Friday, January 4, 2013

ထိုးစစ်ဆင်မှုများရှိနေသော်လည်း KIA တပ်ရင်း (၆) တွင် စစ်သင်တန်းဆင်းပွဲထူးခြားစွာပြုလုပ်


ဇန်န၀ါရီ (၄) သောကြာ
  (Jinghpawkasa)


KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) တွင် (၂) လခွဲကြာ ပြုလုပ်ခဲ့သော စစ်သင်တန်း ကျောင်းဆင်းပွဲ (၃/၂၀၁၂)  ပြုလုပ်ခဲ့ ကြောင်း သတင်း ရှိရပါသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘလ (၂၀) ရက် နေ့ တွင် စတင်ခဲ့ပြီး ဇန်န၀ါရီ ၃ ရက်နေ့တွင် သင်တန်းသား ၃၀၉ ယောက် ဖြင့် သင်တန်းဆင်းခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းသားအများစုမှာ ကချင်လူငယ်များဖြစ်ကြပြီး ရခိုင် ၃၃ ဦး၊ ချင်း ၁ ဦး၊ ရှမ်း ၄ ဦး၊ ပလောင် ၂ ဦးပါဝင်ကြောင်း သင်တန်းတာဝန်ခံ က ရှင်းပြပါသည်။ ယခုသင်တန်းသည် တပ်ရင်း (၆) တွင်ပြုလုပ်သော ၁၂ ကြိမ်မြောက်သင်တန်းဖြစ်ပြီး ဆက်လက်၍ ပြုလုပ်သွားရန် အစီအစဉ်ရှိ ကြောင်း၊  သင်တန်းအစတွင် သင်တန်းသားများအား ၁၀ ရက်ခန့် သမ္မာ ကျမ်းစာနှင့် ဧ၀ံဂေလိတရားများကို ဦးစွာသင်ကြားပြီးနောက် အခြေခံ စစ်ပညာနှင့် စစ်ဗျူဟာများကို စာတွေ့လက်တွေ့သင်ယူစေကြောင်း တာဝန်ခံကဆက်ရှင်းပြပါသည်။

ဤသင်တန်းဆင်းပွဲသည် ယခင်နှင့် မတူ တမူထူးခြားစွာ စစ်ရေးပြ အခမ်းအနားဖြင့် စတင်ခဲ့ပြီး၊ တပ်ရင်း(၆) တပ်ရင်းမှူး အင်ခွန်ဇော်ဒွဲမှ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ပ့ါသည်။ စစ်ဘင်ခရာသံစုံတီးဝိုင်း၏ မြူးကြွသော တေးသံများ၊ တက်ကြွနေသောသင်တန်းသားများနှင့် ပိတိ ဝေဖြာနေသော မိဘပြည်သူများ ၏ အပြုံးမျက်နှာများသည် သင်တန်း ဆင်းပွဲအားအသက်သွင်းလျက်ရှိပါသည်။
“ဘုရားသခင်သာ အောင်နိုင် ခြင်း ရဲ့အရှင်…”
“ မင်းတို့ အိမ်ရှင်လား၊ ဧည့်သည်လား….”  
“အိမ်ရှင်ပါ….”  
“ အိမ်ရှင်ဆိုရင် အိမ်ရှင်စိတ်ဓါတ်မွေးရမယ်… ဧည့်သည်စိတ်ဓါတ်ကို ဖျောက်ရမယ်…”
“ လူမျိုးကိုတိုက်နေတာမဟုတ်ဘူး… မူကို မကြိုက်လို့တိုက်နေတာ..”  

စသည့် မိန့်ခွန်းသံများသည် သင်တန်းဆင်းပွဲအားပို၍ အသက်ဝင်စေ ပါသည်။ သင်တန်းဆင်းပွဲအား နေ့လည် ၁၂ နာရီခွဲခန့်တွင် အဆုံး သတ်ခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များအား နေ့လည် စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။




No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။