက်က ဒေသခံ တပ်တွေက ကျေနပ်ပါ့မလားလို့ မေးစရာ ရှိတယ်။ ဒါကတော့ စဉ်းစား ကြည့်ပါ။ တကယ် ပြဿနာ ဖြစ်လာတဲ့ အချိန်မှာ ဒေသခံ တပ်တွေနဲ့ ပြီးလေ့မရှိပါဘူး။ ဟိုတပ်မ၊ ဒီတပ်မ စစ်ကူခေါ်ကြရတာပါပဲ။ အဲဒီတော့ အစကတည်းက ပြဿနာမဖြစ်အောင် တားဆီးဖို့  ပြည်သူ့လွှတ်တော်ထဲ သူတို့ကိုယ်စားလှယ် ခေါ်ထားတာကို ကြည်ဖြူသင့်ပါတယ်။

နောက်ပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အရပ်သားနိုင်ငံရေး အဖွဲ့အစည်းတွေ (ဥပမာ KIO, NMSP) ကိုလဲ နိုင်ငံရေးလုပ်ခွင့်၊ ရွေးကောက်ပွဲဝင်ခွင့် ပေးနိုင်ရမယ်။ (KIOက လာတဲ့ ဒေါက်တာ တူးဂျာကို အရင်အစိုးရက ရွေးကောက်ပွဲ ၀င်ခွင့် မပေးခဲ့တာဟာ ဥပဒေအရ မှန်ချင်မှန်မယ်၊ နိုင်ငံရေး ရှုထောင့်က ကြည့်ရင်တော့ အင်မတန် ကြီးမားတဲ့ အမှားလို့ စာရေးသူ မြင်ပါတယ်။) သူတို့ ဖက်ကလဲ ကိုယ့်တိုင်းရင်းသား အကျိုး အတွက် တကယ် လုပ်နေပါတယ်ဆိုရင် NLD၊ ပြည်ခိုင်ဖြိုး စတဲ့ ပါတီကြီး တွေနဲ့ ယှဉ်ပြီး ကိုယ့်ပြည်သူရဲ့ ဆန္ဒမဲ အဆုံးအဖြတ်ကို ခံယူရဲရပါမယ်။ ယူနီဖေါင်းဝတ် သေနတ်ကိုင်ထား လို့ ရွေးကောက်ပွဲဝင်လို့မရတာတော့ ထားပေါ့။ အရပ်သား နိုင်ငံရေးအဖွဲ့အစည်း ဖြစ်ပါရက်နဲ့ ရွေးကောက်ပွဲ မ၀င်ရဲရင် သူတို့ပြောတဲ့ “တိုင်းရင်းသား အကျိုးအတွက် လုပ်နေတာပါ” ဆိုတဲ့ စကားဟာ သံသယရှိစရာ ဖြစ်သွားပြီ။

(၂) စီးပွားရေး။       ။ ၀န်ကြီး ဦးအောင်မင်းက KNU ဥက္ကဋ္ဌကို ”အကောက် မကောက်ပါနဲ့၊ စီးပွားရေးလုပ်ပါ” လို့ ပြောသတဲ့။ ဒီစကားကို  စာရေးသူ အပြည့်အ၀ထောက်ခံပါတယ်။ အစိုးရတပ်ကပဲ ဖြစ်ဖြစ်၊ တိုင်းရင်းသားတပ်ကပဲ  ဖြစ်ဖြစ် ယူနီဖေါင်းဝတ်၊ သေနတ်ကိုင်ပြီး ပိုက်ဆံ တောင်းတဲ့သူကို ပြည်သူတွေ သိပ်အထင်သေးတယ်။  စစ်သားတယောက်ရဲ့ လက်ဟာ စစ်ဖြစ်ချိန်မှာ သေနတ်ကိုင်ရတာ မှန်ပေမယ့် ငြိမ်းချမ်းချိန်မှာ ပြည်သူကို ကူညီတဲ့လက်၊ ပေးကမ်း တဲ့လက်သာ ဖြစ်သင့်တယ်၊ တောင်းတဲ့လက် မဖြစ်သင့်ဘူး။ နောက်ပြီး ဆက်ကြေး ကောက်တယ် ဆိုတာ ကိုယ့်နယ်မြေထဲ နေထိုင်သူတွေ၊ ဖြတ်သန်း သွားသူတွေ၊ စီးပွားရေးလုပ်သူတွေဆီက ကောက်တာ ဖြစ်လို့ နယ်မြေ ကျယ်လေလေ အချက်အခြာ ကုန်သွယ်ရေး လမ်းကြောင်းတွေကို အုပ်စီးထားနိုင်လေလေ အကောက် များများ ရလေ ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးကို ခွင့်ပြုထားရင် အစိုးရတပ်နဲ့ တိုင်းရင်းသား တပ် အကြား၊ ဒါမှမဟုတ် တိုင်းရင်းသား တပ် အချင်းချင်း နယ်လု စစ်ပွဲတွေ ဖြစ်အောင် တွန်းပို့ သလို ဖြစ်နေတယ်။  ဒါကြောင့် ၀ါးလုံးတားပြီး အကောက် ကောက်တဲ့ အလုပ်မျိုး၊ ကုမ္ပဏီဝင်ပြီး ဆက်ကြေး တောင်းတဲ့ အလုပ်မျိုးကို အစိုးရတပ်ရော၊ တိုင်းရင်းသား တပ်တွေပါ မလုပ်သင့်တော့ ပါဘူး။

ဒါဆိုရင် စီးပွားရေးရော လုပ်သင့်လို့လားလို့ မေးစရာ ရှိတယ်။ ဟုတ်ပါတယ်၊ စီးပွားရေး လုပ်တာလဲ စစ်သားအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် ဆိုင်ရာ  တပ်ဖွဲ့ဝင်တွေသာမက သူတို့ မိသားစုတွေရဲ့ စားဝတ်နေရေးက ရှိသေးတာကိုး။  အစိုးရတပ် ကိုယ်တိုင်က ဦးပိုင်ကုမ္ပဏီ ထောင်ပြီး စီးပွားရှာနေတဲ့ အချိန်မှာ  တိုင်းရင်းသားတပ်တွေ စီးပွားရေးလုပ်တာကို တားမြစ် လို့ ဘယ်တရားမှာလဲ။ လုပ်ခွင့်ပေးရမှာပဲ။

ဒါပေမယ့် စီးပွားရှာတယ်ဆိုတာလဲ အပြိုင်အဆိုင် လုပ်ရတာမျိုးဆိုတော့ အစိုးရတပ်နဲ့ တိုင်းရင်းသားတပ်၊ ဒါမှမဟုတ် တိုင်းရင်းသားတပ် အချင်းချင်း စီးပွားရေး စားကွက် လုတာ၊ ခွက်စောင်း ခုတ်တာတွေ ရှိလာနိုင် တာပဲ။ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့အတွက်ကို ပြည်နယ် လွှတ်တော်၊ ပြည်သူ့ လွှတ်တော်တို့ထဲမှာ တိုင်းရင်းသားတပ်က ကိုယ်စားလှယ်တွေ ထည့်ထားသင့်တယ်လို့ ပြောခဲ့တာပါ။

(၃) စစ်ရေး။   ။ ငြိမ်းချမ်းရေး ယူလိုက်ပြီ ဆိုတာနဲ့ စပြီး ဆွေးနွေးကြမှာကတော့ နယ်မြေကိစ္စပါ။ စစ်သား ဆိုတာမျိုးကလဲ မြေတလက်မကို အသက်တချောင်း ဆိုသလို ရင်းပြီး တိုက်ယူထားရတဲ့ ကိုယ့်ပိုင်နက် နယ်မြေကို အလွန်တန်ဖိုးထားတာ ဖြစ်လို့ နယ်မြေကိစ္စ ဆိုတာ ဆတ်ဆတ်ထိ မခံ၊ အတိမ်းအစောင်း မခံတဲ့ ကိစ္စမျိုးပါ။ တဖက်က ကြည့်ပြန်တော့ နှစ်ဖက်တပ်တွေ သိပ်နီးကပ်နေရင် အထင်လွဲမှားပြီး ပစ်ခတ် တဲ့ ကိစ္စက မကြာခဏ ဖြစ်နေမှာမို့ သူလဲဆုတ်၊ ကိုယ်လဲဆုတ် အပေးအယူ လုပ်ကြရမှာပါ။  ဒါပေမယ့် နယ်မြေ ကိစ္စဟာ ငြိမ်းချမ်းရေးလုပ်ခါစ လောက်သာ အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးယူပြီးသား တပ်ချင်း နောင်အခါ ပြန်တိုက်ကြတယ်ဆိုတာ များသောအားဖြင့် နိုင်ငံရေး၊ စီးပွားရေး အကြောင်းတွေကြောင့် ဖြစ်ပါတယ်၊ နယ်မြေကိစ္စ သက်သက်ကြောင့်တော့ ဖြစ်ခဲပါတယ်။  နိုင်ငံရေး၊ စီးပွားရေးကိစ္စတွေကို အဆင်ပြေအောင် လုပ်ထားနိုင်ရင် ငြိမ်းချမ်းရေး ပျက်ဖို့ ခဲယဉ်းပါတယ်။

တခု စဉ်းစားရမှာက လူသစ် စုဆောင်းတဲ့ ကိစ္စပါ။ လူငယ်တွေ ကိုယ့်သဘောနဲ့ ကိုယ် စစ်ထဲ ၀င်တာကို ဘာမှ ပြောစရာ မရှိပေမယ့် အတင်း အဓမ္မ ချောဆွဲပြီး စစ်မှုထမ်းခိုင်းတဲ့ ကိစ္စကိုတော့ နှစ်ဖက် လုံးက မလုပ်သင့်ပါဘူး။ ဒါက ကိုယ့်ပြည်သူကို စိတ်ဆင်းရဲအောင် လုပ်ရာ ရောက်တဲ့အပြင် တပ်အတွက် လဲ မကောင်းပါဘူး။ အမေရိကန်နိုင်ငံဆိုရင် စစ်မှုမထမ်းမနေရ ဥပဒေရှိပေမယ့် ဗီယက်နမ်စစ်ပွဲ ရှုံးတဲ့ အချိန်က စပြီး အဲဒီဥပဒေကို လက်တွေ့ မကျင့်သုံးတော့လို့ အခုလက်ရှိ အမေရိကန် စစ်တပ်ဟာ ကိုယ့် သဘော နဲ့ကိုယ် စစ်ထဲဝင်လာသူ volunteer တွေနဲ့သာ ဖွဲ့စည်းထားတဲ့တပ် ဖြစ်နေပါပြီ။ ဘာဖြစ်လို့ အဲဒီလို လုပ်ရသလဲ။ ဥပဒေနဲ့ အတင်း ချောဆွဲပြီး စစ်ထဲ ရောက်လာသူတွေဟာ အများအားဖြင့် စစ်မြေပြင် မှာ သုံးစားလို့ မရတာကို ဗီယက်နမ် စစ်ပွဲမှာ ကိုယ်တွေ့ သိလိုက်ရလို့ ဖြစ်ပါသတဲ့။ မြန်မာပြည် (တပ်မတော်/ တိုင်းရင်းသား) စစ်ခေါင်းဆောင်တွေကတော့ ဘယ်လိုယူဆမလဲ မပြောတတ်ပါ။

ဒါပေမယ့် တပ်မတော်က လက်ခံနိုင်ပါ့မလား
အထက်မှာ ပြောခဲ့တဲ့ လုပ်ငန်းစဉ်တွေကို လက်ရှိ တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ ရုတ်တရက်တော့ လက်ခံနိုင်ဖို့ မလွယ်ဘူး။ ဘာလို့လဲ ဆိုတော့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေချိန်မှာ ပြဿနာ မရှိလှပေမယ့် အခု KIA နဲ့ ဖြစ်ခဲ့သလို တိုင်းရင်းသား တစ်ဖွဲ့ဖွဲ့နဲ့ စစ်ရေးတင်းမာလာတဲ့ အချိန် မျိုးမှာ အဲဒီအဖွဲ့ ကိုယ်စားလှယ်တွေ ပြည်နယ် လွှတ်တော်ထဲ၊ ပြည်သူ့ လွှတ်တော်ထဲ ရှိနေရင် တပ်မတော်ဟာ စစ်ရေး အရရော၊ နိုင်ငံရေးအရပါ နှစ်ဖက်ညှပ် အတိုက်ခံရတဲ့အခြေအနေ ရောက်သွား နိုင်လို့ပဲ။ စစ်မျက်နှာ (၂) ဖက်ဖွင့်ပြီး တိုက်ရတာကို ဘယ်စစ်ခေါင်းဆောင်မှ မကြိုက်ဘူး။

ဒါပေမယ့် စဉ်းစားကြည့်ပါဦး။  စစ်အုပ်ချုပ်ရေး ကနေ (၂၀၀၈) ဥပဒေနဲ့ အရပ်သား အုပ်ချုပ်ရေး ကို ပြောင်းလိုက်တာနဲ့ နိုင်ငံရေး စစ်မျက်နှာဟာ ပွင့်သွား ခဲ့ပါပြီ။   ပြည်နယ်အဆင့် ဖြစ်ဖြစ်၊ ဗဟိုအဆင့် ဖြစ်ဖြစ် လွှတ်တော်ဆိုတာ အယူဝါဒကွဲပြားဆန့်ကျင်တဲ့သူတွေ လွန်ဆွဲအားပြိုင်နေတဲ့ နိုင်ငံရေး စစ်မြေပြင် ပါပဲ။ အစိုးရနဲ့ လွှတ်တော် သဘောထားကွဲတာတွေ၊ လွှတ်တော် ထဲမှာ အာဏာရပါတီနဲ့ အတိုက်အခံ ပါတီ သဘောထား ကွဲတာတွေ၊ အာဏာရ ပါတီတခုထဲမှာကို (ဦးဆန်းဆင့်နဲ့ ဦးဌေးဦးတို့လို) သဘောထား ကွဲကြတာတွေ လူသိရှင်ကြား တွေ့ခဲ့ရပြီး ဖြစ်ပါတယ် (လူမသိတဲ့ အကွဲအပြဲတွေလဲ ဘယ်လောက် တောင် ဖြစ်ခဲ့လဲ မသိဘူး)။ တပ်မတော် အနေနဲ့ နိုင်ငံရေး စစ်မျက်နှာ မဖွင့်ချင်လို့ အစကတည်းက လွှတ်တော်ထဲ မပါဘဲ နိုင်ငံရေး သမား တွေနဲ့ လွှဲထားတယ် ဆိုရင်တော့ တမျိုးပေါ့။ အခုကျတော့ လွှတ်တော်ထဲ ကိုယ်စားလှယ် နေရာ (၂၅) ရာနှုန်း ယူထားတယ် ဆိုတဲ့အတွက် နိုင်ငံရေး စစ်မြေပြင်မှာ အသင့်နေရာ ယူထားတဲ့ သဘောပဲ။ စစ်မြေပြင်မှာ နေမှတော့ စစ်လဲ တိုက်နိုင်ရမှာပေါ့။ ဒါ လွှတ်တော်ထဲ ရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ တာဝန်ဖြစ်ရမှာပဲ။

အခု KIA နဲ့ ဖြစ်ခဲ့တဲ့ ပြဿနာမျိုးဆိုပါတော့။ သွေးမြေမကျခင် ပြဿနာ ပြေလည်အောင်၊ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုရင်တောင် ငြိမ်းချမ်းရေးကို အမြန်ပြန်လည်တည်ဆောက်နိုင်အောင် တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ တိုင်းရင်းသားတပ်ဖွဲ့ ကိုယ်စားလှယ်တွေနဲ့ အပြိုင် အခြား လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေကို စည်းရုံးဖို့ ကြိုးစားရမှာပေါ့။ ဒါမှလဲ စစ်မြေပြင်မှာ အသက်သွေးချွေးတွေ ပေးဆပ်ရမယ့်၊ ပေးဆပ်နေဆဲဖြစ်တဲ့ ကိုယ့် ရဲဘော်ရဲဘက် အရာရှိ စစ်သည်တွေ အပေါ် ကူညီစောင့်ရှောက်ရာ ရောက်မှာပါ။

စည်းရုံးရတာတော့ ဟုတ်ပါပြီ၊ ဘာလို့ “အပြိုင် စည်းရုံးရမှာလဲလို့ မေးစရာ ရှိပါတယ်။ လူ့သဘာဝကိုက တဖက်သတ်စကားဆို နားဝင်လေ့မရှိလို့ပါ။  အနီးဆုံး ဥပမာ ပေးရရင် စစ်အစိုးရ လက်ထက်တုံးက ပြည်တွင်းအတိုက်အခံ တွေကို ပါးစပ်ပိတ်ထားပြီး အစိုးရပိုင် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင် သံကြားတွေထဲကနေ နှစ်ပေါင်းများစွာ ပြည်သူကို စည်းရုံးလိုက်တာ ဘာများ အောင်မြင်ခဲ့သလဲ။ လူတွေဟာ ဘီဘီစီ၊ ဗွီအိုအေလို ပြည်ပအသံလွှင့် ဌာနတွေက သတင်းတွေကိုမှ ယုံကြည်ပြီး အစိုးရက မှန်တာ တရားဝင် ပြောရင်တောင် မယုံကြည် ကြတော့တဲ့ အထိ ဖြစ်ကုန်တယ်။ အဲဒါ တဖက်သတ် စည်းရုံးရေး လုပ်ခဲ့လို့ ဖြစ်ခဲ့တဲ့ ဆိုးကျိုးတွေ။

အမှန်က ကိုယ့်စကားကို သူများနားဝင်စေချင်ရင် ကိုယ်နဲ့ အယူဝါဒမတူ ဆန့်ကျင်သူတွေကိုလဲ ပြောခွင့် ပေးရပါတယ်။ အခု နာမယ်ကြီးနေတဲ့ ဒေါက်တာဆိတ်ဖွား ကိစ္စ ကြည့်ပေါ့။ သူရေးတာ ဖတ်တဲ့လူ မရှိဘူး ဆိုရင် လွှတ်တော်က ဘယ်ဂရုစိုက်နေပါ့မလဲ။ သူ့ ပရိသတ်နဲ့သူ အားပေးဖတ်ရှုနေတဲ့သူတွေ အခိုင်အမာ ရှိနေလို့သာ လွှတ်တော်မှာ အဆိုတင်ခံရတဲ့ အခြေအနေထိ ရောက်ရတာကိုး။ သူ ဘယ်သူ ဘယ်ဝါဆိုတာ မသိရပေမယ့် အတိုက်အခံထဲက မဟုတ်ဘဲ  အစိုးရဌာနတခုခုက လူကြီး ဖြစ်နိုင်တယ် ဆိုတာ၊ အစိုးရအနေနဲ့ တရားဝင် ထုတ်ပြောလို့ မဖြစ်တဲ့ သဘောထား အာဘော် တွေကို တဖက်လှည့်နဲ့ တင်ပြနေတယ် ဆိုတာတော့ သေချာ သလောက် ရှိပါတယ်။ အရင် အစိုးရ လက်ထက် မှာဆို ဒီလိုလူမျိုး ဘယ်လောက် စာရေး ကောင်းကောင်း ပရိသတ် ရှိမှာ မဟုတ်ဘူး။ ဒါဖြင့် အခု ဘာလို့ ဒေါက်တာဆိတ်ဖွား မှာ ပရိသတ် ရှိနေရသလဲ။ ရှင်းရှင်း လေးပါ။ အတိုက်အခံ မီဒီယာတွေ ရှိနေတဲ့အတွက် နှစ်ဖက်စကား ချိန်ထိုးချင်သူတွေက ဒေါက်တာ ဆိတ်ဖွားရေးတဲ့ စာတွေကို ဖတ်ကြလို့ ပရိသတ်ရှိနေတာ ဖြစ်ပါတယ်။

အခုလဲ ဒီသဘောပါပဲ။ အခု ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ဆိုတာ တချိန်က တပ်မတော်နဲ့ သူသေကိုယ်သေ တိုက်ခဲ့သူတွေ ဖြစ်တယ်၊ နိုင်ငံရေးအရ အလုံးစုံ ပြေလည်မှု မရခင်မှာ အခန့်မသင့်ရင် အခု KIA နဲ့ တိုက်သလို ပြန်လည်တိုက်ခိုက်ရမယ့် သူတွေလဲ ဖြစ်တယ် ဆိုတာ မငြင်းလိုပါဘူး။ ဒါပေမယ့် အဲဒီ တပ်ဖွဲ့တွေရဲ့ အသံတွေ၊ သဘောထား အမြင်တွေကို  လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက တိုက်ရိုက်နားထောင်ခွင့်၊ ပြန်လှန် ဆွေးနွေးခွင့် ရမှသာ တပ်မတော်ရဲ့ အသံ၊ တပ်မတော်ရဲ့ သဘောထားအမြင်တွေကိုလဲ နိုင်ငံရေး လောကမှာ၊ အောက်ခြေလူထုအထဲမှာ တလေးတစား နားထောင် စဉ်းစားကြမှာပါ။ ဒါက တပ်မတော် ခေါင်းဆောင်များ ချင့်ချိန်နိုင်ဖို့ တင်ပြတာ ဖြစ်ပါတယ်။

အနာဂတ် ပြည်ထောင်စု တပ်မတော်
အခုပြောခဲ့တာတွေက (၂၀၀၈) ဥပဒေဘောင်အတွင်းက အခုဆန္ဒရှိရင် အခုထလုပ်လို့ ရတာတွေ ကို ပြောခဲ့ တာပါ။ ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့၊ ခိုင်မာတဲ့ ပြည်ထောင်စု တပ်မတော်ကို ထူထောင်ဖို့ ဆိုရင်တော့ အခြေခံ ဥပဒေကို ပြင်မှ ရမှာပါ။ အဲဒီလို ပြင်ဖို့ ဆိုတာလဲ ပြည်ထောင်စု တပ်မတော်ကို ပြည်သူတွေက ဘယ်လို မြင်ချင်တယ်၊ ဘယ်လိုပုံစံနဲ့ ရှိစေချင်တယ် ဆိုတဲ့ သဘောထားပေါ် မူတည် ပါတယ်။ ပြည်သူ တဦး၊ တိုင်းရင်းသားတဦး အနေနဲ့ စာရေးသူ မြင်ချင်တဲ့ တပ်မတော် ပုံစံကို ဒီနေရာမှာ တင်ပြသွားမှာပါ။

ပထမဆုံး ပြည်ထောင်စု အစိုးရလက်အောက် က ဗဟိုတပ် အကြောင်းကို ပြောကြည့်ပါမယ်။ ကြည်း၊ ရေ၊ လေ ကာကွယ်ရေး ဦးစီးချုပ် (၃) ယောက် အထက်မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အရပ်သား သမ္မတက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်ရမှာပါ။ (ပုံမှန်အချိန်မျိုးမှာတော့ သမ္မတက စစ်တပ်ကို တိုက်ရိုက် ကိုင်တွယ်မှာ မဟုတ်ပါဘူး၊ အရပ်သား ကာကွယ်ရေးဝန်ကြီးကို လွှဲထားမှာပါ။) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးရယ်လို့တော့ သီးသန့် မရှိရတော့ပါဘူး။ အခြေခံဥပဒေမှာ တပ်ကို အာဏာ သိမ်းခွင့် ပေးမထားရုံမက အခြေခံဥပဒေကို ကျော်ပြီး အလွယ်တကူ အာဏာမသိမ်း နိုင်အောင် တားဆီးဖို့ ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို သီးသန့် မထားတာ ဖြစ်ပါတယ်။ (အိန္ဒိယဆိုရင် ကြည်း၊ ရေ၊ လေ ဦးစီးချုပ် သုံးယောက်ဟာ အရပ်သားဖြစ်တဲ့ ကာကွယ်ရေး ၀န်ကြီး ရှေ့မှောက်က လွဲရင် သာရေးနာရေးကိစ္စ မှာတောင် လူချင်း မဆုံရဘူးလို့ တားမြစ်ထားပါသတဲ့)  နောက်ပြီး (၂၀၀၈) ဥပဒေအရ ယူထားတဲ့ (၂၅) ရာနှုန်း ပြည်သူ့လွှတ်တော်၊ တိုင်း/ပြည်နယ်လွှတ်တော် အမတ် ရာထူးတွေကိုလဲ စွန့်လွှတ်ရမှာပါ။ နိုင်ငံရေးက လုံးဝထွက်ရတဲ့ သဘောပါပဲ။

ပြီးတော့ စီးပွားရေးလုပ်တာကိုလဲ စွန့်ရမှာပါ။ ဒီလို ပြောလို့ ဦးပိုင်ကုမ္ပဏီကြီးကို အစိုးရလှူလိုက် ရမယ်လို့ မဆိုလိုပါဘူး။ ပိုင်ဆိုင်မှုကို မစွန့်ဘဲ အုပ်ချုပ်စီမံမှု (management and execution) အပိုင်း ကိုသာ အစိုးရကို လွှဲလိုက်ရမှာပါ။ တကယ်တော့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာတောင် ပိုင်ဆိုင်မှုနဲ့ စီမံခန့်ခွဲမှုကို ခွဲခြား ထားပါတယ်။ အစုရှယ်ယာပိုင်ဆိုင်သူတွေက ကုမ္ပဏီက ဖြစ်လာတဲ့အမြတ်အစွန်းကို ဝေပုံကျ ခွဲယူရုံ ဖြစ်ပြီး အုပ်ချုပ်ရေး၊စီမံခန့်ခွဲရေးကျတော့ တကယ် စီးပွားရေးကျွမ်းကျင်တဲ့ professional တွေကို CEO (အမှုဆောင် အရာရှိချုပ်) အဖြစ် လခ ကောင်းကောင်းပေးပြီး ခန့်၊ အဲဒီ CEO ကမှ ၀န်ထမ်း တွေ ခန့်ပြီး စီးပွားရေး လုပ်ကြတာပါ။ အခုလဲ ဒီသဘောပါပဲ။  ကိုယ်မကျွမ်းကျင်တဲ့ စီးပွားရေး အလုပ်ကို စစ်သားတွေ ကိုယ်တိုင် လုပ်မယ့်အစား အစိုးရကတဆင့် တကယ်ကျွမ်းကျင်သူတွေကို လခ ကောင်းကောင်း ပေးပြီး လုပ်ခိုင်း၊ အဲဒီက ဖြစ်လာတဲ့ အမြတ်အစွန်းရယ် နိုင်ငံတော်က ချပေးတဲ့ ကာကွယ်ရေးဘတ်ဂျက်ရယ် ပေါင်းပြီးမှ စစ်သည်တွေအတွက် လက်နက်ခဲယမ်း၊ လစာ၊ ရိက္ခာ၊ သက်သာချောင်ချိရေး စသည်ဖြင့် စီစဉ် ရပ်တည် ရမှာပါ။ စစ်အစိုးရခေတ်လို စီးပွားရေး အကွက်အကွင်း ကောင်းတိုင်း နေရာဝင်ယူတာမျိုး ကတော့ ဘယ်ဖြစ်နိုင်တော့မလဲ။ နောက်ထပ် 
စီးပွားရေး အသစ် တိုးချဲ့ခွင့်ကို ရှိတော့မှာ မဟုတ်ပါဘူး၊ တကယ်တမ်းကျတော့ စီးပွားရေးလုပ်တာ စစ်သားအလုပ်မှ မဟုတ်တာကိုး။
နောက်တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ကိစ္စပါ။ သူတို့အတွက်ကျတော့ ဥပဒေ လိုအပ်ချက် (၃) ခုရှိတယ်လို့ မြင်ပါတယ်။ အဲဒါတွေကတော့ . . .

၁။ ဆိုင်ရာ ပြည်နုယ်အစိုးရကို ဒေသခံ ပြည်သူတွေက လွတ်လပ်မျှတတဲ့ရွေးကောက်ပွဲနဲ့ ရွေးချယ် တင်မြှောက်ခွင့်
၂။ ပြည်နယ်အစိုးရနဲ့ ဗဟိုအစိုးရအကြားမှာ ဥပဒေကြောင်းအရ တိကျပြတ်သားတဲ့ အာဏာခွဲဝေမှု
၃။ ပြည်နယ်က ထွက်တဲ့ သယံဇာတနဲ့ ပြည်နယ်တွင်း စီးပွားရေးလုပ်ငန်းတွေကနေ ရလာတဲ့ အခွန် ဘဏ္ဍာကို  ပြည်နယ်နဲ့ ဗဟိုအစိုးရတို့ ခွဲဝေရယူပုံ စံနစ် တို့ ဖြစ်ပါတယ်။ (လက်နက်ကိုင်တပ်တွေ နဲ့ ဆိုင်တာကိုသာ ပြောတာဖြစ်လို့ တိုင်းရင်းသားအခွင့်အရေးကိစ္စလို အခြား အရေးကြီးတဲ့ နိုင်ငံရေး ကိစ္စတွေ မပြောဘဲ ချန်ထားခဲ့ရတာပါ)

အဲဒီဥပဒေကြောင်း လိုအပ်ချက်တွေ ပြည့်စုံပြီ ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဆိုင်ရာ ပြည်နယ် အစိုးရကို သစ္စာခံရမှာ ဖြစ်ပါတယ်။ ဗဟိုအစိုးရမှာလိုပဲ အရပ်သားဖြစ်ပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ ပြည်နယ် ၀န်ကြီးချုပ်က  ပြည်နယ် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ရမှာပါ။ သူက (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့) ပြည်ထောင်စု သမ္မတကို တိုက်ရိုက် သစ္စာခံပြီး  သူ့ပြည်နယ်ထဲက တိုင်းရင်းသားတပ်ဖွဲ့တွေကို သူ့လိုပဲ အရပ်သားဖြစ်တဲ့ ပြည်နယ်ကာကွယ်ရေး ၀န်ကြီးကတဆင့် အုပ်ချုပ် ပါလိမ့်မယ်။

တိုင်းရင်းသားတပ်တွေဟာလဲ ဗဟိုအစိုးရ တပ်လိုပဲ လွှတ်တော်အမတ်ရာထူးတွေကို စွန့်လွှတ်ပြီး နိုင်ငံရေးကထွက်ရမှာပါ။ လက်ရှိ စီးပွားရေးလုပ်ငန်းတွေကိုလဲ ပိုင်ဆိုင်မှုကို မစွန့်ပေမယ့် အုပ်ချုပ်စီမံမှု အပိုင်းကို ပြည်နယ် အစိုးရကို လွှဲအပ်ရပါလိမ့်မယ်။ အဲဒီလုပ်ငန်းတွေက ရရှိတဲ့ အမြတ်အစွန်းရယ်၊ ပြည်နယ်က ချပေးတဲ့ ကာကွယ်ရေး ဘတ်ဂျက်ရယ် ပေါင်းပြီးတော့ တိုင်းရင်းသားတပ်တွေ ရပ်တည်ကြ ရမှာပါ။ နောက်ထပ် စီးပွားရေးအသစ်တိုးချဲ့ခွင့်တော့ မရှိတော့ပါဘူး။ လက်နက်ခဲယမ်း ၀ယ်ယူ မှုကလဲ ပြည်ထောင်စုအစိုးရကတဆင့်သာ ဖြစ်ရပါလိမ့်မယ်။ အခုလို သူခိုးဈေးက ၀ယ်ခွင့် ရှိတော့မှာ မဟုတ်ပါဘူး။

ဒါက လက်နက်ကိုင်တော်လှန်ရေးရှိတဲ့ ပြည်နယ်တွေ အတွက်သာ မဟုတ်ပါဘူး။ ပြည်တွင်းစစ် မရှိတဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စတဲ့  ဒေသတွေက တိုင်းဒေသကြီးအစိုးရတွေကလဲ ကိုယ့် ဘတ်ဂျက် ပေါ် မူတည်ပြီး ဒေသခံတပ်တွေ ဖွဲ့ခွင့် ရှိတာပါပဲ။ တကယ်ကတော့ ဖွဲ့ခွင့်ရှိရုံ မဟုတ်၊ ဥပဒေထုတ်ပြီး တော့ကို ဖွဲ့ခိုင်းရမှာပါ။

အဲဒီ ဒေသခံ ပြည်နယ်တပ်၊ တိုင်းဒေသကြီးတပ်တွေဟာ ပုံမှန်အချိန်မျိုးမှာတော့ ကိုယ့်ဒေသမှာ ကိုယ် နေပြီး လုံခြုံရေးတာဝန်ယူကြရမှာပါ။ ဗဟိုအစိုးရတပ်တွေကတော့ တိုင်းအနှံ့၊ ပြည်နယ်အနှံ့ မှာ နေထိုင် ပြီး နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ယူကြရမှာ ဖြစ်ပါတယ်။
အခုပြောခဲ့တဲ့ အနေအထား ကို ကြည့်မယ် ဆိုရင် ပြည်နယ်တပ်တွေ၊ တိုင်းဒေသကြီးတပ်တွေဟာ ဗဟို အစိုးရစစ်တပ် လက်အောက်မှာ တိုက်ရိုက်ရှိမနေဘူး ဆိုတာ တွေ့ရမှာပါ။ ဒီလို central command (ဗဟိုအုပ်ချုပ်မှု) တခုတည်း အောက်မှာ မရှိတဲ့တပ်တွေ ဒေသတခုတည်းမှာ အတူတူ တာဝန်ထမ်းဆောင် ရရင် ပြဿနာ ဖြစ်မကုန်ဘူးလားလို့ မေးစရာ ရှိပါတယ်။

အဖြေကတော့ ပြဿနာ မဖြစ်အောင် လုပ်ထားရင် ပြဿနာ မဖြစ်ပါဘူး။  အရေးအကြီးဆုံးက သူတို့ရဲ့ လုပ်ငန်း တာဝန်ကို တိတိကျကျ ခွဲခြားထားဖို့ဖြစ်ပါတယ်။ ဥပမာ အမေရိကန်နိုင်ငံမှာ ဆိုရင် သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်တာ၊ ရဲတပ်ဖွဲ့ တောင် မနိုင်လောက်အောင် သူခိုး ဓါးပြ ထကြွနေတာမျိုး ကို နှိမ်နင်းတာ၊ အကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်တာ စတဲ့ အလုပ်တွေဟာ ပြည်နယ်စောင့်တပ်နဲ့သာ သက်ဆိုင်ပါတယ်။ ပြည်တွင်းက နီးစပ်တဲ့ ဥပမာပေးရရင် လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ လိုပါပဲ။ စစ်သားနဲ့ ရဲဆိုတာ တယောက် ချင်း၊ နှစ်ယောက်ချင်း ရန်ဖြစ်ချင် ဖြစ်မယ်။ အုပ်စုလိုက်လဲ ရန်ဖြစ်နိုင်တာပဲ။ ဒါပေမယ့် တပ်မတော်နဲ့ ပြည်သူ့ရဲတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်တယ် ဆိုတာမျိုး ကတော့ မကြားဖူးဘူး။ လုပ်ငန်းတာဝန်ချင်း လုံးဝမတူ ကြလို့ ဖြစ်ပါတယ်။ ခုလဲ ဒီသဘောမျိုး လုပ်ရမှာပါပဲ။

ဒါဆိုရင် ပြည်နယ်တပ်တွေဟာ ကိုယ့်ပြည်နယ်ဆိုင်ရာ လုံခြုံရေးပဲ လုပ်ကြရတော့မှာလား၊ ပြည်ထောင်စုကြီး အန္တရာယ်ကြုံချိန်မှာ မျက်နှာလွှဲခဲပစ် နေကြရတော့မှာလားလို့ မေးစရာ ရှိတယ်။ မဟုတ်ပါဘူး။ အရေးကြုံရင် ပြည်ထောင်စုကာကွယ်ရေး တာဝန်ကိုလဲ ထမ်းဆောင်ကြရမှာပါပဲ။ ဒါပေမယ့် ပြည်နယ်တပ်တွေ သစ္စာခံတာက ပြည်နယ် ကာကွယ်ရေးဦးစီးချုပ် ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်ပြီး သူကမှ ပြည်ထောင်စုကာကွယ်ရေး ဦးစီးချုပ် ဖြစ်တဲ့ ပြည်ထောင်စုသမ္မတကို တိုက်ရိုက် သစ္စာခံတာ ဖြစ်တဲ့အတွက် ပြည်နယ်တပ်တွေ ပြည်ထောင်စုအဆင့်တာဝန်ကို ထမ်းရမယ်ဆိုရင် သမ္မတက တိုက်ရိုက် အမိန့် ထုတ်ပြီး ဆင့်ခေါ်ရပါလိမ့်မယ်၊ တိုင်းမှူး တပ်မမှူးအဆင့်လောက်နဲ့ ဆင့်ခေါ်လို့ မရ ပါဘူး။ သမ္မတက ဆင့်ခေါ်တဲ့နေရာမှာလဲ ဘယ်လိုအခြေအနေမျိုးမှာ ဆင့်ခေါ်လို့ရတယ်ဆိုတာကို ဥပဒေ စည်းကမ်းတွေ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ထားရမှာပါ။ (ဒါလဲ အမေရိကန်နိုင်ငံကို အတုယူတာပါပဲ)
နောက်တခု။  ပြည်နယ်တခုရဲ့ နယ်စပ်မှာ မငြိမ်မသက် ဖြစ်လို့ စစ်ပြင်ရတဲ့ အချိန်မျိုး၊  နိုင်ငံခြားကတပ်တွေနဲ့ အခြေအနေတင်းမာပြီး ပစ်ခတ်မှုတွေ ဖြစ်ပွားနေတဲ့ အချိန်မျိုးမှာ သမ္မတရဲ့ ဆင့်ခေါ်ချက်ကို နာခံပြီး  ပြည်နယ်တပ်တွေက ဗဟိုအစိုးရတပ်နဲ့ အတူတူ တာဝန်ထမ်းကြပြီ ဆိုပါတော့။ အဲဒီအချိန်မျိုးမှာ တပ်တွေကို တာဝန်ယူ အမိန့်ပေးရမယ့် စစ်သူကြီး (commander) ဟာ တစ်ယောက် တည်း ဖြစ်ရပါတယ်။  နှစ်ယောက် ရှိနေရင် တယောက်တပေါက် အမိန့်ထုတ်နေတာနဲ့ အကုန် အချိတ် အဆက်လွဲပြီး ဒုက္ခ ရောက်ကုန်မှာကိုး။ အဲဒီ အခြေအနေမျိုးမှာ စစ်သူကြီးကို ဘယ်လို ရွေးမလဲ ဆိုတဲ့ ကိစ္စကို စဉ်းစားရပါမယ်။ ဒီကိစ္စမျိုးမှာ နိုင်ငံတကာထုံးစံကတော့ စစ်တပ် အင်အား များများ ပေးနိုင်တဲ့ ဖက်က စစ်သူကြီး ဖြစ်လေ့ ရှိပါတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်တုံးက နော်မန်ဒီ ကမ်းခြေတက် တိုက်ပွဲကို ကြည့်ပါ။ 
အဲဒီတိုက်ပွဲမှာ အင်္ဂလိပ် တပ်ရော၊ အမေရိကန်တပ်တွေပါ မဟာမိတ် တွေအနေနဲ့ ပါတယ်။ အင်္ဂလိပ် ဖက်က ဗိုလ်ချုပ်ကြီး မောင်ဂိုမာရီ (Gen. Montgomery) ဟာ တကယ့် ၀ါရင့်ဗိုလ်ချုပ်ကြီးပါ။ ဒါပေမယ့် တိုက်ပွဲဝင် တပ်အင်အား ကျတော့ အမေရိကန်တပ်တွေက များနေတဲ့ အတွက် မောင်ဂိုမာရီ လောက် အတွေ့အကြုံမရင့်တဲ့ အမေရိကန် ဗိုလ်ချုပ်ကြီး အိုင်စင်ဟောင်ဝါ (Gen. Eisenhower) က စစ်သူကြီး အနေနဲ့ ခေါင်းဆောင်ရသူ ဖြစ်သွား ခဲ့ပါတယ်။ ခုလဲ ဒီသဘောမျိုး ကျင့်သုံး ရမှာပဲ။ ဒါပေမယ့် တပ် အင်အား နည်းတဲ့ဖက်မှာ တကယ် တော်တဲ့ စစ်ခေါင်းဆောင် ရှိလို့ သူ့ကိုပဲ ဗဟိုကရော၊ ပြည်နယ် ကပါ ရွေးချင်သပ ဆိုလဲ ရတာပါပဲ။

ဒီနေရာမှာ မေးစရာရှိတာက “တိုင်းပြည်တခုမှာ တပ်မတော်တစ်ခုတည်းရှိရတယ် မဟုတ်ဘူးလား” 
ဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ နိုင်ငံတိုင်းမဟုတ်ပါဘူး။ စာရေးသူ တင်ပြခဲ့တာ ဆိုရင် အမေရိကန်နိုင်ငံမှာ လက်တွေ့ကျင့်သုံးနေတဲ့ ပုံစံပါ။ (အသေးစိတ်ကို http://en.wikipedia.org/wiki/National_Guard_of_the_United_States မှာကြည့်နိုင်ပါတယ်) ဘာလို့ ဒီပုံစံကိုမှ အတုယူရမလဲလို့ မေးစရာရှိတယ်။ အရင် ပါလီမန် ဒီမိုကရေစီခေတ် (၁၉၆၂) တုံးက ဖက်ဒရယ် စံနစ် လုပ်ဖို့ လွှတ်တော်ထဲ ဆွေးနွေးနေတုံး စစ်တပ်က အာဏာသိမ်းခဲ့တာ တိုင်းရင်းသားတွေ မမေ့ကြ သေးဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ပြီ: အားလုံး အခြေတကျဖြစ်လို့ တိုင်းရင်းသားတပ်တွေ လက်နက်ချပြီးကာမှ စစ်တပ်က ထပ်ပြီး အာဏာသိမ်းခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတဲ့ သံသယဟာ တိုင်းရင်းသားတွေမှာ ရှိနေဆဲ ဖြစ်တယ်။ ဒါကြောင့် တိုင်းရင်းသားတပ်တွေကို လက်နက်ချခိုင်းဖို့ (ဒါမှမဟုတ်) တပ်မတော်လက်အောက်မှာ နယ်ခြားစောင့်တပ်အနေနဲ့ နေခိုင်းဖို့ ဆိုတာ လက်တွေ့အားဖြင့်  မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ အမေရိကန်စံနစ်ကို အကြံပေးရတာ ဖြစ်ပါတယ်။
အခုပြောခဲ့တာဟာ စာရေးသူအနေနဲ့ ပုံဖေါ်ကြည့်မိတဲ့ ပြည်ထောင်စုတပ်မတော် အနေအထားပါ၊ ဝေဖန်ဖို့နဲ့ ဆင်ခြင်ကြည့်ကြဖို့ပါ။

နောက်ဆက်တွဲ။        ။ စာရေးသူ တင်ပြခဲ့တာနဲ့ မတူခြားနားတဲ့ အဆိုပြုချက်တွေကိုလဲ အင်တာနက် မှာ တွေ့ရပါတယ်။
အချို့က ဖက်ဒရယ်ပြည်ထောင်စုရယ်လို့ ဖြစ်လာပြီး ပြည်ပရန်စွယ်လဲမရှိ ငြိမ်းချမ်းတဲ့ အချိန်မျိုး ဆိုရင် ပြည်နယ် ကာကွယ်ရေးဟာ ဆိုင်ရာ ပြည်နယ်တပ်နဲ့တင် လုံလောက်တာ ဖြစ်တဲ့အတွက် ဗဟို အစိုးရ တပ်တွေ ပြည်နယ်ထဲ လာပြီး တပ်စွဲထားဖို့ မသင့်ဘူး၊ ပြည်မမှာပဲ နေသင့်တယ်လို့ ယူဆ ကြပါတယ်။ ဒီအယူအဆဟာ သဘာဝ မကျပါဘူး။ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်တဲ့ အမေရိကန် နိုင်ငံထဲက ပြည်နယ်အားလုံးလိုလိုမှာ ဗဟိုအစိုးရတပ် (Federal forces) တွေ တပ်စွဲထားတာပါပဲ၊ အဲဒဲီလို တပ်စွဲ ထားလို့ ဖက်ဒရယ်မူ ပျက်မသွားပါဘူး။ နောက်ပြီး “ငါတို့ နယ်မြေထဲမှာ ငါတို့တပ်ပဲ ရှိရမယ်၊ တခြား တပ်တွေ မနေနဲ့” ဆိုတဲ့ စကားမျိုးကို လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်စိုးတဲ့ နိုင်ငံ (sovereign state) တခုကသာ ပြောပိုင်တယ်၊ ပြောခွင့် ရှိတယ်။ 

ဖက်ဒရယ် ပြည်ထောင်စုတခုရဲ့ ပြည်နယ်က ပြောတယ် ဆိုရင်တော့ ပြည်ထောင်စုရဲ့ အချုပ်အချာ အာဏာကို ထိပါးခြိမ်းခြောက်ရာ ရောက်လို့ ဘယ် ပြည်ထောင်စုအစိုးရမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို မဖြစ်မနေသွားမယ် ဆိုရင်တော့ ပြည်တွင်းစစ် အဓွန့်ရှည်ဖို့သာ ရှိပါတယ်။
နောက် တချို့ကတော့ ပြည်ထောင်စု တပ်မတော်ဆိုတာ ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တွေက အချိုးကျ ပို့လွှတ်တဲ့ တပ်တွေ ပေါင်းထားတဲ့ တပ်ပေါင်းစုသာ ဖြစ်သင့်တယ် လို့ ဆိုကြတယ်။ သူတို့ မူအရ သက်ဆိုင်ရာ တိုင်းတပ်၊ ပြည်နယ်တပ်တွေ ဖယ်လိုက်ရင် ဗဟိုအစိုးရ လက်အောက်မှာ  နေပြည်တော် စစ်ရုံးချုပ်ပဲ ကျန်ရမယ့် သဘောဖြစ်ပါတယ်။ ဒါလဲ မသင့်တော်ပါဘူး။ ဖက်ဒရယ်စံနစ်မှာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရဆိုတာ ရန်ဖြစ်လိုက်၊ ပြန်တဲ့လိုက်နဲ့ “လင်နဲ့မယား လျှာနဲ့သွား” ဆိုသလို နေကြရတာပါ။ ဗဟို အစိုးရမှာ စစ်တပ် မရှိဘူးဆိုရင် ထစ်ကနဲ တခုခု အဆင်မပြေ ဖြစ်လိုက်တာနဲ့ ပြည်နယ်အစိုးရတွေက ပြည်နယ်ပိုင် စစ်တပ်ကို အားကိုးပြီး အလွယ်တကူ လွတ်လပ်ရေး ကြေညာ နိုင်အောင် လမ်းခင်းပေးထား သလို ဖြစ်နေတယ်။ ဒီ အခြေအနေမျိုးကို ဘယ်ပြည်ထောင်စု အစိုးရကမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ဒီလမ်းကို သွားရမှ ဖြစ်မယ်ဆိုရင်လဲ ပြည်တွင်းစစ်ဟာ “မငြိမ်းသောမီး” ဖြစ်နေဦးမှာပဲ။

တိုင်းရင်းသား တစ်ဦး
(စာရေးသူသည် ပါရဂူဘွဲ့အတွက် ပညာသင်နေသူ တစ်ဦးဖြစ်သည်။)

1 comment:

  1. I do not agree with you. Your idea is the same with Bamar government. If ethnic arms groups transform as BGF, they will be gone away. Your presentaion of federal is not so different with Colony.

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။