Wednesday, January 9, 2013

KIA တပ်ရင်း (၂၄) စခန်းကို သိမ်းပိုက်ရန် စစ်ဆင်

(ရွှေဟင်္သာသတင်းဌာန)


အစိုးရ အထူး တပ်ဖွဲ့များသည် ယနေ့ မနက် (၁၀) နာရီမှ စတင်ပြီး၊ လက်နက်ကြီးများနှင့် ဖွန်းပျဉ်ဘွမ် ရှိ KIA တပ်ရင်း (၂၄) စခန်းကို သိမ်းပိုက်ရန် စတင် ထိုးစစ်ဆင်နေပြီး ဖြစ်သည်ဟု အဆိုပါ ရှေ့တန်း စခန်းရှိ စစ်မြေပြင် တိုက်ပွဲကြား၌ ကြီးကြပ် နေသော KIA ရှေ့တန်း အရာရှိ တဦးက ပြောပါသည်။  

“ မနက် (၁၀) နာရီ တိတိမှာ လက်နက်ကြီးနဲ့ ပွိုင့် (၇၇၁) ကနေ တိုက်ပွဲ စတင် လိုက်တာပါ။ တချိန်ထဲမှာ ခန်ကိုင်းတောင် ကနေ (၁၀၅) မမတွေ တပါတည်း ပစ်တယ်။ ခါတိုင်း နည်းကို သုံးတာပါဘဲ။ လက်နက်ကြီးတွေ နဲ့ တအား ပစ်နေပြီး။ တလစပ်ဘဲ။ မြေပြင် ထိုးစစ်ကတော့ ပြသနာ မရှိပါဘူး။ ဘယ်အချိန်မှာ လေယာဉ်လာမလဲတော့ မပြောတတ်သေး ဘူး။” ဟု ဆိုပါသည်။

http://www.facebook.com/photo.php?v=408739832539555&set=vb.100002106266061&type=2&theater

KIA တပ်ရင်း (၂၄) စခန်းကို (၄) ရက်မြောက်နေ့ အဖြစ် တိုက်ခိုက် နေခြင်း ဖြစ်ပါသည်။ ယမာန်နေ့ ညနေ (၃) နာရီခန့်တွင်၊ တပ်ရင်း (၂၄) ၏ ရှေ့ကာကင်း စခန်းတခုကို အစိုးရ တပ်မှ သိမ်းပိုက် နိုင်ခဲ့ပါသည်။ ယခု ထိုးစစ်ဆင်နေသော တပ်ဖွဲ့များ သည်၊ အထူး တပ်များ အပါဝင် စကခ (၂၁) လက်အောက်ခံ၊ ခလရ (၄၀)နှင့် ခမရ (၃၈၂) တပ်ဖွဲ့များ ဖြစ်ပြီး အင်အား (၃၀၀) ကျော်ခန့် ရှိသည်ဟု ဆိုပါသည်။ 

အစိုးရ တပ်များသည် လေကြောင်း အကူအညီဖြင့် Bum Re Bum တောင်တန်း၌ ရှိသော KIA တပ်ရင်း (၂၃) စခန်းဖြစ်သည့် ပွိုင့် (၇၇၁) ကို ပြီးခဲ့သည့် ဒီဇင်ဘာ (၃၀) ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပါသည်။ ဤစခန်း သည် လိုင်ဇာ စစ်ဆင်ရေးအတွက် 
အရေးကြီးသည့် တောင်ကုန်းဖြစ်ပါ သည်။ တချိန်ထဲ၌ လေကြောင်းများ သုံးပြီး စစ်ကူ အင်အားဖြည့်တင်း ကာဖွန်းပျဉ်ဘွမ်တောင်ရှိ KIA တပ်ရင်း (၂၄) စခန်းကို (၄) ရက်မြောက် စစ်ဆင်နေခဲ့ပါသည်။
 အထိအခိုက် အကျဆုံးများသောကြောင့် မြေပြင် စစ်ကူများ တောင်းဆို သော်လည်း KIA နှင့် ကျောင်းသား တပ်မတော်တို့၏ ကြားဖြတ် တိုက် ခိုက် မှုကြောင့် ထိရောက်စွာ အကူအညီ မပေးနိုင်သည့်အတွက် လေ ကြောင်း စစ်ကူဖြင့် လူအင်အား၊ ရိက္ခာနှင့် လက်နက် ခဲယမ်းမီးကျောက် ကို ဖြည့်ဆည်းခဲ့ပါသည်။ ဤအင်အားဖြင့် KIA တပ်ရင်း (၂၄) စခန်းကို ဆက်လက် စစ်ဆင်နေခြင်း ဖြစ်ပါသည်။ 

လဂျားယန် လမ်းကြောင်း၌မူ ယနေ့မနက် (၁၀) နာရီခွဲအထိ KIA စခန်း ကို တိုက်ခိုက်ခြင်း မရှိသေးပေ။ ယမန်နေ့တုန်း ကမူ လက်နက် ကြီးများ ဖြင့် မိုးရွာသလို ပစ်ခတ်ခဲ့ပြီး စစ်ကူများ တက်လာ စေသော်လည်း KIA တို့၏ ချေမှုန်းခြင်းကို ခံခဲ့ ရပါသည်။ 

ဤစစ်မျက်နှာ၌ အစိုးရ တပ်ဖွဲ့များ အထိနာ သော်လည်း ဤနေရာ၌ ရှိနေ သော KIA တပ်များကို အစိုးရက အဓိကစစ် ဆင်နေသော ၄င်းတို့၏ တပ် ရင်း (၂၃)၊ တပ်ရင်း(၂၄) ဖက်သို့ အကူအညီ မပေးနိုင်ရန် ထိမ်းထား သည့် သဘောလည်း ဆောင်နေကြောင်း အကဲခတ်များက ဆိုပါသည်။ 

အစိုးရ တပ်များသည် ဗန်းမော်-လိုင်ဇာလမ်းကြောင်းကို အဓိက အင်အား သုံးပြီး စစ်ဆင်နေသော်လည်း၊ မြစ်ကြီးနား-လိုင်ဇာ လမ်းကြောင်းနှင့် ရှဒန်ပါ-လိုင်ဇာ လမ်းကြောင်းမှာလည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု KIA အရာရှိများက ပြောပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။