Tuesday, January 22, 2013

ဦးရဲထွတ်၏ပြောကြားချက်သည် မဟုတ်မှန်ဟု KIA ပြောကြား


ရွှေဟင်္သာသတင်းဌာန ၊ ဇန္နာဝါရီလ (၂၁) ရက်နေ့

ကချင်ပြည်နယ်၊ ဖါးကန့်မြို့နယ် ကာမိုင်းရဲစခန်းအား KIA တပ်မဟာ (၂) မှ တပ်ရင်း(၆)တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု သမ္မတ၏ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွတ်၏ပြောကြားချက်သည် မဟုတ်မှန်ကြောင်း တပ်ရင်း (၆) တပ်ရင်းမှူး ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ဇော်တွဲက ငြင်းဆိုခဲ့ပါသည်။

“ ကျနော်ရဲ့လက်အောက်က တပ်ဖွဲ့တွေကိုတော့ အမိန့်ပေးထားတာ မရှိပါဘူး ကာမိုင်းရဲစခန်းကို ၀င်တိုက်တာ။ ကျနော်တို့ကတော့ လောလောဆယ် တိုက်ခိုက်မှုတွေ ရပ်ထားပါလို့ အထက်က အမိန့်ပေးထားတော့ ကျနော်တို့ မတိုက်သေး ပါဘူး။ စောင့်ကြည့်နေတယ်။ အခုလည်း အစိုးရရဲ့ တပ်ဖွဲ့နဲ့ တဖါလုံ အကွာမှာဘဲ ကျနော်တို့ရှိပါတယ်။ မတိုက်သေးပါ ဘူး” ဟု ဆိုပါသည်။

ဦးရဲထွတ်သည် DVB အင်တာဗျူးတခုတွင် ၄င်းတို့သည် KIA အပေါ်အပစ်ရပ်ကြောင်း (၁၉) ရက်နေ့တွင်သတင်းထုတ် ပြန်ပြီးနောက် အပစ်ရပ်နေခဲ့ကြောင်း၊ ဤအချိန်မျိုး၌ KIA တပ်ရင်း (၆) မှ ကားမိုင်း ရဲစခန်းကို လာတိုက်ခဲ့သဖြင့်တန်ပြန် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

https://soundcloud.com/dvbradio/interveiew-u-ye-htut-21012012

အစိုးရ၏ အမှတ်(၇)စစ်ဆင်ရေး ကွပ်ကဲမှုစစ်ဌာနချုပ် (စကခ - ၇) ကယားပြည်) မှ ခမရ (၄၂၄)၊ (၄၂၅) (၄၂၆) တပ် ရင်း (၃) ရင်းသည် KIA တပ်မဟာ(၂) ၏ တပ်ရင်း (၆) စခန်းမှ တပ်ခွဲ (၃) စခန်း (၂) ခုဖြစ်သည့် ကံစီနှင့် ဆိုင်းရာ စခန်း များအား ပြီးခဲ့သည့်အပတ်က သိမ်းဆည်းခဲ့ပါသည်။

ယခုလည်းအစိုးရ စကခ (၇) တပ်ဖွဲ့များသည် KIA တပ်ရင်း (၆) တပ်ဖွဲ့အားစစ်ဆင်ရန် တဖါလုံအကွာ၌ ရှိနေကြသည်ဟု တပ်ရင်း (၆) တပ်ရင်းမှူးကဆိုပါသည်။ ထို့အပြင် စစ်ဆင်ရန် လိုအပ်သော စစ်ပစ္စည်း များကို ရဟတ် ၂စင်းဖြင့် ယနေ့နေ့ လည်ပိုင်းတွင် ထပ်မံ ပို့ပေးခဲ့သည်ဟု ဆိုပါသည်။

ဦးရဲထွတ်ပြောတာက ဟိုးအရင်တုန်းကကိစ္စကို ထင်ယောင်ထင်းမှားဖြစ် အောင် ပြောတာလားတော့ မပြောတတ်ဘူး။ အစိုးရ ပြောရေးဆိုခွင့်ရှိတဲ့ လူတွေက ခြေအနေမဲ့လိမ်ပြောတတ်ပါတယ်။” ဟု စစ်ရေးအကဲခတ် တဦးက ပြောပါ သည်။

အစိုးရသည် လဂျာယန်စစ်ဆင်ရေးကို ရပ်စဲရန်ကြေညာချက် ထုတ်ပြီး ဖြစ်သော်လည်း KIA အားဆက်လက် စစ်ဆင် နေဆဲဖြစ်သည်ဟု KIA ဖက်ကဆိုနေပါသည်။ ဤသို့ကြောင့် KIA တပ်မဟာ (၂) မှ တပ်ရင်း (၆) ကလည်း အစိုးရတပ် ဖွဲ့များ၏ တုန့်ပြန်အခြေအနေအပေါ်မူတည်ပြီး ဆုံးဖြတ်ရန် စောင့်ကြည့်နေကြပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။